သူတစ်ပါးအားအကျိုးပြုရန်တာဝန်ကိုထမ်းဆောင်ခြင်း
၁ ပထမရာစုခရစ်ယာန်များအား တမန်တော်ပေါလုက “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကိုမမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” ဟုဆုံးမခဲ့သည်။ (ဟေ၊ ၁၃:၁၆) အခွင့်မသာလျက်ပင် ညီအစ်ကိုများကိုကူညီပေးရန်ကြိုးစားခြင်းက ဘုရားသခင်နှင့်ညီအစ်ကိုများအပေါ် သူတို့ထားရှိသောမေတ္တာကိုတိုးပွားစေခဲ့မည်အမှန်။ (ယော၊ ၁၃:၃၅) သူတစ်ပါးကိုအကျိုးပြုကြရန် ကျွန်ုပ်တို့အားလည်း တိုက်တွန်းထားသည်။
၂ ထိုသို့ပြုရန် ဝိညာဉ်ရေးပြည့်ဖြိုးပြီး လက်နက်စုံတပ်ဆင်ထားနိုင်ဖို့အတွက် ယေဟောဝါပြင်ဆင်ထားတော်မူပြီ။ ကင်းမျှော်စင် နှင့်နိုးလော့ စာစောင်တိုင်းသည် အသိပညာဘဏ္ဍာတိုက်ပါတကား။ ယင်းစာစောင်သစ်များရသည်နှင့်ဖတ်ရှုခြင်းမှ ပျော်ရွှင်မှုအမှန်ရရှိခဲ့ပေပြီ။ ကျမ်းဆိုင်ရာဆောင်းပါးများကို ဆင်ခြင်သုံးသပ်ခြင်းမှ လယ်ကွင်းဓမ္မအမှု၌သာမက သူတစ်ထူးနှင့်စကားစမြည်ပြောဆိုရာတွင်အသုံးပြုနိုင်သည့် အချက်ကောင်းများကို မှတ်သားထားနိုင်သည်။ ထို့အတူ စည်းဝေးတိုင်းနှင့်၊ အထူးသဖြင့် ပတ်စဉ်ကင်းမျှော်စင် သင်တန်းအတွက် ပြင်ဆင်ရန် အချိန်ကိုရွေးနှုတ်နိုင်ပါသည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကိုယ်တိုင်လေ့လာအားဖြင့် “ခရစ်တော်၏စိတ်” မွေးမြူရန်အထောက်အကူရပြီး ကြုံကြိုက်သူတို့အား မွန်မြတ်ရာတို့ကိုပေးကမ်းနိုင်စေသည်။—၁ ကော၊ ၂:၁၄-၁၆။ ဆာ၊ ၁၉:၁၄။
၃ ခံယူထိုက်သောတာဝန်များ။ ယေဟောဝါကိုချစ်မြတ်နိုးလာသူတိုင်း မိမိတို့အသက်ကို ကိုယ်တော်အားဆက်သကြသည်။ ဆက်ကပ်အပ်နှံခြင်းနှင့်ဆိုင်သောတာဝန်များကိုလက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် စာတန်၏လောကနှင့်၄င်း၏ရွံရှာဖွယ်အကျင့်များကိုစွန့်ခဲ့သော ယေဟောဝါဘက်သားများဖြစ်ကြောင်းတင်ပြကြသည်။ ခရစ်တော်ယေရှုတင်ပြခဲ့သည့်ပုံစံကိုအတုယူခြင်းအားဖြင့် သူတစ်ထူးအတွက် ပုံသက်သေကောင်းဖြစ်ကြသည်။ (၁ ပေ၊ ၂:၂၁) ၁၉၉၂ လုပ်ငန်းတော်နှစ်အတွက် အကြမ်းဖျင်းဖေါ်ပြထားသည့် အဓိကခေါင်းစဉ်ဖြစ်သော “ကိုယ့်ဝန်ကိုယ်ထမ်းခြင်း” တိုက်နယ်စည်းဝေးအစီအစဉ်များသည် မိမိ၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီအသက်ရှင်နိုင်ရန် တည်ဆောက်အားပေးပါသည်။
၄ အသင်းတော်စည်းဝေးများကို မှန်မှန်တက်ခြင်းက အချင်းချင်းအား တည်ဆောက်မှုပေးစေသည်။ ကိုယ်ပိုင်လေ့လာမှုနှင့်စည်းဝေးအတွက်ပြင်ဆင်မှုက သူတစ်ပါးအားကောင်းမြတ်သောအကြောင်းအရာ များစွာကိုဝေမျှနိုင်စေသည်။ သူတစ်ထူးကို စိတ်ဝင်စားမှုတင်ပြခြင်းက ရင်းနှီးခင်မင်သောမိသားစုစိတ်ထား တိုးပွားစေသည်။ စည်းဝေးတွင်ပါဝင်ဖြေဆိုခြင်းအားဖြင့် ဟေဗြဲ ၁၀:၂၄၊ ၂၅ ပါပေါလု၏စကားများနှင့် ကျွန်ုပ်တို့သဘောတူညီပြီး သူတစ်ပါးကိုအားပေးရမည့်တာဝန်ကိုခံယူကြောင်း ထင်ရှားစေသည်။
