စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေလော့
၁ ဖိလိပ္ပိမြို့တွင် အသင်းတော်တစ်ခု တည်ရှိလာရန် တမန်တော်ပေါလု၏အကူအညီ များစွာပါရှိခဲ့ရာ ထိုအသင်းတော်ကို ပေါလု အထူးတွယ်တာပါသည်။ သူတို့၏ စွန့်ကြဲပေးကမ်းသောစေတနာစိတ်ကို ကျေးဇူးတင်လေးမြတ်ခဲ့ပြီး ပုံသက်သေကောင်းသူများအဖြစ်လည်း ချီးမွမ်းပြောဆိုခဲ့သည်။—၂ ကော. ၈:၁-၆။
၂ ဖိလိပ္ပိအသင်းသားများကို အလွန်မေတ္တာရှိသဖြင့် သူတို့ထံ ပေါလုစာရေးခဲ့ရခြင်းဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်း စာအုပ်၊ အတွဲ ၂၊ စာမျက်နှာ ၆၃၁ [လိပ်] ကဤသို့ဆိုသည်– “ဖိလိပ္ပိအသင်းတော်သည် သူတို့၏ချီးမွမ်းစရာကောင်းသော လမ်းစဉ်အတိုင်း ဆက်လက်လိုက်လျှောက်နေရန် သူ့သြဝါဒစာ၏ အစမှအဆုံးတိုင်အောင် ပေါလုအားပေးတိုက်တွန်းပါသည်။ သူတို့သည် ပိုင်းခြားသိမြင်နိုင်သော ဉာဏ်ပညာကို ဆည်းပူးကြရန်၊ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပါဌ်တရားတော်ကို မြဲမြံစွာဆုပ်ကိုင်ထားရန်၊ ယုံကြည်ခြင်း ပိုမိုခိုင်မြဲရန်နှင့် ဆုရဖို့မျှော်လင့်နေကြရန် ဖြစ်သည်။” သူတို့ကလည်း လှိုက်လှဲစွာတုံ့ပြန်ခဲ့ကြရာ တမန်တော်နှင့် သူတို့စပ်ကြား မေတ္တာနှောင်ကြိုး ခိုင်မြဲစေသည်။ ယနေ့ ပေါလု၏စကားသည် ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိ၍ သူ၏သြဝါဒစကားကို အသေအချာဆင်ခြင်သုံးသပ်သင့်သည်။ အထူးသဖြင့် ဖိလိပ္ပိ ၃:၁၅-၁၇ တွင်ပါသောစကားကို သတိပြုပါ။
၃ ရင့်ကျက်သောစိတ်သဘောသည် မရှိမဖြစ်လို– ဖိလိပ္ပိ ၃:၁၅ တွင် အတွေ့အကြုံရင့်ကျက်သူတစ်ဦးပီပီ ပေါလုရေးသားခဲ့ခြင်းဖြစ်သည်။ ဖိလိပ္ပိအသင်းသားတို့၏ ဝိညာဏတိုးတက်မှုကို အသိအမှတ်ပြုကာ စိတ်သဘောထားမှန်ရှိ ရင့်ကျက်သော ခရစ်ယာန်များအဖြစ် သူတို့အားသဘောထားပြီး ပေါလုပြောဆိုနေ၏။ သူတို့စိတ်သဘောထားတွင် ယေရှု၏ နှိမ့်ချမှုနှင့် တန်ဖိုးထားလေးမြတ်မှု အရည်အချင်းများသာရှိမည်ဆိုလျှင် သူတို့သည် “အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ . . . အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားများ ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပါဌ်တရားတော်ကို” စွဲမြဲစွာ ဆက်လက်ဆုပ်ကိုင်ထားကြပေမည်။ (ဖိ. ၂:၁၅၊ ၁၆) ပေါလု၏စကားများကို ဖတ်ရှုတိုင်း သူနှင့် ကျွန်ုပ်တို့စကားပြောဆိုနေသည်ဟု ခံစားသင့်သည်။ ဤနည်းအားဖြင့် ယေရှု၌ရှိသော စိတ်သဘောထား မိမိ၌ရှိစေရန်နှင့် ကျွန်ုပ်တို့၏အခွင့်အရေးများကို တန်ဖိုးထားကြောင်း နှိမ့်ချစွာတင်ပြရန် စိတ်ဆန္ဒပြင်းပြကြမည်။ ယေဟောဝါထံ အဆက်မပြတ် ဆုတောင်းအသနားခံလျက် ဤတွင်သော်လည်းကောင်း၊ အခြားကိစ္စများတွင်သော်လည်းကောင်း မစကူညီပေးတော်မူရန် ကျွန်ုပ်တို့တောင်းဆိုနေကြမည်။—ဖိ. ၄:၆၊ ၇။
