လယ်ကွင်းဓမ္မအမှုတွင်စိုးလ်အပြည့်ရှိလေ
အပိုင်း ၁။ ယေဟောဝါကို တန်ဖိုးထားလေးမြတ်ခြင်း၏အကျိုး
၁ ဓမ္မအမှုတွင် စိုးလ်အပြည့်ရှိခြင်းကား ကျွန်ုပ်တို့အတွက် ယေဟောဝါပြုတော်မူသမျှကိုအမှန်ကျေးဇူးတင်တန်ဖိုးထားခြင်းမှ ဖြစ်ပေါ်လာပါသည်။ (၂ ရာ၊ ၂၂:၂၊ ၃) ဘုရားသခင်နှင့်အဆက်ပြတ်သော လောကီသားအပေါင်း၏ ဝမ်းနည်းဖွယ်အခြေအနေကို ကိုယ်ချင်းစာနာစိတ်ကလည်း လုပ်ငန်းတော်တွင်ကြိုးစားအားထုတ်ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းပေးသင့်သည်။ (မ၊ ၉:၃၆။ ၂ ကော၊ ၅:၁၄၊ ၁၅) ယေဟောဝါကိုကျွန်ုပ်တို့မြတ်နိုးလေ လူတို့အတွက်စိုးရိမ်လေဖြစ်ပြီး လယ်ကွင်းလုပ်ငန်း၌ အားတက်သရောပါဝင်ရန် လှုံ့ဆော်မှုခံရလေဖြစ်မည်။ (မ၊ ၂၂:၃၇-၃၉) ထိုအခါ ကျွန်ုပ်တို့၏ဓမ္မအမှုသည် ကြီးစွာတန်ဖိုးထားသောဘဏ္ဍာဖြစ်လာပေမည်။ (၂ ကော၊ ၄:၇) သို့သော် ဓမ္မအမှုကိုတန်ဖိုးထားလေးမြတ်မှုကို မည်သို့မွေးမြူနိုင်မည်နည်း။
လေးမြတ်မှုတည်ဆောက်ရန် သော့ချက်များ
၂ ကိုယ်ပိုင်နှင့်အသင်းတော်လိုက် ကျမ်းစာလေ့လာမှုနှင့်အတူ ဆုပတ္ထနာပြုပြန်လည်သုံးသပ်ခြင်းသည် ယေဟောဝါနှင့်နှစ်ကိုယ်ကြားရင်းနှီးမှု တိုးတက်စေပါသည်။ ထိုအခါကိုယ်တော်၏အရည်အချင်းများနှင့်ဥပဓိရုပ်၏ဂုဏ်အသရေကို ထိုးထွင်းသိမြင်လာသည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို သင်လိုက်လျှောက်ပါသလော။ အသင်းမစာပေစာတမ်းများကိုမှန်မှန်လေ့လာရန် အချိန်ဖယ်ထားပေးပါသလော။ အသင်းတော်စည်းဝေးများအားလုံးအတွက် ပြင်ဆင်ခြင်း၊ တက်ရောက်ခြင်း၊ ပါဝင်ခြင်းပြုလုပ်ပါသလော။ (ဟေ၊ ၁၀:၂၄၊ ၂၅) ကိုယ်ပိုင်လေ့လာမှုပြုလုပ်စဉ်နှင့်ပြီးတိုင်း ရည်ရွယ်ချက်ရှိ ပြန်လည်သုံးသပ်မှုသည် နှလုံးသားနွေးထွေးသော ကျွန်ုပ်တို့ဘုရားသခင်၏နှစ်လိုဖွယ်ရာများနှင့် စစ်မှန်သောဝတ်ပြုရေးအတွက် ကိုယ်တော်၏အစီအစဉ်များကို လှိုက်လှဲစွာတန်ဖိုးထားခြင်းကို တိုးပွားစေပါမည်။—ဆာ၊ ၂၇:၄။
