ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
၁ ဓမ္မအမှုတွင် ဘုရားသခင့်လူမျိုးသည် ဇွဲလုံ့လနှင့်ပါဝင်ကြောင်း လူတိုင်းသိကြသည်။ ရှေ့ဆောင်ရန် လူတိုင်းအခွင့်မရနိုင်ကြသော်လည်း ရှေ့ဆောင်စိတ်ဓာတ်မွေးမြူသင့်သည်။ မိမိလုပ်သမျှတွင် စိုးလ်အကြွင်းမဲ့ဖြစ်သင့်သည်။ ရှေ့ဆောင်လုပ်ငန်း၌ ပါဝင်နိုင်သူအားလုံးနှင့်အတူ ကျွန်ုပ်တို့ဝမ်းမြောက်ပြီး အားပေးတိုက်တွန်းပါသည်။
၂ ရှေ့ဆောင်ဖြစ်လာပြီး ဆက်လုပ်ဆောင်သွားနိုင်ခြင်းသည် ကြီးလေးသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပါသည်။ ရှေ့ဆောင်များသည် ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းတွင် ကြီးမားသောတာဝန်ကို ယူဆောင်ထားပါသည်။ ယင်းကိုပြုလုပ်နိုင်ရန် များစွာကြိုးစားအားထုတ်ရရုံမက စွန့်စားရ၏။ ဤဇွဲလုံ့လရှိ အချိန်ပြည့်ကျေးကျွန်များကို အခြားသူများ မည်သို့အားပေးထောက်ခံနိုင်ကြသနည်း။
၃ ပြုလုပ်နိုင်ရာ။ ရှေ့ဆောင်များသည် အကြီးအကဲများ၏ ထောက်ပံ့မှုလိုအပ်သည်။ ရှေ့ဆောင်များနှင့် အကြီးအကဲများ တွဲအမှုဆောင်သည့်အခါ အားပေးတည်ဆောက်မှု များစွာရရှိသည်။ အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ် အသင်းတော်ရှိရှေ့ဆောင်တစ်ဦးစီနှင့် တွဲအမှုဆောင်ရန် အကြီးအကဲများစွာ အတူတူအမှုဆောင်ဖို့ကြိုးစားကြသည်။ ဤနည်းဖြင့် ရှေ့ဆောင်များ၏လုပ်ငန်းကို အကြီးအကဲများ ချီးကျူးနိုင်ရုံမက ဆက်တိုးတက်မှုရှိရန် ကူညီပေးနိုင်ပါလိမ့်မည်။ ရှေ့ဆောင်များသည် အကြီးအကဲများရှိစဉ် အမှုဆောင်ထွက်ကြရန် မိမိတို့အစီအစဉ်ကို ပြုပြင်ပေးဖို့လိုကောင်းလိုပေမည်။ ထို့ပြင်အုပ်စုများအတွက် ရပ်ကွက်အလုံအလောက်ရှိစေရန် အကြီးအကဲများကွပ်ကဲပေးလိုမည်။ ရှေ့ဆောင်များအတွက် အခန့်သင့်စီစဉ်ပေးရန် မွန်းလွဲချိန် သို့မဟုတ် ညနေချိန်တွင် လယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံမှုများထပ်ဆင့်ပြုလုပ်ပေးနိုင်ပါသည်။ အထူးသဖြင့် အရန်ရှေ့ဆောင်များများရှိသည့်လများတွင် ထိုသို့ပြုပေးရန်လိုပေမည်။—ဟေရှာ၊ ၄၀:၁၁။