၄ ဖိလိပ္ပိ ၃:၁၆ တွင်တင်ပြသည့်အတိုင်းပင် ကျွန်ုပ်တို့အားလုံး တိုးတက်ရန် ကြိုးစားသင့်သည်။ “တိုးတက်ခြင်း” ဟူသောစကားသည် “ရှေ့သို့ရွေ့လျားနေခြင်း၊ တက်လှမ်းနေခြင်း” ဟုအဓိပ္ပာယ်ရှိသည်။ တိုးတက်သူများသည် “အကြံဉာဏ်၊ တွေ့ရှိချက် သို့မဟုတ် အခွင့်အလမ်းအသစ်များကို စိတ်ဝင်စားတတ်ကြသည်။” ခရစ်ယာန်ဘာသာတရားသည် တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည်မဟုတ်ကြောင်း၊ ရှေ့သို့တက်လှမ်းနေရမည်ဖြစ်ကြောင်း ပေါလုက ဖိလိပ္ပိအသင်းသားများအား သဘောပေါက်နားလည်စေလိုခဲ့သည်။ သူတို့သည် မိမိတို့ကိုယ်ကို စစ်ဆေးလိုမည်၊ ကိုယ့်အားနည်းချက်ကို ဝန်ခံမည်၊ ပိုမိုလုပ်ကိုင်နိုင်ရန် အခွင့်အရေးများကို ရှာကြံမည်၊ လုပ်ကိုင်နေဆဲလုပ်ငန်း၏ အရည်အသွေးကို တိုးတက်စေမည်ဆိုလျှင် သူတို့၌ တိုးတက်သောစိတ်ဓာတ်ရှိကြောင်း ထင်ရှားမည်ဖြစ်သည်။ ယနေ့ ယေဟောဝါ၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် ရှေ့သို့အစဉ်တိုးတက်နေပြီး ယင်း၏လုပ်ငန်း လုပ်ဆောင်နိုင်မှုနယ်ပယ်ကိုသော်လည်းကောင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်အား သိနားလည်ခြင်းပညာကိုလည်းကောင်း အမြဲတိုးချဲ့နေသည်။ ကျွန်ုပ်တို့တစ်ယောက်စီသည် အဖွဲ့အစည်းနှင့် ရင်ပေါင်တန်းလိုက်နေပြီး ပြင်ဆင်ချက်များအားလုံးကို အခွင့်အရေးယူ အသုံးပြုကာ ယင်း၏လုပ်ငန်းတွင် အပြည့်အဝပါဝင်ရမည်။
၅ တိုးတက်ရန် စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ် ရှိဖို့လိုသည်– ဆက်လက်၍ ပေါလုက “ငါတို့မှီပြီးခဲ့သမျှအတိုင်း တစ်နည်းတည်းလိုက်လျှောက်ကြကုန်အံ့” ဟုညီအစ်ကိုများအား တိုက်တွန်းခဲ့သည်။ (ဖိ. ၃:၁၆၊ ကဘ) စနစ်တကျဖြစ်ရန် လူများကိုဖြစ်စေ၊ ပစ္စည်းများကိုဖြစ်စေ သူ့နေရာသူ ထားရှိရန်နှင့် ကောင်းစွာပြုမူရန် လိုအပ်သည်။ ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များသည် မိမိနေရာတွင် နေတတ်ကြပြီး ယေဟောဝါ၏အဖွဲ့အစည်းနှင့်သော်လည်းကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်း ရင်းရင်းနှီးနှီး နေထိုင်ကြသည်။ သူတို့အသက်တာကို ချစ်ခြင်းမေတ္တာပညတ်က စိုးမိုးထားသည်။ (ယော. ၁၅:၁၇; ဖိ. ၂:၁၊ ၂) “သတင်းကောင်းနှင့်ထိုက်လျော်စွာ ပြုမူကြ” ရန် သူတို့အား ပေါလုတိုက်တွန်းသည်။ (ဖိ. ၁:၂၇၊ ကဘ) ယနေ့ ခရစ်ယာန်များသည် စည်းစနစ်ကျဖို့နှင့် ကောင်းသောအမူအကျင့် ကျင့်ဖို့ရန် ယခင်ကနည်းတူပင် အရေးကြီးပါသည်။
