အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်
အပိုင်း ၁။ သင်တန်းကိုင်သူ၏တာဝန်
၁ အသင်းတော်စာအုပ်ကြီးသင်တန်းသည် ယေဟောဝါလူမျိုး၏ ဝိညာဏတိုးတက်မှုတွင် အရေးကြီးကဏ္ဍတစ်ရပ်ဖြစ်သည်။ လာမည့်လများတွင် အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်၏ ရှုထောင့်အသီးသီးကိုစစ်ဆေး၍ ကျွန်ုပ်တို့မည်သို့အကျိုးရရှိနိုင်မည်အကြောင်း သုံးသပ်မည်။ ဤစာစဉ်တွင် စာအုပ်ကြီးသင်တန်းမှူးသည် သင်တန်းကိုမည်သို့အားတက်စရာနှင့် ယုံကြည်ခြင်းတိုးပွားစေရာဖြစ်နိုင်မည်အကြောင်း အာရုံပြုမည်။
၂ ထိရောက်စွာသွန်သင်နိုင်ရန် သင်တန်းမှူးသည် ကောင်းစွာပြင်ဆင်သင့်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အလေးအနက်လေ့လာသူတစ်ဦးအနေနှင့် မေးခွန်းတစ်ခုစီ၏အဖြေကို သူသိထားရုံမက ထိုအဖြေသည် အဘယ်ကြောင့် မှန်သည်ကိုလည်း သူသဘောပေါက်သင့်သည်။ သင်တန်းတက်သူအားလုံး အဖြေများ၏အကြောင်းများကိုသိထားကြရန် ကူညီပေးဖို့ ကြိုးစားသင့်သည်။ (၁ ပေ၊ ၃:၁၅) ယင်းသည် လေ့လာသည့်အကြောင်းကို သူတို့ပိုတန်ဖိုးထားစေမည်။
သင်တန်းကိုင်ခြင်း၌ ပန်းတိုင်များ
၃ သင်တန်းကိုင်သူ၏ပန်းတိုင်တစ်ခုမှာ လေ့လာနေသည့်အကြောင်းကိုအသုံးပြု၍ တက်ရောက်သူအားလုံး၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေခြင်းဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို ပိုမိုပြည့်ဝစွာထမ်းဆောင်ရန် လှုံ့ဆော်ပေးဖို့ဖြစ်သည်။ (ဆာ၊ ၁၁၀:၃။ ၂ သက်၊ ၁:၃-၅) ယင်းသို့ဖြစ်မြောက်စေရန် သင်တန်းကိုင်သူသည် ယေဟောဝါ၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့်ကိုယ်တော်၏အဖွဲ့အစည်းကို လှိုက်လှဲစွာစိတ်ချယုံကြည်စေမည့်အချက်များကို သင့်လျော်သောနေရာများတွင်ရပ်တန့်ပြီး ‘သဘောပေါက်’ စေသင့်သည်။ (ဂလ၊ ၆:၆၊ Ref. Bi. အောက်ချေမှတ်ချက်) ကျွမ်းကျင်စွာဖွဲ့စည်းထားသည့် မေးခွန်းများကိုအသုံးပြုပြီး အချိန်ရသ၍ ဤယုံကြည်ခြင်းတည်ဆောက်သော အသေးစိတ်အချက်အလက်များကို ပေါ်လွင်စေသင့်သည်။
