ငြိမ်သက်ခြင်းနှင့် လုံခြုံမှုရရန် ဘုရားသခင့်နည်းလမ်းတော်ကို ဟောပြော
၁ ငြိမ်းချမ်းလုံခြုံရေးအတွက် စီမံချက်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြသော်လည်း ကမ္ဘာချီလူသားတို့၏အမှန်လိုအပ်ရာများကို ယင်းတို့က ဖြည့်စွက်မပေးနိုင်ခဲ့ပါ။ ငြိမ်းချမ်းလုံခြုံသောကမ္ဘာဖြစ်မြောက်လာရေးအတွက် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခများနှင့်တွဲဖက်၍ နိုင်ငံရေးရည်မှန်းချက်များနှင့် လောဘရမ္မက်တို့သည် အဓိကအတားအဆီးများဖြစ်နေပုံရှိသော်လည်း၊ စာတန်မာရ်နတ်နှင့် လူသားတို့၏ ယေဟောဝါဘုရားသခင်ကို အသိအမှတ်မပြု၊ ငြင်းဆန်နေသည့်သဘောကသာ အဓိကအတားအဆီးများဖြစ်နေကြောင်းကို စစ်မှန်သောခရစ်ယာန်များ သိရှိကြပါသည်။—ဆာ၊ ၁၂၇:၁။ ယေ၊ ၈:၉။ ၁ ယောဟန် ၅:၁၉။
၂ ငြိမ်းချမ်းလုံခြုံရေးအတွက် ဘုရားသခင့်လမ်းစဉ်သာလျှင် တစ်ခုတည်း သောလမ်းစဉ်ဖြစ်ပြီး၊ လူ့ပြဿနာအပေါင်းကိုဖြေရှင်းပေးနည်း သိရှိထားသူမှာ ယေဟောဝါရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့၏အိမ်နီးချင်းများအား သိနားလည်စေရန် ဇန်နဝါရီလအတွင်း ကြိုးစားကူညီပေးကြမည်။
၃ ဝေစာအသစ်များကို အသုံးပြု။ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးတွင် ဦးဆုံးထုတ်ဝေခဲ့သည့် ဝေစာအသစ်များကို အသုံးပြုခြင်းအားဖြင့် ဤတည်ဆောက်မှုဖြစ်သောသတင်းတရားကို တင်ပြကြမည်။ ဝေစာနံပါတ် ၁၉ ဖြစ်သည့် ဤလောက ဆက်လက်တည်ရှိမည်လော ကိုမည်သို့အသုံးပြုနိုင်ကြောင်း၊ မည်သို့နိဒါန်းပျိုးပြီး ကျမ်းစာသင်အံမှုသို့လမ်းကြောင်းသည်ကို သရုပ်ပြခဲ့ပါသည်။ ကမ္ဘာကုန်ဆုံးခြင်းအကြောင်း ယေရှု၏ပရောဖက်ပြုချက်သည် ထူးခြားစွာပြည့်စုံလာခြင်းက အများသောသူတို့အတွက် စိတ်ဝင်စားဖွယ်ရာဖြစ်လိမ့်မည်။
၄ မြောက်မြားစွာသောသူတို့သည် ယနေ့စိတ်ဓာတ်ကျဆင်းနေကြပြီး စိတ်သက်သာရာ၊ စစ်မှန်သောငြိမ်းချမ်းလုံခြုံမှု၊ ငြိမ်သက်အေးချမ်းသည့်အချိန်အခါကို တမ်းတနေကြပါသည်။ စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု (ဝေစာနံပါတ် ၂၀) သည် များစွာသောသူတို့ကို အားပေးရာ စစ်မှန်သောအရင်းအမြစ်ဖြစ်ပေမည်။
၅ ဝေစာနံပါတ် ၂၁ ဖြစ်သည့် မိသားစုဘဝကို မွေ့လျော်ခြင်း မူကား ဘုရားသခင့်ကမ္ဘာသစ်တွင် ပျော်ရွှင်အားရစရာအနာဂတ်ကို စောင့်မျှော်နေစဉ် ယခုအချိန်တွင်ပင် အိမ်ထောင်ရေးဘဝကို တိုးတက်ကောင်းမွန်စေရန် မည်သို့ပြုလုပ်နိုင်ကြောင်း လက်တွေ့ကျသြဝါဒပေးပါသည်။
