နိုင်ငံတော်လုပ်ငန်းဆိုင်ရာ သင့်ဘဏ္ဍာကို တိုးချဲ့လေ
၁ နိုင်ငံတော်မျှော်လင့်ချက်ကို တန်ဖိုးအနဂ္ဃရှိ ဘဏ္ဍာနှင့် ယေရှုခိုင်းနှိုင်းထားတော်မူသည်။ (မ. ၁၃:၄၄-၄၆) သာ၍တန်ဖိုးကြီးမားသောအရာတစ်ခုကို ဝယ်ယူခြင်းငှာ မိမိတို့၏ ပစ္စည်းဥစ္စာအားလုံးကို ရောင်းထုတ်ခဲ့သော ယေရှု၏ပုံဥပမာများပါ ပုဂ္ဂိုလ်တို့ကဲ့သို့ ကျွန်ုပ်တို့တူပါသလော။ သို့ဖြစ်လျှင် ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားသည့်အတွက် အဆင်မပြေမှု၊ ကိုယ့်ကိုယ်ကို ငြင်းပယ်မှု ပြုရဦးတော့ ယင်းကို ရှေ့ဦးထားမည်။—မ. ၆:၁၉-၂၂။
၂ ကျွန်ုပ်တို့၏နိုင်ငံတော်လုပ်ငန်းသည် ဘဏ္ဍာတိုက်ဖြစ်သောကြောင့် ယင်းကို တိုးချဲ့လိုစိတ် ရှိသင့်သည်။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်က အဘယ်အရာကို ဖော်ပြပါသနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်လုပ်ငန်းကို တိုးချဲ့နေပါသလော။ တစ်အိမ်မှတစ်အိမ် လုပ်ငန်း၌ ပါဝင်ခြင်း၊ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများ ကျင်းပခြင်းနှင့် အလွတ်သဘောသက်သေခံခြင်းတို့အပါအဝင် ဓမ္မအမှု၏ ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ထိုသို့ပြုနိုင်ပါသည်။
၃ အကျွန်ုပ်ပါဝင်ဆောင်ရွက်မှုကို မည်သို့တိုးချဲ့နိုင်မည်နည်း– လုပ်ငန်းတော်နှစ်သစ် စတင်သည်နှင့်အမျှ ကျွန်ုပ်တို့တစ်ဦးချင်းစီအနေဖြင့် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်သည့်အချိန်ကို မည်သို့တိုးများစေနိုင်ကြောင်း မိမိကိုယ်ပိုင်လုပ်ငန်းကို စစ်ဆေးကြည့်ရန် ကောင်းပါသည်။ ဤသို့လည်း မေးသင့်သည်– ‘တစ်ခါတစ်ရံ သို့မဟုတ် ဆက်တိုက်ပင် အရန်ရှေ့ဆောင်အဖြစ် ပါဝင်နိုင်ရန် စီစဉ်နိုင်မည်လော။ အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နိုင်မည်လော။’ စက်တင်ဘာ ၁ ရက်မှစ၍ ရှေ့ဆောင်သူများသည် နောက်နှစ် ရှေ့ဆောင်သင်တန်းကို တက်နိုင်ခွင့်ရှိသည်။
၄ ကြေညာသူအချို့သည် အလွတ်သဘောသက်သေခံချိန်ကို တိုးများလာစေရန် ကိုယ်ပိုင်ပန်းတိုင် ထားကြပါသည်။ ဤလုပ်ငန်းသည် များသောအားဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ အခြားသူများဆိုလျှင် ပြန်လည်မှုပတ်များ (သို့) ကျမ်းစာသင်အံမှုများစတင်ခြင်းကို ထိရောက်စွာပြုလုပ်ရန် တိုးတက်စရာလိုသည်ဟု ယူမှတ်ပေမည်။