၄ ဓမ္မအမှုထမ်းများသည် ဓမ္မအမှုတွင် ရှေ့ဆောင်များကို ထောက်ပံ့ကူညီပေးခြင်းအားဖြင့်လည်းကောင်း၊ အသင်းတော်အစီအစဉ်များကို ဝီရိယရှိစွာပြုစုဆောင်ရွက်ခြင်းအားဖြင့်လည်းကောင်း များစွာအထောက်အကူပြုနိုင်သည်။ လယ်ကွင်းလုပ်ငန်းအတွက် ညီအစ်ကိုများက အုပ်စုများဖွဲ့စည်းဦးဆောင်ပေးခြင်းကို ရှေ့ဆောင်ညီအစ်မများ များစွာတန်ဖိုးထားကြသည်။ စာအုပ်စာတမ်းများနှင့်မဂ္ဂဇင်းများတာဝန်ခံတို့သည် စာပေအလုံအလောက်ရှိစေရန် ဂရုပြုသင့်သည်။ ဤကိစ္စအဝဝကိုဂရုပြုပေးခြင်းက ရှေ့ဆောင်များအား သူတို့ဓမ္မအမှုကိုသာ အာရုံပြုခွင့်ပေးသည်။
၅ လူတိုင်းကူညီပေးနိုင်။ ရှေ့ဆောင်များနှင့် တွဲအမှုဆောင်ထွက်ပေးခြင်းအားဖြင့် ကြေညာသူများလည်း ကူညီပေးနိုင်ပါသည်။ အခြားကြေညာသူများနှင့်အဖော်လုပ်နိုင်ခြင်း၊ သူတို့၏အားပေးထောက်ပံ့မှုကို ရှေ့ဆောင်များလိုလားကြသည်။ တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လနှစ်ကြိမ် ရှေ့ဆောင်များနှင့်အတူ အမှုဆောင်ထွက်ရန် သင်စီစဉ်ပေးနိုင်ပေမည်။ ရှေ့ဆောင်များအား ကာယရေးဘက် ထောက်ပံ့မှုပေးနိုင်သည်။ ဤသို့သောရက်ရောမှုကို ရှေ့ဆောင်များ တန်ဖိုးထားကြပါသည်။—ဖိ၊ ၄:၁၄-၁၉။
၆ မိသားစုမှ ရှေ့ဆောင်နေသူများကို အိမ်ထောင်စုများသည် များစွာကူညီပေးနိုင်ပါသည်။ အများအားဖြင့်ဆိုလျှင် မိသားစုမှ တစ်ယောက် သို့မဟုတ် ထိုထက်မက ရှေ့ဆောင်နိုင်ရန် အိမ်တွင်းရေးလုပ်ငန်းများကို ပြုပြင်စီစဉ်ပေးနိုင်ပေမည်။ သားသမီးသုံးယောက်ရှိသောညီအစ်မတစ်ဦးသည် တစ်ပတ်လျှင် နှစ်ရက် အမှုဆောင်ထွက်သည်။ သားနှစ်ယောက်သည် ဈေးဝယ်ချမ်း၊ အိမ်တွင်းရေးအလုပ်အချို့ကိုလုပ်ကိုင်ပေး၍ အမေကိုကူညီပေးပါသည်။ သမီးဖြစ်သူသည် သန့်ရှင်းရေး၊ ချက်ပြုတ်ရေးတွင် အမေကိုကူလုပ်ကိုင်သည်။ အထက်တန်းကျောင်းအောင်ပြီးကတည်းက သမီးလည်း ရှေ့ဆောင်နေပြီ။ အမေဖြစ်သူနှင့် တစ်လှည့်စီအမှုဆောင်ထွက်ဖို့ စီစဉ်ထားသည်။ အိမ်ထောင်တွင် ဤသို့ဝိုင်းဝန်းကူညီပေးခြင်းဖြင့် ရှေ့ဆောင်နိုင်သူတိုးများလာစေ၍ မိသားစုအပေါ် ကောင်းချီးများ တိုးများလာစေသည်။
၇ ဝီရိယရှိသောရှေ့ဆောင်များသည် အသင်းတော်အတွက် နည်းအမျိုးမျိုးဖြင့် ကောင်းချီးများဖြစ်ကြပါသည်။ သူတို့၏ဇွဲလုံ့လနှင့်ပုံသက်သေသည် လုပ်ငန်းတော်၌ များစွာပါဝင်ရန် လူအများအတွက် အားပေးမှုဖြစ်စေသည်။ သူတို့အား ကျွန်ုပ်တို့အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးသင့်သည်။ ဤသို့တစည်းတရုံးကြိုးစားအားထုတ်ခြင်းသည် အားလုံးအတွက် ရွှင်လန်းဖွယ်ဖြစ်စေ၍ ယေဟောဝါ၏ဘုန်းတော် ထင်ရှားစေသည်။