အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်
အပိုင်း ၄။ တစ်ဦးကိုတစ်ဦးဆက်၍တည်ဆောက်ပေးခြင်း
၁ အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုရှိတစ်ဦးစီသည် အချင်းချင်း၏ဝိညာဏဖွံ့ဖြိုးမှုတွင်ထိရောက်စွာပါဝင်ဆောင်ရွက်ပေးနိုင်သည်။ ‘အထူးသဖြင့်အဆုံးနီးလာသည်ဖြစ်၍ မေတ္တာနှင့်ကောင်းမြတ်သောအလုပ်ပြုလုပ်ရန်တိုက်တွန်း’ ရမည့်ကျမ်းပေးအမိန့်ကိုနာခံလိုကြပါသည်။—ဟေ၊ ၁၀:၂၄၊ ၂၅။
၂ တစ်ဦးကိုတစ်ဦးကူညီခြင်း။ စာအုပ်ကြီးသင်တန်းတွင် ရင်းနှီးခင်မင်သောသဘောရှိနေရန် အားလုံးပါဝင်ကူညီနိုင်သည်။ တစ်ဦးကိုတစ်ဦးစိတ်ဝင်စားမှုတင်ပြသည့်အခါ အုပ်စုသည်ရင်းနှီးမှုရှိမည်။ “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့” ဟုဂလာတိ ၆:၁၀ တွင်ကျွန်ုပ်တို့အားမှာကြားထားသည်။ ဥပမှာ၊ နေမကောင်း၍ စာအုပ်ကြီးသင်တန်းကိုမတက်သူများရှိသလော။ သူတို့ထံလည်ပတ်သွားပြီးစုံစမ်းခြင်းဖြင့် ရင်းနှီးမှုတိုးတက်စေသည်။
၃ နေ့စဉ်ဖိစီးမှုများ၊ အိမ်ထောင်ရေးတာဝန်များ၊ သို့မဟုတ်အခြားပြဿနာများကြောင့် အချို့ကိုအားပေးရန်လိုနေသလော။ မည်သို့ကူညီပေးနိုင်သနည်း။ စည်းဝေးတွင် နှုတ်ဆက်ရုံမဟုတ်ဘဲ စကားစမြည်ပြောဆိုရန်အထူးကြိုးစားပါ။ ရှက်တတ်သူအချို့ရှိ၍ သူတို့ထံသွားရောက်စကားပြောဆိုလျှင် ပြန်ပြောရန်အသင့်ရှိမည်။ (စဝ၊ စာမျက်နှာ ၂၀၉-၂၁၁) “စိတ်ငယ်သောသူတို့ကိုအားပေးကြလော့။ အားနည်းသောသူတို့ကိုထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့” ဟုခရစ်ယာန်များအားတမန်တော်ပေါလုတိုက်တွန်းသည်။ (၁ သက်၊ ၅:၁၄) တစ်ဦးဦးနေမကောင်းဖြစ်မည်၊ စိတ်ဓာတ်ကျနေမည်ဆိုလျှင် မိတ်ဆွေများလည်ပတ်ရောက်လာပြီးအကူအညီပေးပါက အလွန်အားတက်စေသည်။ မိမိကိုသူတစ်ထူးစိတ်ဝင်စားသည်ကိုသိရရုံဖြင့် များစွာတာသွားပါသည်။
၄ လယ်ကွင်းလုပ်ငန်းအစီအစဉ်များကိုလည်း ပူးပေါင်းကူညီလိုကြမည်။ အုပ်စုရှိသူအသီးသီးနှင့်တွဲအမှုဆောင်ရန် ကြိုးစားသင့်သည်။ (၂ ကော၊ ၆:၁၁-၁၃။ ၁၂:၁၅) တစ်ခါတစ်ရံ သင်တန်းမှူးက တစ်ဦးတစ်ယောက်ကိုကူညီပေးရန် တောင်းဆိုမည်။ ထိုအခါမည်သို့တုံ့ပြန်သနည်း။ ကြေညာသူနှင့်ရှေ့ဆောင်များသည် ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းကဏ္ဍအသီးသီးတွင် အတူတွဲဖက်ပါဝင်ခြင်းဖြင့် စာအုပ်ကြီးသင်တန်းအုပ်စုသည် များစွာအားရှိလာသည်။
၅ မိမိကိုယ်တိုင်၏ပုံသက်သေ။ စာအုပ်ကြီးသင်တန်းအစီအစဉ်ကို ထောက်ခံအားပေးနိုင်သည့်အခြားနည်းများလည်းရှိပါသည်။ သင့်ပုံသက်သေကောင်းသည် အရေးကြီး၏။ ဥပမာ၊ နိုင်ငံတော်ခန်းမ၌စည်းဝေးအတွက် သင်ဝတ်စားဆင်ယင်သောအခါ လေးစားမှုတင်ပြနေပါသည်။ ကြုံရာကျဘမ်းဝတ်စားလေ့ရှိသူတို့အတွက် ပုံသက်သေကောင်းဖြစ်သည်။ စည်းဝေးအတွက်အနှောင့်အယှက်မဖြစ်စေရန် အချိန်မီတက်ရောက်သည့်အကျင့်ရှိပါသလော။
၆ အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်သည် ယေဟောဝါ၏ပြင်ဆင်ချက်ဖြစ်၍ ကျွန်ုပ်တို့ပါဝင်အားပေးသင့်သည်။ (ဟေရှာ၊ ၄၀:၁၁) ကိုယ်တိုင်အကူအညီရရှိ၍ သူတစ်ထူး၏ဝိညာဉ်ရေးကို ပံ့ပိုးပေးနိုင်သည့်နေရာဖြစ်သည်။ ဤအစီအစဉ်ကိုအပြည့်အဝအားပေးခြင်းဖြင့် “အချင်းချင်းကိုတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက်တည်ဆောက်ကြ” စို့။—၁ သက်၊ ၅:၁၁။