ဓမ္မအမှုတွင် စိတ်ရှည်၍စေ့ငလော့
၁ သတင်းကောင်းဟောရာတွင် စိတ်ရှည်၍စေ့ငစွာပြုလုပ်ရန် တမန်တော်ပေါလုသည် ယေဟောဝါရှေ့တာဝန်သိသိဆောင်ရွက်ခဲ့သည်။ ဧဖက်မှအကြီးအကဲများအား ဤသို့စိတ်ချလက်ချပြောခဲ့သည်။ “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော သတင်းကောင်းကိုသက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည်အကြောင်း . . . ကိုယ်အသက်ကိုနှမြောခြင်းမရှိ။” (တ၊ ၂၀:၁၄) ကျွန်ုပ်တို့လည်းထပ်တူပြုကြဖို့လိုအပ်ကြောင်း သိရှိထားပြီလော။—၁ ကော၊ ၉:၁၆။
ကြိမ်ဖန်များစွာ အမှုဆောင်သောရပ်ကွက်တွင်
၂ ကျွန်ုပ်တို့အမှုဆောင်ရာရပ်ကွက်သည် ကြိမ်ဖန်များစွာအမှုဆောင်ထားပြီဆိုလျှင် စိတ်ရှည်ဖို့လိုပါသည်။ ရပ်ကွက်နည်းသော်လည်း ထပ်ခါတလဲပြန်သွားရန် တိုက်တွန်းခံရသင့်သည်။ အိမ်အသီးသီးရှိသူတိုင်းအားသက်သေခံခွင့်ရရန် ကြိုးစားပါလေ။ ဘုရားသခင့်နိုင်ငံတော်၏ကျမ်းစာအခြေခံသောမျှော်လင့်ချက်ကို စိတ်ရင်းမှန်သူများ တန်ဖိုးထားလေးစားတတ်လာရန် တဖြည်းဖြည်းကြိုးစားကူညီပေးပါ။
၃ ရပ်ကွက်တစ်ခုတွင် ကြိမ်ဖန်များစွာအမှုဆောင်ခဲ့ပြီဆိုလျှင် စိတ်ရှည်ခြင်း၏အခြားအကျိုးတစ်ခုကား အိမ်ရှင်များကို သိကျွမ်းလာခြင်းဖြစ်သည်။ သို့ဖြင့် တံခါးဖွင့်ပေးရန် သူတို့စိုးရိမ်နေတော့မည်မဟုတ်ပါ။ ကြိမ်ဖန်များစွာအမှုဆောင်သည့်ရပ်ကွက်တွင် နိဒါန်းများပြုပြင်ပြောင်းလဲအသုံးပြုနိုင်ရန် Reasoning စာအုပ်တွင် အကြံဉာဏ်ကောင်းများစွာရှိသည်။—Reasoning စာမျက်နှာ ၉-၁၅ ကိုရှု။
၄ စိတ်ဝင်စားမှုအနည်းငယ်တင်ပြသော်လည်း စာပေများကိုမူလက်မခံသောသူတို့နှင့် ကြုံတွေ့ဖူးမည်။ မည်သို့တုံ့ပြန်သင့်သနည်း။ ထိုစိတ်ဝင်စားမှုကို တိုးများလာစေရန် စေ့ငလိုစိတ်က ဇွဲရှိရန်တိုက်တွန်းပေးပါလိမ့်မည်။ သူတို့နှလုံးထဲရှိမျိုးစေ့ကို ပျိုးထောင်ပေးခြင်းဖြင့် တစ်နေ့သောအခါ ကျမ်းစာသင်အံမှုလက်ခံရန် လှုံ့ဆော်ပေးပေမည်။ ညီအစ်ကိုတစ်ဦးသည် စိတ်ဝင်စားသူတစ်ဦးထံ စာပေမဝေငှဘဲ ငါးပတ်ဆက်တိုက်ပြန်လည်ပတ်ခဲ့သည်။ ခြောက်ကြိမ်မြောက်ပြန်လည်ပတ်ချိန်တွင် အိမ်ရှင်သည် စာပေများလက်ခံယူ၍ နောက်ဆုံးသူနှင့်သင်အံမှုစနိုင်ခဲ့သည်။
ဘရိုရှာများဝေငှခြင်း