၅ ကျွန်ုပ်တို့၏ဓမ္မအမှုသည် တစ်နည်းအားဖြင့် လျော့နည်းနေသည်ဟု ယူဆလျှင် တိုးများလာစေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ ပိုမိုမြင့်မားသောပန်းတိုင်များကိုအောင်မြင်စွာ လိုက်မီခဲ့သူများက မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံတော်ရေးရာများကို ရှေ့ဦးထားရန် ဦးဆုံးစိတ်ပိုင်းဖြတ်ဖို့ ထောက်ခံအားပေးသည်။ (မ. ၆:၃၃) ယုံကြည်ခြင်းနှင့် ယေဟောဝါကို အပြည့်အဝ အားထားမှီခိုခြင်း ရှိရန်လိုသည်။ (၂ ကော. ၄:၇) စိတ်ရင်းမှန်နှင့် အဆက်မပြတ်ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်၏အကူအညီကို တောင်းခံပါ။ (လု. ၁၁:၈၊ ၉) ယေဟောဝါ၏လုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် ကျွန်ုပ်တို့ အမှန်တကယ်ကြိုးစားအားထုတ်မှုများကို ကိုယ်တော်ကောင်းချီးပေးမည်ဟု စိတ်ချနိုင်ပါသည်။—၁ ယော. ၅:၁၄။
၆ မိမိတို့၏ဓမ္မအမှုကို အောင်မြင်စွာတိုးချဲ့နိုင်ခဲ့သော အခြားညီအစ်ကိုညီအစ်မများနှင့် ဆွေးနွေးတိုင်ပင်ပါ။ စိတ်ဓာတ်မကျဘဲ အတားအဆီးများကို မည်သို့ကျော်လွှားခဲ့ကြောင်း သူတို့အား မေးမြန်းပါ။ သင့်ဓမ္မအမှုကို တိုးချဲ့နိုင်ကြောင်း သင့်အား ယုံကြည်စိတ်ချစေရန် သူတို့၏တွေ့ကြုံမှုများသည် သင်လိုအပ်နေသော အားပေးမှုပင် ဖြစ်ချေမည်။
၇ ကင်းမျှော်စင် နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ပါသော လယ်ကွင်းလုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်းပါးများကို အသင်ဖတ်ရှုသောအခါ ရရှိသည့်အကြံပြုချက်များကို သင့်ဓမ္မအမှုတွင် မည်သို့လက်တွေ့အသုံးချနိုင်ကြောင်း ဆုတောင်းလျက် ဆင်ခြင်သုံးသပ်ပါ။ အသင်းတော်အစည်းအဝေးများ သို့မဟုတ် စည်းဝေးပွဲကြီးများ တက်သည့်အခါလည်း ထပ်တူပင် ပြုလုပ်ပါ။ ဤဆောင်းပါးတွင်ပါသည့် အကြံပြုချက်များသည် လွန်ခဲ့သောနှစ်တိုက်နယ်စည်းဝေးပွဲ၏အစီအစဉ်အဝင်ဖြစ်သော ဆွေးနွေးခန်းတစ်ခုကို အခြေပြုထားသည်။ ထိုအစီအစဉ်တွင်ပါခဲ့သော အားပေးချက်များအတိုင်း ပြုလုပ်ဆောင်ရွက်ရန် အကူအညီဖြစ်စေမည့် အစဉ်လိုက်ဖြစ်သော ဆောင်းပါးများတွင် ဤဆောင်းပါးသည် ပထမဆုံးဖြစ်သည်။
၈ ယေရှုသည် မိမိ၏ဓမ္မအမှုကို အလေးအနက်သဘောထားပြီး ယင်းကို အဓိကအဖြစ် ယူမှတ်တော်မူသည်။ ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း . . . သည် ငါ့စားစရာဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (ယော. ၄:၃၄) ကျွန်ုပ်တို့လည်း ထပ်တူသဘောထားကြပါသလော။ ထိုသို့သဘောထားမည်ဆိုလျှင် ကျွန်ုပ်တို့၏လုပ်ငန်းကို တိုးချဲ့ပြီး ကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်မှ “ကောင်းသောအရာများ” ကို သူတစ်ပါးအား ဝေမျှပေးရန် နည်းလမ်းများ အမှန်ရှာကြံမည်ဖြစ်သည်။—မ. ၁၂:၃၅; လု. ၆:၄၅။