အောင်မြင်သောပြန်လည်ပတ်မှုများဖြစ်စေရန် ထိရောက်သောသွန်သင်မှုလိုအပ်
၁ ပြန်လည်ပတ်မှုများသည် ကျွန်ုပ်တို့၏လယ်ကွင်းဓမ္မအမှုတွင် အရေးကြီးပြီး ရွှင်လန်းဖွယ်ကဏ္ဍတစ်ခုဖြစ်သည်။ စိတ်ဝင်စားသူများထံ အဘယ်ကြောင့်ဝီရိယရှိရှိ ပြန်လည်ပတ်သွားသင့်သနည်း။ ဤတပည့်ဖြစ်စေခြင်းလုပ်ငန်းအားဖြင့် ယေဟောဝါ၏နာမတော်ထင်ရှားပြီး ဂုဏ်တင်ခံရသည်။ ဘုရားသခင်ကိုကြောက်ရွံ့သူများသည်လည်း အသက်လမ်းကိုတွေ့ရှိရန် အကူအညီရသည်။ (၂ ကော. ၂:၁၇–၃:၃) ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေးနှင့် အခြားသူများ၏အသက်ရှင်ရေးပါ ပါဝင်ပတ်သက်နေကြောင်းကို အသိအမှတ်ပြုခြင်းက ပြန်လည်ပတ်မသွားမီ ကောင်းစွာပြင်ဆင်ရန် လှုံ့ဆော်ခံသင့်သည်။
၂ ကောင်းသောဆရာတစ်ဦးသည် ချထားနှင့်ပြီးသောအုတ်မြစ်ပေါ်တက်လှမ်းရန် ကျောင်းသားကို အကူအညီပေးမည်ဖြစ်သည်။ ကျောင်းဆရာသည် ကျောင်းသားများ တစ်နေ့ပြီးတစ်နေ့တတ်သိလာသည့်ပညာကိုအခြေခံ၍ ဆက်သွန်သင်ပေးတတ်သည်နည်းတူ ကျွန်ုပ်တို့သည် ပထမအကြိမ်ရောက်ချိန်က ပြောဆိုခဲ့သောအကြောင်းကိုပင် ဆက်ရှင်းပြသင့်ပါသည်။ ယင်းသို့ ပြုခြင်းအားဖြင့် အကြောင်းအရာတစ်ခုတည်းကို ဆက်စဉ်းစားဆင်ခြင်စေပြီး တိုးသိနားလည်စေပါသည်။
၃ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော” ဘရိုရှာကိုဝေငှထားသည့်အိမ်သို့ ပြန်လည်ပတ်သောအခါ ဤသို့ပြောဆိုခြင်းသည် ထိရောက်ကြောင်း တွေ့ရှိပေမည်–
▪ “အရင်တစ်ခေါက်လည်ပတ်တုန်းက ကျမ်းစာထဲမှာဖော်ပြထားတဲ့ ‘နောက်ဆုံးကာလ’ ဟာ ကျွန်တော်တို့နဲ့ ဘယ်လိုဆိုင်တဲ့အကြောင်း ဆွေးနွေးကြတယ်။ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတာကို ကျွန်တော်တို့ဘယ်လိုသိသလဲလို့ စဉ်းစားမိမယ်။ (၂ တိ. ၃:၁) အဲ့ဒီမေးခွန်းရဲ့အဖြေကို ယေရှုရဲ့တပည့်တော်များ သိချင်ကြတယ်။ [မဿဲ ၂၄:၃ ဖတ်။] ကိုယ်တော်ရဲ့အဖြေမှာ ယနေ့ကျွန်တော်တို့မြင်နေရတဲ့ အခြေအနေတွေကို ယေရှုဖော်ပြထားတယ်။ အဲ့ဒီအဖြစ်အပျက်တွေထဲမှာ တစ်ခါနဲ့မှမတူတဲ့ ဆင်းရဲဒုက္ခနဲ့ အဓမ္မမှုတွေ ပါဝင်တယ်။” စာမျက်နှာ ၁၉ ပါအပိုဒ် ၃ နှင့် ၄ တွင်ဆွေးနွေးတင်ပြထားသည့် ပုဗ္ဗနိမိတ်အဝင် အဖြစ်အပျက်ကို ဖော်ပြပါ။ တုံ့ ပြန်မှုကောင်းမည်ဆိုလျှင် စာမျက်နှာ ၂၀ ပါအပိုဒ် ၅ မှ ၈ တွင်ဖော်ပြထားသည့် ပုဗ္ဗနိမိတ်အဝင် အခြားအဖြစ်အပျက်များကို ညွှန်ပြပါ။ ပြန်လည်ပတ်လာပြီး ဘရိုရှာ၏မျက်နှာဖုံးတွင် ဖော်ပြထားသောမေးခွန်းများကို ဖြေဆိုပေးမည်ဟု စကားကမ်းလှမ်းပါ။