၆ လုပ်ရိုးလုပ်စဉ်မည်သည်ကား သာမန်ပြုလုပ်နေကျအမှုကို အလေ့အကျင့်အဖြစ် ပြုမူဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းကြောင့် ဓလေ့ထုံးစံရှိသည့်အတိုင်း လုပ်ကိုင်ခြင်းနှင့် နီးစပ်သည်။ လုပ်ရိုးလုပ်စဉ်ရှိခြင်းသည် အကျိုးရှိသည်။ အကြောင်းမူကား ဆက်လုပ်ကိုင်ရမည့်အမှုကို ဆုံးဖြတ်ရာတွင် ရပ်တန့်၍ ဆင်ခြင်သုံးသပ်စရာမလိုဘဲ ထုံးစံရှိသည့်အတိုင်း အလေ့အကျင့်အနေနှင့် ပြုမူနှင့်သောပုံစံကိုသာ လိုက်လျှောက်ရန်ဖြစ်သည်။
၇ စည်းစနစ်ကျသော သီအိုကရက်တစ် လုပ်ရိုးလုပ်စဉ်တွင် ကောင်းမွန်သော၊ အကျိုးပြုသော၊ ဘုရားရေးရာနှင့်ဆိုင်သော အကျင့်များ၊ ဓလေ့ထုံးစံများ ပါဝင်သည်။ ယင်းတို့ကိုပြုရခြင်းသည် ကိုယ့်ကိုယ်ကို ဝိညာဉ်ရေးဘက် တည်ဆောက်ပေးရန်၊ သူတစ်ပါးကို ကူညီပေးရန်၊ ဖြစ်နိုင်မည်ဆိုလျှင် ယေဟောဝါ၏လုပ်ငန်းတော်တွင် တိုးချဲ့ပါဝင်နိုင်ရန်အတွက် ဖြစ်သည်။ ဤရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရန် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ အစည်းအဝေးများကို မှန်မှန်တက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတို့ပါဝင်သည့် လုပ်ရိုးလုပ်စဉ်ရှိရန်နှင့် ထိုအတိုင်း ဆက်လက်လုပ်ကိုင်ဖို့ လိုအပ်သည်။
၈ စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်တွင်ပါဝင်သော မရှိမဖြစ်အရာများ– မရှိမဖြစ်အရာတစ်ခုကား “တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝသောထိုးထွင်းဉာဏ်” ဖြစ်သည်။ (ဖိ. ၁:၉၊ ကဘ) ကိုယ်ပိုင်လေ့လာမှုသည် ယုံကြည်ခြင်းခိုင်မြဲစေသည်၊ သမ္မာတရားကို တန်ဖိုးထားစိတ် တိုးပွားစေသည်၊ ကောင်းသောအကျင့်များကို ကျင့်ရန်လှုံ့ဆော်ပေးသည်။ သို့ရာတွင် ကိုယ်ပိုင်လေ့လာမှုကို အကျင့်အနေနှင့် မှန်မှန်ပြုလုပ်ရန် အချို့အခက်အခဲတွေ့နေကြသည်။ အများဆုံးပေးသော ဆင်ခြေများအနက် တစ်ခုကား အချိန်မရခြင်းဖြစ်သည်။
