နိုင်ငံတော်သတင်း ဟောပြောခြင်းကို တိုးတက်စေရန် နည်းများ
၁ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် တစ်ခါနှင့်မျှမတူအောင် ယခု ပိုမိုအရေးကြီးလာလေပြီ။ သတင်းကောင်းကို လူတို့တုံ့ပြန်ပုံပေါ် မူတည်ပြီး သူတို့အသက်ရှင်မည် သို့မဟုတ် သေမည်ဖြစ်သည်။ (၁ ပေ. ၄:၅၊ ၆၊ ၁၇; ဗျာ. ၁၄:၆၊ ၇) ယင်းကြောင့် နိုင်ငံတော်သတင်းဟောပြောနည်းများကို တိုးတက်စေရန် အမြဲဂရုပြုသင့်သည်။ တိုးတက်မှုရှိစေနိုင်မည့်နည်းအချို့ကား အဘယ်နည်း။
၂ ကောင်းစွာပြင်ဆင်ပါ– ယခုလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်ကိုအသုံးပြုကာ သင့်ရပ်ကွက်သူရပ်ကွက်သား အများစု နှစ်သက်မည်ထင်သည့် တင်ဆက်နည်းကို ရွေးချယ်ပါ။ ဒေသခံအခြေအနေနှင့်လိုက်ဖက်သည့်စကားများကို အသုံးပြုဖို့ အရေးကြီးသည်။ သို့မဟုတ် သင့်အတွက် ထိရောက်ခဲ့ပုံရှိသော နည်းများနှင့် ကျမ်းချက်များကို အသုံးပြုကာ မိမိကိုယ်ပိုင်တင်ဆက်ပုံတစ်ခုကို ပြင်ဆင်လိုပေမည်။ စိတ်ဝင်စားမှုကို နှိုးဆွမည့် နိဒါန်းလိုလိမ့်မည်။ (Reasoning စာမျက်နှာ ၉-၁၅ ရှု။) အရပ်သတင်းတစ်ခုနှင့်စပ်လျဉ်း၍ စဉ်းစားစရာ မေးခွန်းတစ်ခုကိုမေးလိုမည် သို့မဟုတ် အိမ်ရှင်၏သဘောကို သင်သိရှိရန် မေးလိုပေမည်။ တင်ဆက်ပုံကို စဉ်းစားထားပြီးပြီဆိုလျှင် ကောင်းသည်ထက်ကောင်းဖို့ အကြံပေးနိုင်မည့် အိမ်သားတစ်ဦး သို့မဟုတ် ကြေညာသူတစ်ဦးနှင့်အတူ လေ့ကျင့်ပါ။
၃ လူတို့နှင့် အပြန်အလှန်စကားပြောဆိုပါ– ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အရေးကြီးသောသတင်းတစ်ရပ်ကို တင်ပြခြင်းဖြစ်သည်။ ယင်းကိုပြုရန် နားထောင်သူနှင့် အဓိပ္ပာယ်ရှိရှိ စကားစမြည်ပြောဆိုဖို့လိုသည်။ အိမ်ရှင်က ကန့်ကွက်ချက်တစ်ခုကို တင်ပြမည်၊ သို့မဟုတ် သူ့သဘောထားကို ဖော်ပြမည်ဆိုလျှင် ကောင်းစွာနားထောင်ပါ။ သူပြောဆိုသည့်စကားများသည် သင့်မျှော်လင့်ချက်ကို ကျမ်းစာဆိုင်ရာ အဖြေများဖြင့် တင်ပြနိုင်ရန် အထောက်အကူပြုပါလိမ့်မည်။ (၁ ပေ. ၃:၁၅) သူ၏သဘောထားသည် ကျမ်းစာနှင့် မကိုက်ညီလျှင် လိမ္မာစွာဖြင့် ဤသို့ဆိုနိုင်မည်– “လူအများက ခင်ဗျားလိုပဲ ယူမှတ်ကြတယ်။ ဒါပေမဲ့ ဒီအကြောင်းကို အခြားတစ်နည်းနဲ့ စဉ်းစားကြည့်နိုင်တယ်။” ထို့နောက် သင့်လျော်သောကျမ်းချက်တစ်ခုကို ဖတ်ပြကာ သူ၏သဘောထားကို တင်ပြစေပါ။