၄ “ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း” ဘရိုရှာကိုစိတ်ဝင်စားသူထံ ပြန်သွားချိန်တွင် ဤသို့ပြောလိုပေမည်–
▪ “ဘဝရည်ရွယ်ချက်အကြောင်း ဆွေးနွေးခဲ့တာကို ပြန်ဆက်ချင်နေတာ။ အခုကြုံတွေ့နေရတဲ့ ဗရုန်းဗရင်းအခြေအနေမျိုးမှာမဟုတ်ဘဲ ပျော်ရွှင်ငြိမ်းချမ်းတဲ့ကမ္ဘာပေါ်မှာ ဘုရားသခင်က ကျွန်တော်တို့ကို နေထိုင်စေလိုတယ်ဆိုတာ သဘောတူမှာပဲ။ ကိုယ်တော်ဟာသူ့ကတိတော်အတိုင်း ပြုလုပ်ပေးမယ်ထင်သလား။” ဖြေဆိုပါစေ။ ဟေရှာယ ၅၅:၁၁ ကိုဖတ်ပြီး စာမျက်နှာ ၃၀ ပါ အပိုဒ် ၂၅ မှ ၂၇ ရှိအကြောင်းအရာများကို ဆွေးနွေးပါ။ တန်ဖိုးရှိဘဝရည်ရွယ်ချက်တစ်ခုကို ရှာတွေ့နိုင်ဖို့ အကောင်းဆုံးနည်းသည် ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းဖြစ်ကြောင်း ထောက်ခံပြောဆိုပါ။
၅ “ကမ္ဘာသားဘဝ ထာဝရစံစားကြ!” ဘရိုရှာ၌အထူးစိတ်ဝင်စားခဲ့သူထံ ပြန်လည်ပတ်သွားသည့်အခါ ယင်းကိုပြန်ပြပြီး ဤသို့ဆိုနိုင်သည်–
▪ “ဒီဘရိုရှာရဲ့မျက်နှာဖုံးပေါ်မှာဖော်ပြထားတဲ့ အရမ်းကောင်းတဲ့ကမ္ဘာအကြောင်းကို ကျွန်တော်တို့ပြောဆိုခဲ့တယ်။ အဲ့ဒီမှာနေထိုင်ချင်တဲ့သူတွေ ယေရှုခရစ်တော်ကိုယုံကြည်ဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ပြောပြချင်တယ်။” စာမျက်နှာ ၄၁ ပါရုပ်ပုံသို့ဖွင့်ပြီး ဟေရှာယ ၉:၆ ကိုဖတ်ပါ။ ရုပ်ပုံ ၆၂ ကိုပြပြီး ယောဟန် ၃:၁၆ ကိုဖတ်ကာ နာခံမှုရှိဖို့လိုကြောင်း အလေးအနက်ဖော်ပြ။ ကျမ်းစာကိုလေ့လာခြင်းအားဖြင့် ယုံကြည်ခြင်းရှိကြောင်း တင်ပြကာ ယင်း၏သြဝါဒအတိုင်းအသက်ရှင်နေထိုင်တတ်လာရန် လူတို့ကို ယေဟောဝါသက်သေများသည် အကူအညီပေးနေကြောင်း ရှင်းပြပါ။
၆ ပြန်လည်ပတ်မှုတစ်ခုကို ပြုလုပ်ပြီးနောက် သင်၏ထိရောက်မှုကို တိုးတက်စေလို၍ ဆင်ခြင်သုံးသပ်ကြည့်ပါ။ သင့်ကိုယ်ကိုမေးပါ– အတိအကျပြောပြချင်တဲ့အကြောင်းတစ်ခုရှိခဲ့လား။ ကျမ်းစာကိုပဲ အာရုံပြုစေခဲ့လား။ ပထမအကြိမ်က ချခဲ့တဲ့အုတ်မြစ်ပေါ်မှ ဆက်တက်လှမ်းရန်ပြောဆိုရှင်းပြခဲ့လား။ ကျွန်တော့်ရဲ့တင်ဆက်ပုံဟာ ကျမ်းစာသင်အံမှုစဖို့အတွက် ဖြစ်ခဲ့သလား။ ဟုတ်သည်ဟူ၍ ဖြေဆိုနိုင်ပါက သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကောင်းစွာသွန်သင်သူဖြစ်ဖို့ ကြိုးစားနေကြောင်း ထင်ရှားပါသည်။