၉ နေ့စဉ်နေ့တိုင်း ကျမ်းစာဖတ်ရွတ်ခြင်းအကျိုးကို အထင်မသေးသင့်ပါ။ ယင်းမှရရှိသောသွန်သင်မှုသည် အဘက်ဘက်တွင် “အကျိုးရှိ” သည်။ (၂ တိ. ၃: ၁၆၊ ၁၇) ကျွန်ုပ်တို့၏နေ့စဉ် လုပ်ရိုးလုပ်စဉ်တွင် ကျမ်းစာလေ့လာမှုအတွက် အချိန် မည်သို့ရနိုင်မည်နည်း။ အချို့သူများက နေ့စဉ် မိနစ်အနည်းငယ် ပိုစောစောထ၍ ဖတ်နိုင်ကြောင်း၊ ထိုအချိန်၌ စိတ်လန်းဆန်းမှုရှိကြောင်း တွေ့ရှိကြသည်။ အခြားသူများကြပြန်လျှင် အိပ်ရာမဝင်မီ မိနစ်အနည်းငယ်ဖတ်ရန် ပိုအဆင်ပြေကြောင်း တွေ့ရှိသည်။ တစ်နေ့လုံး အိမ်တွင်ရှိသော ဇနီးသည်များဆိုလျှင် မိသားစုဝင်တို့ အလုပ်သို့မဟုတ်ကျောင်းမှ ပြန်မလာမီ နေ့လည်ချိန်တွင် အချိန်အနည်းငယ်ပေးကာ ဖတ်ရှုနိုင်ပေမည်။ မှန်မှန်ကျမ်းစာဖတ်ရှုခြင်းအပြင် ပတ်စဉ်ကိုယ်ပိုင်လေ့လာမှု လုပ်ရိုးလုပ်စဉ်တွင် ကြွေးကြော်သူများ စာအုပ်ကိုဖတ်ရှုခြင်းပါ အချို့ပြုလုပ်ကြသည်။
၁၀ အလေ့အကျင့်အသစ်များရရှိလာရန် ကြိုးစားကြရာတွင် ယင်းတို့သည် အလေ့အကျင့်ဟောင်းများနှင့် ဆန့်ကျင်စရာအကြောင်း ရှိသည်။ ယခင်ကဆိုလျှင် အရေးမကြီးသောအလုပ်များနှင့် အချိန်ဖြုန်းခဲ့ပေမည်။ ထိုပုံစံအတိုင်း လိုက်လျှောက်လေ့ရှိခြင်းကို ဖျက်ပစ်ရန် လွယ်ကူမည်မဟုတ်ပါ။ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်သည့်အကျင့်ရှိရန် မည်သူမျှ အမိန့်ထုတ်မည်မဟုတ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ပြုမူသမျှကို စာရင်းတင်ပြစရာလည်း မလိုပါ။ ကိုယ်ပိုင်လေ့လာမှု မှန်မှန်ပြုလုပ်ခြင်းသည် “သာ၍အရေးကြီးသောအရာများ” ကို ကျွန်ုပ်တို့ မည်မျှတန်ဖိုးထားသည်၊ ၎င်းတို့၏အကျိုးကို ခံစားရရန် “အခွင့်အခါ” ကိုရွေးနုတ်ချင်စိတ် မည်မျှရှိသည်အပေါ် အခြေပြုသည်။—ဖိ. ၁:၁၀၊ ကဘ၊ ဧ. ၅:၁၆၊ ကဘ။
၁၁ ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုအတွက် ခရစ်ယာန်အစည်းအဝေးများသည်အလွန်အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ပြီး ၎င်းမှ လိုအပ်သောသွန်သင်မှုနှင့် အားပေးတည်ဆောက်မှုကိုပါ ကျွန်ုပ်တို့ရရှိကြသည်။ သို့ဖြစ်၍ စည်းဝေးများတက်ခြင်းသည် ကျွန်ုပ်တို့၏စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်တွင် မရှိမဖြစ်သောနောက်ထပ်ကဏ္ဍတစ်ခုဖြစ်သည်။ ယင်း၏အရေးကြီးမှုကို ပေါလုအလေးအနက်ဖော်ပြခဲ့သည်။ အစည်းအဝေးတက်ခြင်းသည် စိတ်ကြိုက်ရွေးချယ် ပြုလုပ်ရသည့်ကိစ္စမျိုး မဟုတ်ပါ။—ဟေ. ၁၀:၂၄၊ ၂၅။
၁၂ လုပ်ကိုင်စရာ ပတ်စဉ်အစီအစဉ်ကို ရေးဆွဲသည့်အခါ စည်းစနစ်ကျမှုကို မည်သို့တင်ပြနိုင်သနည်း။ ကိုယ်ရေးကိုယ်တာလုပ်ငန်းများအတွက် အချို့က အချိန်သတ်မှတ်ပေးပြီးနောက် အချိန်ကျန်ရှိမည်ဆိုလျှင် စည်းဝေးတက်ဖို့ စီစဉ်တတ်ကြသည်။ အမှန်မှာ ပြောင်းပြန်ဖြစ်သင့်သည်။ ပတ်စဉ်အစည်းအဝေးများကို ဦးစားပေးပြီးနောက် အခြားလုပ်ငန်းများကို ပြုလုပ်ရန်ဖြစ်သည်။