၄ ပြောင်းသာလွဲသာဖြစ်သော ဇယားတစ်ခုထားပါ– ကောင်းစွာပြင်ဆင်ထားသော်လည်း လူတို့နှင့်တွေ့ဆုံစကားမပြောရလျှင် တန်ဖိုးရှိမည်မဟုတ်ပါ။ ယနေ့ အိမ်များသို့သွားရာတွင် အိမ်တွင်လူတွေ့ဆုံရသည်ကား နည်းသည်။ ယင်းသို့ပင် သင့်ရပ်ကွက်တွင် ဖြစ်နေပါက အိမ်များ၌ လူအများရှိတတ်သောအချိန်တွင် တစ်အိမ်မှတစ်အိမ်သွားရန် သင့်လုပ်ငန်းဇယားကို ကြိုးစားပြုပြင်ပါ။ သီတင်းပတ် ကုန်ရက်များတွင် လည်ပတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်ကို သင်တွေ့ရှိပေမည်; အခြားသူများကိုမူကား သီတင်းပတ်အတွင်းရက်များ၏ ညနေပိုင်းအချိန်တွင် အိမ်၌တွေ့ရှိနိုင်စရာအကြောင်း ပိုများပေမည်။ အချို့ဒေသများ၌ ပိတ်ရက်များတွင် လူအများ အိမ်တွင်ရှိကြသဖြင့် ထိုရက်၌ သက်သေခံထွက်လျှင် ပိုအကျိုးရှိကြောင်း ကြေညာသူအများ တွေ့ရှိခဲ့ပြီ။ ဤအချိန်တွင် လူတို့သည် အများအားဖြင့် အေးအေးဆေးဆေးရှိကြပြီး စကားစမြည်ပြောဆို ဆွေးနွေးလိုကြပေမည်။ အခြေအနေအလိုက် သင့်နိဒါန်းကို ပြုပြင်ပြောင်းလဲပေးပြီး ကျမ်းစာမှအဓိကအချက်တစ်ခုနှင့် ဆက်စပ်ပြောဆိုလျှင် ကောင်းပေသည်။
၅ သင့်တင်ဆက်ပုံ၏ ထိရောက်မှုကို သုံးသပ်ပါ– တစ်အိမ်စီဝင်ထွက်ပြီးနောက် မိမိကိုယ်ကို ဤသို့မေးမြန်းပါ– ‘အိမ်ရှင်ရဲ့နှလုံးကို ထိမိခဲ့ရဲ့လား။ သူ့သဘောကို တင်ပြစေပြီး သူ့စကားကို ငါနားထောင်ခဲ့သလား။ အလိမ္မာသုံးပြီး အဖြေပေးခဲ့ရဲ့လား။ အခြေအနေကိုထောက်ပြီး အကောင်းဆုံးချဉ်းကပ်နည်းကို အသုံးပြုခဲ့ရဲ့လား။’ ဓမ္မအမှုတွင် သင့်ထိရောက်မှုကို တိုးတက်စေလိုသည့်သဘောဖြင့် အတွေ့အကြုံရင့်ကျက်သောကြေညာသူ သို့မဟုတ် ရှေ့ဆောင်တစ်ဦးနှင့် တစ်ခါတစ်ရံတွဲပြီး သူ့တင်ဆက်ပုံတို့ကို ဂရုစိုက်နားထောင်လျှင် ကောင်းပေမည်။
၆ သင့်လုပ်ငန်းတွင် ကျွမ်းကျင်လိမ္မာမှုရှိပါက “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်” မည့်နိုင်ငံတော်သမ္မာတရားကို သူတစ်ပါးအား အသင်ဝေမျှပေးနိုင်ပါလိမ့်မည်။—၁ တိ. ၄:၁၆; သု. ၂၂:၂၉။