မိမိထမ်းရွက်ရသောတာဝန်ကို ထမ်းဆောင်ခြင်း
၁ တာဝန်ယူခြင်းအကြောင်းသည် ယနေ့လူအပေါင်းကို ဝန်လေးသည်ဟုယူဆစေသည်။ များစွာသောသူတို့က ခေါင်းရှောင်ရန်ကြိုးစားကြသည်။ ယင်းကြောင့် လင်သားများသည် ဇနီးသည်တို့ကို စွန့်ပယ်ကြသည်။ မိခင်များ သားသမီးများကိုလျစ်လျူရှုသည်။ လူငယ်များ ကျောင်းကို တစ်ဝက်တစ်ပျက်တက်ကြသည်။ ပြည်သူလူထုသည် အခွန်ပေးခြင်းကို ရှောင်ကြဉ်ကြသည်။ တာဝန်မသိတတ်သောအပြုအမူများစာရင်း အဆုံးမရှိပါ။ တာဝန်သိတတ်သူတစ်ဦးသည် အားကိုးအားထားနိုင်သူ၊ မိမိအပြုအမူကို ကိုယ်တိုင်တာဝန်ယူဖြေဆိုရန် အသင့်ရှိသည်။ ထိုကြောင့် ခရစ်ယာန်များသည် “မိမိဝန်ကိုဆောင်ရွက်” မည်ဟုဘုရားသခင်၏နှုတ်ကပါဌ်တော်က ရှင်းလင်းစွာဆိုထားသည်။ (ဂလ၊ ၆:၅) ၁၉၉၂ ခုနှစ်အတွက် တိုက်နယ်စည်းဝေးပွဲ၏အဓိကအချက်မှာ “မိမိထမ်းရွက်ရသောတာဝန်ကို ထမ်းဆောင်ခြင်း” ဖြစ်သည်ကား အလွန်လျောက်ပတ်ပေသည်။ ဤအစီအစဉ်သည် စက်တင်ဘာလမှစမည်။ ကျွန်ုပ်တို့အားလုံးတက်ရောက်ရန် အသေအချာစီစဉ်ထားသင့်သည်။
၂ ဟောပြောချက်များ၊ အသံတိတ်ပြပွဲများ၊ သရုပ်ပြပွဲများ၊ တွေ့ကြုံမှုများနှင့်လူတွေ့ခေါ်မေးခြင်းများဖြင့် ဤကောင်းမွန်သောတိုက်နယ်စည်းဝေးပွဲအစီအစဉ်သည် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အသီးသီး၌ရှိသောတာဝန်များကို ရှင်းလင်းစွာဖေါ်ပြပေးပါမည်။ စနေနေ့မွန်းလွဲပိုင်းတွင် ကျွန်ုပ်တို့တာဝန်များကို ဝမ်းသာစွာဖြင့် မည်သို့ဆောင်ရွက်နိုင်ကြောင်း လေးပိုင်းအခန်းဆက်ဟောပြောချက်ဖြင့် တင်ပြပေးမည်။ ကျွန်ုပ်တို့၏လူငယ်များတွင်လည်း ထမ်းရွက်စရာတာဝန်ရှိကြသည်။ စနေနေ့မွန်းလွဲပိုင်း တိုက်နယ်ကြီးကြပ်မှူး၏ဟောပြောချက်သည် သူတို့အတွက်အထူးရည်ညွှန်းပါသည်။ စနေနေ့တွင် ဆက်ကပ်အပ်နှံခါစလူသစ်များ နှစ်ခြင်းယူနိုင်ခွင့်ရှိသည်။ တိုက်နယ်စည်းဝေးတွင်နှစ်ခြင်းယူလိုသူအားလုံး ဦးစီးကြီးကြပ်မှူးအား ကြိုတင်အကြောင်းကြားသင့်သည်။ သို့မှသာ ယင်းအတွက်ကြိုတင်ပြင်ဆင်မှုပြုလုပ်နိုင်မည်။
၃ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ဟောပြောရန် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်ကို ပေါ်လွင်စေရန် လေးပိုင်းအခန်းဆက်ဟောပြောချက်ကြားရမည်။ ထိုနောက် တနင်္ဂနွေမွန်းလွဲပိုင်းတွင် “ဘုရားသခင့်ကမ္ဘာသစ်—ဝင်စားရန်မည်သူတို့အရည်အချင်းပြည့်မီမည်နည်း” ခေါင်းစဉ်ရှိ လူထုဟောပြောချက်ကို ခရိုင်ကြီးကြပ်မှူးဟောပြောမည်။ ဤဟောပြောချက်ကို စိတ်ဝင်စားခါစလူသစ်အားလုံး ကြားနာရကြရန် မဖိတ်ခေါ်ဘဲမနေပါနှင့်။
၄ ဤနှစ်ရက်တာ ကောင်းမွန်လှသောအစီအစဉ်မှ အကျိုးအပြည့်အဝရရှိရန် အားလုံးတက်ရောက်ကြဖို့ ကြိုတင်စီစဉ်ထားသင့်သည်။ သင့်အသင်းတော်တက်ရမည့် တိုက်နယ်စည်းဝေးပွဲရက်စွဲနှင့်အရပ်ဒေသသတင်းကို သင့်တိုက်နယ်ကြီးကြပ်မှူးက အကြောင်းကြားပါလိမ့်မည်။