၁၃ အစည်းအဝေးများကို မှန်မှန်တက်ရန် ကောင်းစွာစီစဉ်ခြင်းနှင့် မိသားစုလိုက် ဝိုင်းဝန်းကူညီခြင်းရှိဖို့လိုသည်။ စနေ၊ တနင်္ဂနွေနေ့မှလွဲ၍ ကျန်နေ့ရက်များတွင် အချိန်ကိုလုပြီးအလုပ်များ လုပ်ကိုင်နေကြရသည်။ ယင်းကြောင့် မိသားစုအဝင်ဖြစ်သူများသည် အသင့်ပြင်ဆင်ကြပြီး စည်းဝေးမစမီ ရောက်နိုင်ကြရန် နည်းအမျိုးမျိုးဖြင့် ဝိုင်းဝန်းကူညီလုပ်ကိုင်ဖို့လိုသည်။
၁၄ စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေရန် လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်းသည် အလွန်အရေးပါသည်။ နိုင်ငံတော်သတင်းဟောပြောရန် ကျွန်ုပ်တို့၌ ကြီးလေးသောတာဝန်ရှိကြောင်းကို အားလုံးကောင်းစွာသိရှိထားကြသည်။ ယင်းက ကျွန်ုပ်တို့အား ယေဟောဝါသက်သေများ ဖြစ်စေသည့်အကြောင်းဖြစ်သည်။ (ဟေရှာ. ၄၃:၁၀) ယနေ့ လုပ်ကိုင်သမျှတွင် ဤလုပ်ငန်းသည် အရေးအကြီးဆုံးနှင့် အကျိုးအရှိဆုံးလုပ်ငန်းဖြစ်ရကား ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်တွင် ကြုံကြိုက်မှသာ ပြုလုပ်ရသောအလုပ်ကဲ့သို့ ယူမှတ်နိုင်စရာအကြောင်း လုံးဝမရှိပါ။ ပေါလုက ဤသို့မှာကြားခဲ့သည်– “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ထံအစဉ်မပြတ်ပူဇော်ဆက်ကပ်ကြကုန်အံ့။”—ဟေ. ၁၃:၁၅၊ ကဘ။
၁၅ ပတ်စဉ်လုပ်ငန်းဆောင်တာများကို စီစဉ်သည့်အခါ လယ်ကွင်းလုပ်ငန်းအတွက် အချိန်အတိအကျ သတ်မှတ်ထားသင့်သည်။ လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများကို အသင်းတော်က တစ်ပတ်လျှင် အကြိမ်ကြိမ်စီစဉ်ထားပေမည်။ အဘယ်နေ့ရက်တွင်ပါဝင်နိုင်မည်ကို ဆုံးဖြတ်ချက်ချဖို့သာ လိုပေမည်။ လုပ်ငန်းတော်အဝင်ဖြစ်သည့် မဂ္ဂဇင်းများ၊ အခြားစာပေများနှင့်အတူ တစ်အိမ်မှတစ်အိမ်သွားခြင်း၊ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှု ကျင်းပခြင်း အစရှိသည့်လုပ်ငန်းအသီးသီးတွင် ပါဝင်နိုင်ရန် ကြိုးစားသင့်သည်။ စာပေစာတမ်းများ ယူဆောင်သွားခြင်း၊ စကားစမြည်စတင်ရန် အခွင့်အရေးများ အပေါ်နိုးကြားနေခြင်းအားဖြင့် အလွတ်သဘောသက်သေခံဖို့ ကြိုတင်စီစဉ်နိုင်ပေသည်။ သူတစ်ပါးနှင့် တွဲပြီးအမှုဆောင်ထွက်လေ့ရှိသဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် သူတို့၏အစီအစဉ်ကို စုံစမ်းထားရန် စီစဉ်နိုင်သည်။
