မှန်မှန်စည်းဝေးတက်ခြင်း—မြဲမြံခိုင်ခံ့ရန်အတွက်မရှိမဖြစ်လိုအပ်
၁ “ယုံကြည်ခြင်း၌ကျန်းခံကြ” ရန်တမန်တော်ပေါလုက ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။ (တိ. ၁:၉၊ ၁၃၊ သမ) ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးတွင် အကျိုးဖြစ်ထွန်းသောအကြောင်းအရာများကို ဆင်ခြင်သုံးသပ်ကြပြီး “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း” ဝိညာဏစစ်ဝတ်စုံအပြည့်ကို မည်သို့ဝတ်ဆင်ထားကြရန် သွန်သင်ခံရသည်။—ဧ. ၆:၁၁; ဖိ. ၄:၈။
၂ ကျွန်ုပ်တို့လိုအပ်ရာကို အစည်းအဝေးများ၌ရရှိ– အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ခြင်းသည် ကျွန်ုပ်တို့မြဲမြံခိုင်ခံ့ဖို့အတွက် မရှိမဖြစ်လိုအပ်သည်။ (၁ ကော. ၁၆:၁၃) အစည်းအဝေးများတွင် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းဖို့ရန် ဆုတောင်းလေ့ရှိသည်။ အသင်းတော်၏လိုအပ်ရာများအတွက်လည်း ကိုယ်တော်ထံ ကြားလျှောက်ကြသည်။ (ဖိ. ၄:၆၊ ၇) နိုင်ငံတော်သီချင်းများကို အတူတကွပူးပေါင်းသီဆိုကြခြင်းက စိတ်ကိုတက်ကြွစေပြီး ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြရာတွင် ကျွန်ုပ်တို့၏ခံစားချက်များကို ဖော်ပြခွင့်ရရှိစေသည်။ (ဧ. ၅:၁၉၊ ၂၀) နိုင်ငံတော်ခန်းမတွင် စည်းဝေးများမစမီနှင့် အပြီးတွင် ကျွန်ုပ်တို့အတူတကွပေါင်းသင်းခြင်းက ကျွန်ုပ်တို့ကို အားပေးတည်ဆောက်မှုပေး၍ စိတ်ကိုလန်းဆန်းစေသည်။—၁ သက်. ၅:၁၁။
၃ လွန်ခဲ့သောဧပြီလက “မှားယွင်းသောဘာသာတရား၏ အဆုံးနီးပြီ” ဟူသော အထူးဟောပြောချက်သည် မဟာဗာဗုလုန်မှ ချက်ချင်းထွက်လာဖို့အရေးကြီးကြောင်း သမ္မာတရားမြတ်နိုးသူများကို လေးလေးနက်နက် စိတ်ထဲတွင်စွဲမှတ်စေသည်။ (ဗျာ. ၁၈:၄) ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း ဖြောင့်မတ်သောသူတို့၏လမ်းကို တောက်ပစေသည့် အသိပညာထွန်းလင်းမှုအကြောင်း ကင်းမျှော်စင်ဆောင်းပါးသုံးခုကို လေ့လာခဲ့ရခြင်းက မည်မျှစိတ်အားတက်ကြွစေခဲ့သည်တကား! (သု. ၄:၁၈) ထိုအစည်းအဝေးများကို မတက်ခဲ့မိလျှင် အဘယ်အရာ လက်လွတ်ဆုံးရှုံးခဲ့မည်ကိုသာ စဉ်းစားကြည့်ပါလေ။
၄ ကျွန်ုပ်တို့၏ “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးကြီးတွင် ကျွန်ုပ်တို့၏ဓမ္မအမှုကို တိုးမြှင့်စေမည့်ပညာရေးလိုအပ်ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ မိမိတို့ဓမ္မအမှုကို ကျေပွန်ရန် အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၉၂ တွင်ဖော်ပြထားသည့်အတိုင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် အသင်းတော်တစ်ခုလုံးအတွက် ရှေ့ဆက်၍ သင်ကြားပေးသော ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။ လောလောဆယ်အချိန်တွင် ပညာပေးအစီအစဉ် အဝင်တစ်ခုဖြစ်သည့် ဝတ်ပြုရေးတွင် တစည်းတလုံးတည်းစာအုပ်ကိုအသုံးပြုခြင်းက ကျွန်ုပ်တို့ကို စစ်မှန်သောဝတ်ပြုရေး၌ စည်းလုံးစေသည်။ ဤပညာရေးကို ကျွန်ုပ်တို့လက်လွတ်ဆုံးရှုံးခံ၍ မဖြစ်ပါ။
၅ ကျွန်ုပ်တို့၏လုပ်ငန်းတော်စည်းဝေးသည် ဓမ္မအမှုတွင် ပို၍ထိရောက်မှုရှိစေရန် အသင့်ပြင်ဆင်ပေးသည်။ နိုင်ငံတော်သတင်း နံပါတ် ၃၄ ကိုအနှံ့အပြားဝေငှရန် ညွှန်ကြားချက်များပေးခဲ့သည့် အစည်းအဝေးသည်ဥပမာတစ်ခုဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် ဤလုပ်ငန်းအပေါ် ကောင်းချီးများစွာသွန်းလောင်းပေးခဲ့ကြောင်း ကမ္ဘာချီတွေ့ရှိခဲ့ရသည့် ထူးခြားသောအကျိုးရလဒ်များက ဖော်ပြသည်။ (၂ ကောရိန္သု ၉:၆၊ ၇ နှိုင်းယှဉ်။) စည်းဝေးများကိုမှန်မှန်တက်ရောက်ကြသူများသည် အားပေးတည်ဆောက်မှုရရှိခဲ့ကြပြီး ထိုလုပ်ငန်းကိုသူတို့ အားကြိုးမာန်တက်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ကူညီမှုရရှိခဲ့သည်။
၆ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် အယူဝါဒများနှင့်ပတ်သက်သော ကျွန်ုပ်တို့၏သမ္မာတရားအသိပညာထာဝစဉ်အသက်ရှင် စာအုပ်အားဖြင့် ပိုမိုခိုင်ခံ့မြဲမြံလာပါသည်။ မှောက်မှားသောဘာသာများနှင့် ၎င်းတို့၏ အယူဝါဒများသည် မကြာမီကွယ်ပျောက်တော့မည်; အဆုံးမတိုင်မီ စိတ်ရင်းမှန်သူများကို ကျွန်ုပ်တို့အကူအညီပေးဖို့လိုသည်။
၇ မှန်မှန်စည်းဝေးတက်ခြင်းကို ဦးစားပေးပါ– စုံစမ်းခြင်းများစွာခံနေရသော နိုင်ငံများရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ပတ်စဉ်အတူတကွစည်းဝေးခြင်း မည်မျှအရေးကြီးကြောင်းကို အသိအမှတ်ပြုဆဲရှိကြသည်။ ဥပမာ၊ ဘရွန်ဒီ၊ ရဝမ်ဒါ၊ လိုင်ဘေးရီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံများတွင် စည်းဝေးတက်သူ လူသစ်များပြားသည့်အတွက် ကြေညာသူအရေအတွက်ထက် စည်းဝေးတက်သူအရေအတွက် နှစ်ဆသုံးဆပိုများနေပါသည်။ ဤနည်းအားဖြင့် ညီအစ်ကိုများသည် တစ်ပါးတည်းသောစိတ်ဝိညာဉ်၌တည်နေနိုင်ကြရန် ယေဟောဝါဘုရားသခင် ကူညီပေးတော်မူသည်။—ဖိ. ၁:၂၇; ဟေဗြဲ ၁၀:၂၃-၂၅။
၈ စည်းဝေးမှန်မှန်တက်ခြင်းကို လျစ်လျူရှုခဲ့သူ မည်သူမဆိုသည် ယခုပင် ဤအကျင့်ကိုကြိုးစားပြုပြင်သင့်သည်။ (ဒေ. ၄:၉-၁၂) ခိုင်ခံ့မြဲမြံနိုင်ရန် မှန်မှန်စည်းဝေးတက်ခြင်းဖြင့် ကျွန်ုပ်တို့ကိုထောက်မသည်နှင့်အမျှ ပါရမီရင့်ကျက်သူတို့ထံမှ အပြန်အလှန်အားပေးမှုလိုအပ်သည်။—ရော. ၁:၁၁။