၆ ဝေစာနံပါတ် ၂၂ ကမူ လောကကို အမှန်တကယ် မည်သူ အုပ်ချုပ်နေသနည်း ဟူသည့်မေးခွန်းကို အတိအလင်းဖြေရှင်းပေးပါသည်။ လူအများစုသည် ငြိမ်းချမ်းသာယာ၊ လုံခြုံသောဘဝကိုလိုလားလျက်ပင် အဆိုးရွားဆုံးနည်းများဖြင့် လူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အဘယ်ကြောင့်နှိပ်စက်သတ်ဖြတ်နေရကြောင်းကို ရှင်းပြထားပါသည်။ မိုးကောင်းကင်၌ နတ်ဆိုးများရှိကာ စာတန်၏ကလိမ်အကျဆုံးလှည့်ဖြားမှုမှာ သူနှင့် သူ၏နတ်ဆိုးများ တကယ်တည်ရှိနေသည်ကို မယုံကြည်စေခြင်းဖြစ်သည်။
၇ ကျမ်းစာသင်အံမှုများ စတင်။ ဝေစာ၊ ဘရိုရှာ၊ မဂ္ဂဇင်း သို့မဟုတ် စာအုပ်တစ်အုပ်အုပ်နှင့် ကျမ်းစာသင်အံမှုစနိုင်ပါသည်။ အိမ်ရှင်၌ ကျွန်ုပ်တို့၏စာပေရှိနှင့်ပြီဖြစ်ကြောင်း သိရှိရလျှင် ယင်းကို ကျမ်းစာသင်အံမှုအတွက် မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြရန် လိမ္မာပါးနပ်စွာကမ်းလှမ်းပေးပါ။ ဝေစာအသစ်များနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာအသစ်ဖြင့် အိမ်ရှင်၏စိတ်ဝင်စားမှုကို ဆုံးဖြတ်နိုင်ပြီး ကျမ်းစာသင်အံမှုများ စတင်ပေးရန် အလွန်ကောင်းသောကိရိယာများဖြစ်ပါသည်။ ထို့ ပြင် လယ်ကွင်းလုပ်ငန်း လုပ်ကိုင်နေစဉ် သမ္မာတရား၌ အမှန်တကယ်စိတ်ဝင်စားမှုတင်ပြသူများတွေ့ရှိသည့်အခါ ၁၉၈၃ ခုနှစ်၊ သို့မဟုတ် ထိုနှစ်မတိုင်မီက ထုတ်ဝေထားသည့် အသင်းမ၏စာပေတစ်ခုခုကို အသုံးပြုနိုင်ပါသည်။ သင့်အသင်းတော်၌ မိသားစုဘဝ၊ “Kingdom Come”၊ သမ္မာတရား၊ သို့မဟုတ် လူငယ့်ဘဝ စာအုပ်များ ကျန်ရှိနေမည်ဆိုလျှင် ဓမ္မအမှုတွင် ကောင်းစွာအသုံးပြုရန် အစီအစဉ်ပြုလုပ်ပါ။
၈ စစ်မှန်သောလုံခြုံမှုသည် ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်ထံတော်မှသာ ရရှိနိုင်ပါမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကို စိတ်နှလုံးအပြည့် လူများစွာလက်သင့်ခံယူပြီး ယင်းမှကျွန်ုပ်တို့ရရှိထားသည့်မျှော်လင့်ချက်ကို သူတို့ပါပိုက်ကျုံးနိုင်ရန် အတတ်နိုင်ဆုံး ကူညီပေးကြစို့။ ငြိမ်းချမ်းလုံခြုံမှုအတွက် ဘုရားသခင့်လမ်းစဉ်ကိုဟောပြောတင်ပြပေးရန် ကျွန်ုပ်တို့ရရှိထားသည့် သွန်သင်ပေးမှုအတွက် အထောက်အကူစာပေများကို ကောင်းစွာအသုံးပြုကြပါစို့။—ဟေရှာ၊ ၂:၃၊ ၄။