၁၆ ရပ်ကွက်တွင် စိတ်ဝင်စားမှု မရှိသည့်ကြားမှပင် ဟောပြောခြင်းလုပ်ရိုးလုပ်စဉ်ကို အမြဲလုပ်ကိုင်ရမည်ဖြစ်သည်။ လူနည်းစုသာ လက်ခံနားထောင်မည်ကို ကျွန်ုပ်တို့ကြိုတင်သိရှိထားပြီ။ (မ. ၁၃:၁၅; ၂၄:၉) ‘ပုန်ကန်တတ်သော၊ ရဲသောမျက်နှာနှင့် ခိုင်မာသောနှလုံးရှိ’ သူများအား ဟောပြောရန် ယေဇကျေလ တာဝန်ရခဲ့သည်။ ယေဇကျေလ၏ “နဖူးကို ကျောက်ထက်မက၊ စိန်ထက်သာ၍ ခိုင်မာစေ” ခြင်းအားဖြင့် သူ့အား ယေဟောဝါကူညီပေးမည်ဟု ကတိထားတော်မူသည်။ (ယေဇ. ၂:၃၊ ၄; ၃:၇-၉) ထို့ကြောင့် လုပ်ငန်းတော်၌ မှန်မှန်ပါဝင်သည့် လုပ်ရိုးလုပ်စဉ်ရှိနိုင်ရန် ဇွဲလုံ့လရှိဖို့လိုပါသည်။
၁၇ အတုယူစရာ ပုံသက်သေကောင်းများ– ဦးဆောင်မည့်သူရှိသောအခါ လယ်ကွင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပိုမိုထိရောက်မှုရှိသည်။ ပေါလုနှင့် သူ၏အဖော်အဖက်များသည် ပုံသက်သေကောင်း ချမှတ်ခဲ့၍ မိမိကိုအတုယူကြရန် တိုက်တွန်းသည်။ (ဖိ. ၃:၁၇) သူ၏လုပ်ရိုးလုပ်စဉ်တွင် ဝိညာဉ်ခွန်အား ပြည့်ဝနေနိုင်ရန် လိုအပ်သမျှအရာများ ပါဝင်ပါသည်။
၁၈ ယနေ့လည်း ပုံသက်သေကောင်းများ ကျွန်ုပ်တို့ရရှိထားပြီ။ ဟေဗြဲ ၁၃:၇ တွင် ပေါလုက ဤသို့တိုက်တွန်းသည်– “သင်တို့ကိုအုပ်ထိန်းသူတို့အား သတိရလျက်နေကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကိုတုပလုပ်ကိုင်လော့။” ခရစ်တော်၏ ပုံသက်သေကို ကျွန်ုပ်တို့အတုယူကြရမည် မှန်သော်လည်း ကျွန်ုပ်တို့အား ဦးစီးနေသူတို့ တင်ပြသော ယုံကြည်ခြင်းကို အတုယူနိုင်ကြသည်။ ပေါလုနည်းတူ အကြီးအကဲများသည် သူတစ်ပါးရှေ့ ပုံသက်သေကောင်းများဖြစ်ဖို့လိုကြောင်းကို အမြဲသတိပြုသင့်သည်။ သူတို့တစ်ဦးစီ၏ အခြေအနေ တူမည်မဟုတ်သော်လည်း နိုင်ငံတော်ရေးရာကို ရှေ့ဦးထားသည့်နေရာတွင် စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကိုင်နေကြောင်း တင်ပြနိုင်ရမည်။ ဝမ်းစာရှာလုပ်ငန်းနှင့် မိသားစုတာဝန်များရှိလျက်ပင် အကြီးအကဲများ၌ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ အစည်းအဝေးတက်ခြင်း နှင့် လယ်ကွင်းလုပ်ငန်းတွင် ဦးစီးပါဝင်ခြင်းများတွင်အလေ့အကျင့် ရှိနေသင့်သည်။ အကြီးအကဲများသည် ‘မိမိအိမ်ကို ကောင်းစွာဦးစီး’ နိုင်သူများဖြစ်ကြောင်း သက်သေထူခြင်းအားဖြင့် အသင်းတော်တစ်ခုလုံးသည် စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေကြရန် အားပေးမှုရကြမည်။—၁ တိ. ၃:၄၊ ၅။
