ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးတင်ခြင်း
၁ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။” (ရော. ၅:၈) ကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်ခံခဲ့သည့် ကြီးမားသောစွန့်လွှတ်မှုအတွက် ကျွန်ုပ်တို့အားလုံး တကယ်ကျေးဇူးတင်သင့်သည်။ ခရစ်တော်သွန်းလောင်းသောအသွေးအားဖြင့် အဘယ်လူသားမျှမပေးနိုင်သော ထာဝရအသက်ကို ကျွန်ုပ်တို့ရခွင့်ရှိသည်။
၂ ယင်းအတွက်ကျေးဇူးတင်ကြောင်း မည်သို့တင်ပြနိုင်မည်နည်း။ ဘုရားသခင်၏ မြင့်မြတ်သော နှုတ်ကပါဌ်တော်တွင်သာ တွေ့ရှိနိုင်သည့် စစ်မှန်သောအသိပညာကိုဆာလောင်နေသူများစွာရှိသည်။ ဤသူတို့ကို သမ္မာတရားသိရှိစေရန် ယေဟောဝါအလိုတော်ရှိတော်မူ၏။ (၁ တိ. ၂:၄) ‘ဘုရားသခင်၏ နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်း’ အားဖြင့် သမ္မာတရားကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း တင်ပြသည်။ (လု. ၄:၄၃) ဤလုပ်ငန်းတွင် စိတ်နှလုံးအကြွင်းမဲ့ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော် အသေခံခဲ့ခြင်းကို ကျေးဇူးတင်ကြောင်း၊ အခြားသူများအား တပည့်ဖြစ်စေရမည်ဟူသော ခရစ်တော်၏အမိန့်ကို သစ္စာရှိရှိနာခံခြင်းအားဖြင့် ကိုယ်တော်ကိုတုပလိုကြောင်း ကျွန်ုပ်တို့ဖော်ပြသည်။—မ. ၂၈:၁၉၊ ၂၀။
၃ ဟောပြောခြင်းအတွက် ပွင့်နေသောအခွင့်ကောင်းအချို့ကား အဘယ်နည်း။ ရံဖန်ရံခါ အရန်ရှေ့ဆောင်ရန် နာမည်စာရင်းသွင်းနိုင်မည်လော။ အကုန်အကျကိုတွက်ချက်ပြီးနောက် အချို့သူတို့သည် မှန်မှန်ရှေ့ဆောင်နိုင်ကြပေမည်။ ဘုရားသခင့်နိုင်ငံတော် သတင်းပျံ့ နှံ့စေရာတွင် ဤအခွင့်အရေးကောင်းများကို အသုံးချခြင်းဖြင့် ဟောပြောချိန်ကို ကျွန်ုပ်တို့တိုးများစေနိုင်ပါသည်။ ယခင်က နာမည်စာရင်းသွင်းဖို့ ကြံစည်ခဲ့သော်လည်း အဆီးအတားများရှိနေပေမည်။ သို့သော် ယခု သင့်အခြေအနေပြောင်းလဲလာကောင်းလာမည်။ ထိုသို့ဆိုလျှင် ရှေ့ဆောင်လုပ်ငန်းထဲဝင်ခြင်းအားဖြင့်၊ သို့မဟုတ် ရံဖန်ရံခါ အရန်ရှေ့ဆောင်ခြင်းအားဖြင့် သင့်လုပ်ငန်းတော်အချိန်ကို တိုးများစေရန် အလေးအနက်စဉ်းစားခဲ့ပြီးပြီလော။
၄ ကျွန်ုပ်တို့ဝန်းကျင်အခြေအနေကိုထောက်ရှုလျှင် ကျေးဇူးတင်စိတ်ပိုမိုပြင်းပြလာပေမည်။ အဓမ္မမှု၊ မုန်းတီးမှုနှင့် ခိုက်ရန်ဒေါသဖြစ်မှုသည် ကမ္ဘာချီတိုးများလာနေသည်။ ကျွန်ုပ်တို့ခေတ်သည် ‘ကိုင်တွယ်ရခက်’ သည့် ‘ခဲယဉ်း’ သောကာလဟု ပေါလုရှင်းလင်းစွာဖော်ပြထားပြီ။ (၂ တိ. ၃:၁) ဤဝမ်းနည်းကြေကွဲဖွယ် အခြေအနေတွင်ပင် အခြားသူများကို ကျွန်ုပ်တို့ပြောဆိုစရာ သတင်းကောင်းများစွာရှိသည်။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းကောင်းနှစ်ခုရှိထား၍ ဤလတွင် ယင်းတို့ကို တစ်စောင်ချင်းစီ၊ သို့မဟုတ် နှစ်စဉ်ကြေးအဖြစ် ဝေငှနိုင်သည်။ အကြောင်းမျိုးစုံရှိသည့် ဘရိုရှာများလည်းရှိသည်။ ယင်းစာပေများကိုဖတ်ရှုသူများသည် စစ်မှန်သောလန်းဆန်းမှုကို ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးတင်ခြင်းက ယင်းတို့ကို သူတစ်ပါးအား ရက်ရက်ရောရောဝေငှရန် လှုံ့ဆော်အားပေးမှုဖြစ်သင့်သည်။—ဟေဗြဲ ၁၃:၁၆။
၅ သင့်အရပ်ဒေသတွင် ဝိညာဉ်ရေးရာကို စိတ်ဝင်စားသူနည်းပေမည်။ သို့သော် တိုးတက်သောအခြားရပ်ကွက်များရှိသည်။ စာပေများလက်ခံယူထားသူအားလုံးထံ ပြန်လည်ပတ်ဖို့ ကြိုးစားပါ။ ပြန်လည်ပတ်မှုပြုလုပ်နိုင်ရန် လမ်းခင်းထားပါ။ ဖြစ်နိုင်သည့်နေရာနှင့် ဖြစ်နိုင်သည့်အခါတိုင်း အစီအစဉ်ပြုလုပ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ သင့်တိုက်နယ်ကြီးကြပ်မှူးသည် အကြံဉာဏ်များပေးနိုင်ပေမည်။
၆ ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးတင်စရာအကြောင်းများစွာရှိသည်။ ကောင်းမွန်သောအရာ အမြောက်အမြား အမှန်တကယ်ပင်ရှိသည်။ ယေဟောဝါကိုကျေးဇူးတင်ကြောင်းတင်ပြနိုင်သည့် အကောင်းဆုံးနည်းမှာ သူတစ်ပါးအား ကိုယ်တော့်နာမတော်နှင့် ရည်ရွယ်တော်မူချက်ကို သိရှိစေခြင်းဖြစ်သည်။—ဟေရှာ. ၁၂:၄၊ ၅။