၃ တန်ဖိုးထားလေးစားသောသဘောကို တိုးပွားစေနိုင်သည့် အခြားနည်းတစ်နည်းမှာ စိုးလ်အပြည့်ရှိ ဘုရားသခင့်ဓမ္မအမှုဆောင်များ၏ပုံသက်သေကို စူးစိုက်ဂရုပြုခြင်းဖြစ်သည်။ ပရောဖက်ယေရမိသည် သူ့အားအပ်နှင်းသည့်လုပ်ငန်းတော်အတွက် ဇွဲလုံ့လပြင်းပြခဲ့သည်။ (ယေရ၊ ၂၀:၉) လေးမြတ်သောစိတ်ထားနှင့်ဇွဲလုံ့လတင်ပြသည့် ဘဝပုံစံကိုယေရှုထားပေးခဲ့သည်။ (ယော၊ ၄:၃၄) ဓမ္မအမှုတွင်ကြိုးပမ်းခဲ့ပုံဖြင့် မိမိခံစားရသောကရုဏာတော်ကို ကျေးဇူးတင်ကြောင်း တမန်တော်ပေါလုတင်ပြခဲ့သည်။ (၁ တိ၊ ၁:၁၂၊ ၁၃၊ ၁၇) ဤပုံသက်သေများနှင့်တကွ မျက်မှောက်ခေတ်ပုံသက်သေများကို ကျွန်ုပ်တို့ပြန်သုံးသပ်ကြည့်သည့်အခါ ဓမ္မအမှုတွင် ကျွန်ုပ်တို့အား စိုးလ်အပြည့်ရှိစေမည့် တန်ဖိုးထားလေးမြတ်မှုကို တည်ဆောက်ပေးနိုင်ပါလိမ့်မည်။
၄ ယေဟောဝါ၏ဂုဏ်တော်နှင့်ဘုန်းကျက်သရေအကြောင်းသိရှိလာပြီး ကိုယ်တော်၏အံ့ချီးဖွယ်စီရင်ချက်များကိုစိတ်ဝင်စားသောအခါ ကိုယ်တော်၏ကြီးမြတ်ခြင်းကိုကြွေးကြော်ပြီး ဝမ်းသာအားရစွာချီးမွမ်းထောမနာပြုရန် လှုံ့ဆော်ခံရပါသည်။ (ဆာ၊ ၁၄၅:၅-၇) နိုင်ငံတော်သတင်းပျံ့နှံ့စေရန် နည်းလမ်းများရှာကြံခြင်းအားဖြင့် မြင့်မြတ်သောနာမတော်ကိုသက်သေခံရန်အခွင့်အရေးရထားခြင်းကိုတန်ဖိုးထားကြောင်း တင်ပြကြသည်။—လု၊ ၆:၄၅။
၅ သို့သော် ဓမ္မအမှုတွင် စိုးလ်အပြည့်ပါဝင်ရန် ကျွန်ုပ်တို့အားတိုက်တွန်းလှုံ့ဆော်မည့် အခြားအရာများရှိသေးသလော။ ရှိမည်ဆိုလျှင် ယင်းတို့ကားအဘယ်နည်း။ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများ၊ ရှေ့ဆောင်များနှင့်အခြားအတွေ့အကြုံရင့်ကျက်သောနိုင်ငံတော်ကြွေးကြော်သူများ မည်သို့ကူညီပေးနိုင်မည်နည်း။ စိတ်ဓာတ်တက်ကြွမှုမွေးမြူရာတွင် ပန်းတိုင်များထားခြင်းကား အဘယ်ကဏ္ဍမှအထောက်အကူပြုသနည်း။ အဘယ်အကျိုးကျေးဇူးများရရှိနိုင်သနည်း။ ဆက်တိုက်ငါးပိုင်းဖြင့်ဖေါ်ပြမည့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု နောက်ဆက်တွဲစာစဉ်များတွင် ဤမေးခွန်းများနှင့်အခြားမေးခွန်းများကိုဖြေဆိုပေးပါမည်။