၅ ဇူလိုင်နှင့်သြဂုတ်လများတွင် အပြန်အလှန်စကားအတွက်အကြောင်းအရာမှာ “ကမ္ဘာသစ်—မည်သူအားဖြင့်နည်း” ဖြစ်မည်။ ကမ္ဘာသားဘဝ ထာဝရစံစားကြ၊ “ကြည့်ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ Should You Believe in the Trinity၊ ထာဝစဉ်တည်တံ့သွားမည့် နာမတော်မြတ်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ ဘရိုရှာများကိုဝေငှရာတွင် အဆိုပါအပြန်အလှန်စကားအတွက်အကြောင်းအရာကို ပြုပြင်ပြောင်းလဲအသုံးပြုရန် လွယ်ကူပါလိမ့်မည်။ ဤဘရိုရှာများကို ကောင်းစွာသိထားရန်အချိန်ယူလေ့လာထားမည်ဆိုလျှင် အပြန်အလှန်စကားအတွက်အကြောင်းအရာနှင့်တွဲအသုံးပြုရန် စကားပြောကောင်းသည့်အချက်များကို တွေ့ရှိပါလိမ့်မည်။
၆ ဥပမာ၊ ဤသို့မိတ်ဆက်ပြီးပြောဆိုနိုင်သည်။ “ကမ္ဘာ့ငြိမ်းချမ်းရေးပေးမည်ဟု လူ့ကတိပြုချက်များကို သင်မည်သို့ယူဆသနည်း။ [တုံ့ပြန်ရန်ခွင့်ပြု] ဤကိစ္စနှင့်ပတ်သက်၍ လူ့စွမ်းရည်တို့အကြောင်း ကျမ်းစာမည်သို့ဆိုသည်ကိုသတိပြုပါ။ [ယေ၊ ၁၀:၂၃ ကိုဖတ်] အမှန်မှာ လူသည် ကိုယ်ကိုယ်ကိုအစိုးမရနိုင်ကြောင်း နှစ်ရာစုတစ်လျှောက်သက်သေထူခဲ့ပြီ။ သို့ရာတွင် ဘုရားသခင်၏စိတ်ချရသောကတိတော်ကို သတိပြုပါ။ [၂ ပေ၊ ၃:၁၃ ကိုဖတ်] ထိုကြောင့် ကမ္ဘာသစ်ဆိုင်ရာ ဘုရားသခင့်ကတိတော်သည် အမှန်တည်ရမည်။” ထိုနောက် ဘရိုရှာတစ်စောင်ကိုဖတ်ရှုရန် အိမ်ရှင်အားတိုက်တွန်းပေးနိုင်သည်။ “ကြည့်ရှုလော့” ဘရိုရှာကို ကျွန်ုပ်တို့အသုံးပြုနေမည်ဆိုလျှင် စာမျက်နှာ ၃၀ အပိုဒ် ၅၈ ပါအချက်ကို အိမ်ရှင်အားဂရုပြုစေနိုင်သည်။ ဘုရားသခင့်အစိုးရ ဘရိုရှာကိုဝေငှသောအခါ စာမျက်နှာ ၃ ၏ပထမအပိုဒ်ပါအချက်ကို ပေါ်လွင်စေနိုင်သည်။ ကမ္ဘာသားဘဝ ဘရိုရှာ၏မျက်နှာဖုံးရုပ်ပုံသည် နှစ်လိုဖွယ်ဖြစ်ပြီး အပြန်အလှန်စကားအတွက်အကြောင်းအရာနှင့်ကိုက်ညီပါသည်။ ထို့ပြင် နာမတော်မြတ် ဘရိုရှာ၏ စာမျက်နှာ ၃၁ ပါတတိယအပိုဒ်ကိုအသုံးပြုနိုင်ပါသည်။
၇ ကျွန်ုပ်တို့ရပ်ကွက်တွင် သတင်းကောင်းပျံ့နှံ့ရန် စိတ်ရှည်ရှည်နှင့်စေ့ငစွာအမှုဆောင်ပါက သတင်းတရားနားထောင်သူများအတွက် ကယ်တင်ခြင်းအကျိုးကျေးဇူးရရှိစေသည်။ (၁ တိ၊ ၄:၁၆) အချိန်အလျင်အမြန်ကုန်နေသည်။ ထိုကြောင့် ဤကယ်တင်ခြင်းသတင်းကိုဟောပြောရာတွင် အပြည့်အဝပါဝင်စဉ် စိတ်ရှည်မှုဖြင့် စေ့ငစွာသက်သေခံကြစို့လေ။