၅ ထပ်ဆင့်တာဝန်များကို လက်လှမ်းယူဦးလေ။ ၁၉၉၂ လုပ်ငန်းတော်နှစ်တွင် အရံသို့မဟုတ်မှန်မှန်ရှေ့ဆောင်ခြင်း အစရှိသည့်တာဝန်များကို လက်လှမ်းယူနိုင်ဦးမည်လော။ ထည့်သွင်းရမည့် အချိန်နာရီကိုအာရုံစိုက်မည့်အစား စုသိမ်းခြင်းလုပ်ငန်းတွင်ပါဝင်ခွင့်တိုးများလာခြင်းကို အာရုံပြုပါ။ (ယော၊ ၄:၃၅၊ ၃၆) အခြားအရည်အချင်းရှိကြေညာသူနှင့်ရှေ့ဆောင်များနှင့်ပေါင်းသင်းခြင်းအားဖြင့် ဓမ္မအမှုတွင် ပိုမိုကျွမ်းကျင်လာနိုင်မည်။ အရံရှေ့ဆောင်အရေအတွက်တိုးများလာခြင်းက အသင်းတော်အတွက် အားတက်စရာဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဤနှစ်အတွင်း မှန်မှန်ရှေ့ဆောင်ရန်၊ သို့မဟုတ်အရံရှေ့ဆောင်အမြဲလုပ်နေရန်၊ သို့မဟုတ် ဖြစ်နိုင်သည့်အခါတိုင်းလုပ်ရန် နာမည်စာရင်းသွင်းပါ။
၆ အရည်အချင်းရှိဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား အသင်းတော်မှညီအစ်ကိုများအား တာဝန်များစွာကမ်းလှမ်းထားပါသည်။ (၁ တိ၊ ၃:၁-၁၀၊ ၁၂၊ ၁၃) စည်းဝေးတွင် အသေအချာကြိုတင်စဉ်းစားပြီး ပေးသည့်အဖြေများ၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပါဝင်ခြင်း၊ သရုပ်ပြရန်တာဝန်ကိုလက်ခံခြင်း၊ လုပ်ငန်းတော်စည်းဝေးတွင် ပါဝင်ခြင်းအားဖြင့် အကျိုးဆောင်လိုကြောင်း တင်ပြနိုင်ကြသည်။ ကလေးငယ်များပင် ဤနည်းများနှင့်သူတို့ကျင့်ကြံပုံဖြင့် နိုင်ငံတော်ခန်းမတွင် ပုံသက်သေဖြစ်နိုင်သည်။ နိုင်ငံတော်ခန်းမသန့်ရှင်းရေး၊ သို့မဟုတ် ဤကဲ့သို့သော အခြားလုပ်ငန်းများကို သူတို့၏စာအုပ်ကြီးသင်တန်းအုပ်စုတာဝန်ကျသည့်အခါ ဝိုင်းဝန်းကူညီနိုင်သည်။
၇ “ငါအလိုရှိ၏” ဟူသောစကားဖြင့် သူတစ်ထူးအားအကျိုးပြုတာဝန်ကို ယေရှုလက်ခံလိုကြောင်းတင်ပြခဲ့သည်။ (လု၊ ၅:၁၂၊ ၁၃) ကိုယ်တော့်ပုံသက်သေကိုအတုယူကာ ညီအစ်ကိုချင်း၊ စိတ်ဝင်စားသူများ၊ လယ်ကွင်းလုပ်ငန်း၌တွေ့ဆုံသည့် စိတ်ရင်းမှန်သူတို့သည် ယေဟောဝါအဖွဲ့အစည်းနှင့်ပေါင်းသင်းကြရန် အားပေးကူညီနိုင်သည်။ “ခပ်သိမ်းသောသောသူတို့အား ကျေးဇူးပြု” နိုင်ရန်တာဝန်ကိုလက်ခံယူမည်ဆိုလျှင် စွဲစွဲမြဲမြဲကြိုးစားခြင်းနှင့် ကိုယ်ကျိုးကိုစွန့်စရာပင် လိုပေမည်။ (ဂလ၊ ၆:၁၀) သို့သော် ဖြစ်ထွန်းလာသည့်အကျိုးကိုကျွန်ုပ်တို့တွေ့သည့်အခါ “ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” ဟုပြောခဲ့သောပေါလုနှင့်စိတ်သဘောထားတူညီမည်။—ဟေ၊ ၁၃:၁၆။