၄ အခြားပန်းတိုင်တစ်ခုမှာ လေ့လာသည့်အကြောင်းကို လက်တွေ့ကျကျ မည်သို့အသုံးပြုနိုင်ကြောင်း အားလုံးသဘောပေါက်စေရန်ကူညီပေးခြင်းဖြစ်သည်။ လယ်ကွင်းဓမ္မအမှုတွင် ယင်းကိုမည်သို့အသုံးပြုနိုင်မည်နည်း။ ညီအစ်ကိုများနှင့်လူသစ်များကို အားပေးရာတွင် မည်သို့အသုံးပြုမည်နည်း။ မိသားစုနှင့်ကိုယ်ကိုယ်တိုင်ကိုတည်ဆောက်ပေးရန် မည်သို့အသုံးပြုမည်နည်း။ အသင်းတော်သင်တန်းကိုင်သူများ လေ့လာမည့်အကြောင်းတစ်ခုစီကို ပြင်ဆင်ကြစဉ် အချက်အလက်တို့၏လက်တွေ့ကျအသုံးပြုနိုင်ပုံကို ထိုးထွင်းသိမြင်သင့်သည်။
၅ အကြောင်းအချို့ကို မယုံကြည်သောဆွေမျိုး၊ ကျောင်းနေဖက်၊ သို့မဟုတ် အလုပ်လုပ်ကိုင်ဖက်များကိုကူညီပေးရန် အသုံးပြုနိုင်သည်။ အခြားအကြောင်းမူ ယုံကြည်ခြင်းမတူသောအိမ်ထောင်များ သို့မဟုတ် မိဘတစ်ဦးတည်းရှိအိမ်ထောင်များရှိသူတို့အတွက် အကူအညီဖြစ်ပေမည်။ တက်ရောက်သူများအား စဉ်းစားဆင်ခြင်ရန်ကူညီပေးခြင်း၊ လေ့လာသည့်အကြောင်းကို မည်သို့လက်တွေ့ကျကျအသုံးပြုနိုင်မည်ကို သုံးသပ်ကြည့်စေခြင်းဖြင့် သူတို့ခံယူချက်ကို သိရှိနိုင်မည်။ သင်တန်းသည် စိတ်ဝင်စားဖွယ်ဖြစ်ရန် သင်တန်းကိုင်သူကြိုးစားပြုလုပ်ပေးမည်။ လေ့လာသည့်အကြောင်းကို မေးဖြေဆွေးနွေးရုံသက်သက်သာမဖြစ်စေပါနှင့်။—၁ ကော၊ ၁၄:၉၊ ၁၉ နှင့်နှိုင်းယှဉ်ပါ။
နှစ်ကိုယ်ကြားစိတ်ဝင်စားမှုပြပါ
၆ အုပ်စု၌ရှိသူတိုင်းကို နှစ်ကိုယ်ကြားစိတ်ဝင်စားမှုပြခြင်းဖြင့် သင်တန်းကိုင်သူသည် အားလုံးပါဝင်ဖြေဆိုရန် တိုက်တွန်းပေးနိုင်သည်။ ရှက်ကြောက်သူများအား ကျမ်းချက်များကို ကြိုတင်ပေးထားပြီး ဖတ်စေနိုင်သည်။ သို့မဟုတ် မေးခွန်းတစ်ခုကိုကြိုတင်ပေး၍ အဖြေရှာထားစေနိုင်သည်။ ကိုယ်ပိုင်စကားဖြင့် အားလုံးဖြေဆိုကြရန် ကြိုးစားသင့်သည်။ အဖြေများကို ကောင်းစွာနားထောင်ခြင်းအားဖြင့် အချို့တို့သည် သီးသန့်ကူညီမှုလိုမလို သင်တန်းကိုင်သူဆုံးဖြတ်နိုင်ပါသည်။ ဤသို့တစ်ဦးစီကူညီပေးမှုအတွက် အုပ်စုရှိ အတွေ့အကြုံရင့်ကျက်သူများအကူအညီကို တောင်းခံနိုင်ပါသည်။
၇ အသင်းတော်စာအုပ်ကြီးသင်တန်းသည် ကျွန်ုပ်တို့အတွက် ကောင်းချီးတစ်ရပ်ဖြစ်သည်။ အုပ်စုငယ်များတွင်စုဝေးပြီး တစ်ဦးစီကိုအာရုံပြုရန် အခွင့်ရရှိစေသည်။ အခြားစည်းဝေးများနည်းတူ အရေးမပါဟူ၍ ဤစည်းဝေးကိုမယူဆသင့်။ သင့်အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် သူ၏တာဝန်ကို အလေးအနက်သဘောထားပြီး ယေဟောဝါကို သင်ပိုမိုယုံကြည်လာစေရန်၊ ဘုရားသခင်၏ဝိညာဏပြင်ဆင်ချက်များကို ပိုမိုလေးမြတ်တန်ဖိုးထားလာရန် သင်တန်းတစ်ခုစီကိုအသုံးပြုပါလိမ့်မည်။