ပြန်လည်ပတ်မှုများပြုရန်တာဝန်ကိုလက်ခံခြင်း
၁ ပြန်လည်ပတ်မှုများကိုအတတ်နိုင်ဆုံးပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်ရန် အကြောင်းကောင်းများစွာရှိသည်။ ကျွန်ုပ်တို့လည်းပေါလုကဲ့သို့ပင် အပ်နှင်းထားသည့်လုပ်ငန်းကိုစေ့စပ်စွာပြီးမြောက်လိုကြသည်။(တ၊ ၂၀: ၂၁၊ ၂၄) စိတ်ဝင်စားသူတိုင်းကိုစေ့စေ့စပ်စပ်ပြန်လည်ပတ်ပါက ကျွန်ုပ်တို့၏ဓမ္မအမှုကျေပွန်ရန်ကျိုးစားအားထုတ်စဉ် ကောင်းသောသြတ္တပ္ပစိတ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်သည်။—၂ တိ၊ ၄: ၅။
၂ အသိပညာကတာဝန်ရှိစေ။ အသက်များအတွက်အရေးပေါ်နေသည့်အခြေအနေက ဝီရိယရှိရှိပြန်လည်ပတ်မှုပြုရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ (ယော၊ ၁၇: ၃) ယေဟောဝါ၏တရားစီရင်ခြင်းနှင့် အာမဂေဒုန်နီးကြောင်းသိထားခြင်းတို့ကဆိုးသွမ်းသူများကိုသတိပေးဖို့သာမကဘဲ ‘မြေကြီးပေါ်တွင်ဖြစ်နေသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူ’ တို့ကိုကူညီရန်ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ (ယေဇ၊ ၉: ၄) ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့်ပေါင်းသင်းရန် သူတို့ကိုခေါ်လာဖို့လိုသည်။
၃ လူများသည် သမ္မာတရားကိုတိကျမှန်ကန်စွာသိရန် အကူအညီလိုသည်။ (တ၊ ၈: ၃၀၊ ၃၁။ ၁၈: ၂၆) ဤကား ပျိုးခဲ့သည့်သမ္မာတရားမျိုးစေ့ကို ပြန်လည်ပတ်ပြီး “ရေလောင်း” ရန်တာဝန်ကို ကျွန်ုပ်တို့လက်ခံရမည့်အကြောင်းတစ်ရပ်ဖြစ်သည်။ ယေဟောဝါနှင့် ကိုယ်တော်.အံ့ဖွယ်ရည်ရွယ်ချက်များဆိုင်ရာတိကျသောအသိပညာကို တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့အားမကြာခဏလာလည်ပတ်မပြောပြခဲ့လျှင် ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုမည်သို့ရှိမည်နည်း။—မ၊ ၇: ၁၂။
၄ မေတ္တာနှင့်စိတ်အားထက်သန်မှုတင်ပြပါ။ ပြန်လည်ပတ်မှုပြုခြင်းသည် လူများကိုကျွန်ုပ်တို့မေတ္တာတင်ပြရန်နည်းကောင်းတစ်ခုဖြစ်သည်။ မှန်မှန်ရှေ့ဆောင်နေသောမျက်မမြင်ညီအစ်ကိုတစ်ဦးက “ကျွန်တော်နှစ်ခြင်းခံတဲ့အချိန်ကစပြီး ကျွန်တော်သိရှိထားတဲ့ကျမ်းစာအကြောင်းတွေကို သူများကိုပြောပြဖို့ဆန္ဒရှိလာတယ်။ ကျွန်တော့်ရဲ့ချို့ငဲ့မှုက အဟန့်အတားမဖြစ်ခဲ့တာ ကျွန်တော်သိပ်ဝမ်းသာတယ်။ လမ်းပေါ်မှာရှိတဲ့အိမ်တစ်အိမ်စီကိုကျွန်တော်စိတ်နဲ့မှတ်သားနိုင်အောင်ကြိုးစားတယ်။ ဒီလိုနဲ့ ကျမ်းစာသင်ဖို့စိတ်ဝင်စားသူတွေ့တဲ့အခါ ကျွန်တော်ပြန်လည်ပတ်နိုင်တယ်” ဟုပြောသည်။ ဤမျက်မမြင်ညီအစ်ကိုသည် သူ့နှလုံးဖြင့်အမှန်မြင်နိုင်ပြီး ပြန်လည်ပတ်မှုနှင့်သူတစ်ပါးအားခရစ်ယာန်မေတ္တာတင်ပြမှုပြုရန် မတွန့်ဆုတ်ပါ။
၅ ပြန်လည်ပတ်မှုပြုသည့်အခါ ကျမ်းစာကိုကောင်းစွာအသုံးပြုခွင့်နှင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုသက်သေထူခွင့်များမကြာခဏရတတ်ကြသည်။ (၁ ပေ၊ ၃: ၁၅) ယင်းသည်အိမ်ရှင်ကိုအကူအညီဖြစ်စေရုံမက ကျွန်ုပ်တို့၏ဇွဲစိတ်နှင့် သမ္မာတရားကိုလေးမြတ်သည့်စိတ်တို့ကို ပိုမိုထက်သန်မြင့်မားစေသည်။ ပြန်လည်ပတ်မှုပြုခြင်းသည် အခြားမည်သည့်နည်းဖြင့်မျှမရနိုင်သောရွှင်လန်းမှုကိုရစေသည်။ ထိုရွှင်လန်းမှုဘယ်တော့မျှမမှေးမှိန်သွားရန်လိုသည်။ ဇွဲရှိရှိဖြင့်ပြန်လည်ပတ်မှုပြုခြင်းက ယင်းကိုအစဉ်မပြတ်ပြန်လည်ဆန်းသစ်စေနိုင်သည်။—သု၊ ၁၀: ၂၂။
၆ ပြန်လည်ပတ်မှုပြုရန်ကျွန်ုပ်တို့၏တာဝန်ကို လေးလေးနက်နက်သဘောထားသင့်သည်။ ယေဟောဝါ၏လူများသည် သူတစ်ပါးအတွက်ကောင်းသည့်အရာကို မထိမ်ဝှက်ထားတတ်ပါ။ ယင်းကို ၁၉၉၁ခုနှစ် ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းအားဖြင့်သိရသည်။ (သု၊ ၃: ၂၇) ကျွန်ုပ်တို့ပြန်လည်ပတ်မှု ၃၄၄၉၂၆၉၅၂ ခုပြုလုပ်ခဲ့ကြပြီး ကျမ်းစာသင်အံမှု ၃၉၄၇၂၆၁ ခုကျင်းပခဲ့ကြသည်။ ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသူတပည့်သစ် ၃၀၀၉၄၅ ဦးရှိခဲ့သည်။ ပြန်လည်ပတ်မှုပြုရန်တာဝန်ကိုကျွန်ုပ်တို့လက်ခံရန်ဆန္ဒမရှိပါက ဤအံ့မခန်းတိုးပွားမှုများလည်းဖြစ်ထွန်းလာမည်မဟုတ်ပါ။—၁ သက်၊ ၂: ၈။