အဘယ်စိတ်ထားမျိုးကို သင်တင်ပြသနည်း
၁ ဖိလိပ္ပိအသင်းတော်ထံ မိမိ၏စာကို ဤသြဝါဒနှင့် ပေါလု နိဂုံးချုပ်ခဲ့သည်– “အရှင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့စိတ်ဝိညာဉ်နှင့်အတူ တည်ရှိစေသတည်း။” (ဖိ. ၄:၂၃၊ သမ) သတင်းကောင်းကို တကယ်စိတ်ဝင်စားစွာ ဟောပြောခဲ့ခြင်းကိုသာမက အချင်းချင်း တစ်ဦးအကျိုးကို တစ်ဦးလိုလားကြသောကြောင့် သူတို့၏ချစ်ခင်ကြင်နာစိတ်ကို ပေါလုချီးမွမ်းခဲ့သည်။—ဖိ. ၁:၃-၅; ၄:၁၅၊ ၁၆။
၂ ကျွန်ုပ်တို့အသင်းတော်တွင်လည်း ထပ်တူစိတ်ဓာတ်မျိုးတင်ပြရန် ဆန္ဒရှိသင့်သည်။ အားလုံးက ဇွဲလုံ့လ၊ ကြင်နာမှုနှင့် ဧည့်ဝတ်ပျူငှာမှုကို တင်ပြကြမည်ဆိုလျှင် အကဲခတ်ရှုစားသူများ တွေ့မြင်နိုင်သည့် စိတ်ဓာတ်ကို ဖန်တီးပေးရာရောက်မည်။ အပြုသဘောပါ၍ ချစ်ခြင်းမေတ္တာရှိစိတ်ဓာတ်သည် စည်းလုံးညီညွတ်မှုနှင့် ဝိညာဏတိုးတက်မှုကို ဖြစ်ပွားစေသည်။ (၁ ကော. ၁:၁၀) အပြုသဘောမပါသောစိတ်ဓာတ်မူကား စိတ်ဓာတ်ကျခြင်းနှင့် စိတ်မပါ့တစ်ပါလုပ်ဆောင်ခြင်းတို့ကို ဖြစ်ပွားစေတတ်သည်။—ဗျာ. ၃:၁၅၊ ၁၆။
၃ အကြီးအကဲများဦးစီးကြ– အကြီးအကဲများသည် အချင်းချင်းတို့တွင်လည်းကောင်း၊ အသင်းတော်တွင်လည်းကောင်း ချီးမွမ်းစရာကောင်းသည့် အပြုသဘောပါစိတ်ဓာတ်ရှိစေရန် ကြိုးစားဖို့တာဝန်ရှိသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သူတို့၏စိတ်ထားနှင့် အကျင့်အကြံအပြုအမူသည် အသင်းတော်အပေါ် ဩဇာလွှမ်းမိုးနိုင်သည်။ ကျွန်ုပ်တို့သည် လယ်ကွင်းလုပ်ငန်းတွင် ဇွဲလုံ့လရှိသောအကြီးအကဲများ၊ ကျွန်ုပ်တို့ကို ရင်းနှီးခင်မင်စွာ၊ ကြင်နာသောစကားများဖြင့် နှုတ်ဆက်သောအကြီးအကဲများ၊ နှစ်ကိုယ်ကြား၊ သို့မဟုတ် စင်မြင့်ပေါ်မှ ဆုံးမသြဝါဒပေးရာတွင် အပြုသဘောပါပါ တည်ဆောက်မှုပေးတတ်သော အကြီးအကဲများကို အလွန်တန်ဖိုးထားပါသည်။—ဟေဗြဲ ၁၃:၇။
၄ အသင်းတော်သည် ခင်မင်ရင်းနှီးပြီး ဧည့်ဝတ်ပျူငှာကြ၍ ဇွဲလုံ့လရှိလျက် ဝိညာဉ်ရေးစိတ်ထားရှိစေရန် ကျွန်ုပ်တို့အားလုံး ကြိုးစားပြုစုပျိုးထောင်ပေးသင့်သည်ကား အမှန်ပင်ဖြစ်သည်။ တစ်ဦးချင်းစီအနေနှင့် သူတစ်ပါးနှင့် ဆက်ဆံရာတွင် ခင်မင်ရင်းနှီးသောသဘောနှင့် ချစ်မြတ်နိုးသောသဘောကို တင်ပြသင့်သည်။ (၁ ကော. ၁၆:၁၄) အသက်အရွယ်၊ လူမျိုးရေး၊ ပညာရေး၊ သို့မဟုတ် စီးပွားရေးအဆင့်အတန်း ခွဲခြားမှုများ မရှိသင့်ချေ။ (ဧဖက် ၂:၂၁ နှိုင်းယှဉ်။) ကျွန်ုပ်တို့၏မျှော်လင့်ချက်ကြောင့် ရွှင်လန်းသောသဘော၊ ရက်ရက်ရောရော ဧည့်ဝတ်ပြုမှု၊ ဓမ္မအမှုတွင် ဇွဲလုံ့လရှိခြင်း စသည်တို့ကို တင်ပြနိုင်ပါသည်။—ရော. ၁၂:၁၃; ကော. ၃:၂၂၊ ၂၃။
၅ လူသစ်များပါအပါအဝင် ကျွန်ုပ်တို့နှင့်ပေါင်းသင်းသူအားလုံး ကျွန်ုပ်တို့၏ပျူငှာသောကြိုဆိုမှုကို ခံစားရပါလေစေ။ ညီအစ်ကိုများအသင်းအပင်း၏ ချစ်ခြင်းမေတ္တာနှင့်မြတ်နိုးမှုကို တွေ့ပါစေ။ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့် ကောင်းမွန်သော ခရစ်ယာန်အရည်အချင်းများကို တင်ပြခြင်းအားဖြင့် အသင်းတော်သည် “သမ္မာတရား၏အမှီတကဲ၊ သမ္မာတရား၏ တည်ရာ” ဖြစ်ကြောင်းကို သက်သေထူသည်။ (၁ တိ. ၃:၁၅) ကျွန်ုပ်တို့၏စိတ်နှလုံးကို စောင့်မသော “ဘုရားသခင်၏ငြိမ်သက်ခြင်း” အားဖြင့်လည်း ဝိညာဏလုံခြုံမှုကိုပါ ကျွန်ုပ်တို့ခံစားရသည်။ (ဖိ. ၄:၆၊ ၇) သခင်ယေရှုခရစ်အားဖြင့် ယေဟောဝါ၏ မခံစားထိုက်သောကရုဏာတော်ကို ခံစားစေမည့် စိတ်ဓာတ်မျိုးအား ကျွန်ုပ်တို့အားလုံး ဝီရိယရှိရှိ ကြိုးစားတင်ပြကြစို့လေ။—၂ တိ. ၄:၂၂။