၁၉ လုပ်ငန်းတော်နှစ်သစ်အတွက် ပန်းတိုင်များ– လုပ်ငန်းတော်နှစ်သစ်တစ်ခု စတင်မည်ဖြစ်ရာ ကိုယ်ပိုင်လုပ်ရိုးလုပ်စဉ်အကြောင်း ပြန်သုံးသပ်ဆင်ခြင်ရန် အလွန်သင့်တော်ပေသည်။ လွန်ခဲ့သောနှစ်အတွက် ကျွန်ုပ်တို့၏လုပ်ငန်းကို ပြန်စစ်ဆေးကြည့်ရာတွင် ဘာကိုတွေ့ရှိရသနည်း။ ကျွန်ုပ်တို့၏လုပ်ငန်းကို မလျော့နည်းစေဘဲ တတ်နိုင်သ၍ တိုးတက်စေနိုင်ခဲ့ပြီလော။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရာတွင် ယခင်ကထက် ပို၍စေ့စေ့လေ့လာခဲ့မည်။ အစည်းအဝေးများကို ယခင်ကထက် ပိုမှန်မှန်တက်ခဲ့ပေမည်။ သို့မဟုတ် အရန်ရှေ့ဆောင်ခဲ့ခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းကို တိုးချဲ့ခဲ့ပေမည်။ အသင်းတော်၌၊ သို့မဟုတ် အိမ်တွင်း၌ သူတစ်ပါးအကျိုးအတွက် ဆောင်နှင်းခဲ့သော ခရစ်ယာန်ကြင်နာမှုရှိ လုပ်ရပ်များကိုလည်း ဖော်ပြနိုင်ခဲ့ပေမည်။ သို့ဖြစ်လျှင် ဘုရားသခင်နှစ်သက်သောနည်းလမ်းအတိုင်း ကျွန်ုပ်တို့လိုက်လျှောက်ခဲ့ပြီဖြစ်သောကြောင့် ဝမ်းသာအားရနိုင်ပြီး ဤအတိုင်းပင် “တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း” ရှိပါသည်။—၁ သက်. ၄:၁။
၂၀ အကယ်၍ ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်သည် ပုံမှန်မဟုတ်၊ လုပ်တစ်လှည့် မလုပ်တစ်လှည့် ဖြစ်နေမည်ဆိုလျှင်ကော။ ဝိညာဉ်ရေးရာကော မည်သို့ရှိသနည်း။ အကြောင်းတစ်ခုခုကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲနေပါသလော။ တိုးတက်မှုသည် ယေဟောဝါထံ အကူအညီတောင်းခံခြင်းနှင့် စတင်သည်။ (ဖိ. ၄:၆၊ ၁၃) သင့်လိုအပ်ရာများကို မိသားစုအဝင်ရှိ အခြားသူတို့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သင်၏လုပ်ရိုးလုပ်စဉ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် အကူအညီတောင်းဆိုပါ။ အခက်အခဲများရှိမည်ဆိုလျှင် အကြီးအကဲများအား အကူအညီတောင်းဆိုနိုင်သည်။ ကြိုးစားအားထုတ်ခြင်းနှင့် ယေဟောဝါ၏ လမ်းပြညွှန်ကြားမှုကို လက်ခံယူမည်ဆိုလျှင် “ပျင်းရိခြင်း၊ အသီးမဲ့ခြင်း ကင်း” သောအဖြစ်ကို အမှန်ရှောင်ကြဉ်နိုင်ပါလိမ့်မည်။—၂ ပေ. ၁:၅-၈၊ သမ။
၂၁ စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက်လိုက်လျှောက်နေခြင်းဖြင့် အချိန်ကုန် လူပန်းခံထိုက်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေရန် စိတ်ဆုံးဖြတ်ပြီးနောက် “မဖင့်မနွှဲ လုံ့လထုတ်လျက်၊ စိတ်စေတနာ ထက်သန်လျက်၊ သခင်ဘုရား၏ အစေတော်ကိုခံလျက်” နေပါ။ (ရော ၁၂:၁၁၊ သမ)—ဤအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးတင်ပြချက်ကို သိရှိလိုလျှင် ၁၉၈၆ မေ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၁ ရှု။