အထက်အရာတို့ကို စိတ်စွဲလမ်းခြင်း ရှိကြလော့
၁ ကျွန်ုပ်တို့ဝန်းကျင်ရှိ လူမျိုးဆက်နှင့် အနာဂတ်အပေါ် ၎င်း၏အမြင်အကြောင်းကို ၁၉၉၄၊ ဒီဇင်ဘာ ၃၁ ရက်ထုတ် သည်နယူးယောက်တိုင်းမ်စ် သတင်းစာပါ ဆောင်းပါးတစ်ခုက ဤသို့ဆိုသည်– “သူတို့ အနာဂတ်အတွက် စိုးရိမ်နေကြသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍၊ ရောဂါများနှင့်ပတ်သက်၍၊ စီးပွားရေးနှင့်ပတ်သက်၍၊ ကမ္ဘာ့အခြေအနေနှင့်ပတ်သက်၍ သူတို့စိုးရိမ်ကြောင့်ကြနေကြသည်။” မည်သည့်ဘက်သို့ကြည့်စေကာမူ အသက်ရှင်ရေးနှင့်ပတ်သက်၍ မသေမချာဖြစ်နေကြသည်။ ယေဟောဝါသက်သေများအဖြစ် ကျွန်ုပ်တို့ဆောင်ရွက်သည့် ဓမ္မအမှုတွင် ဤသို့သောစိတ်ထားရှိသူများနှင့် နေ့စဉ်တွေ့ဆုံကြရ၏။ ကျွန်ုပ်တို့သည် သူတို့နည်းတူ ပြဿနာများ ရင်ဆိုင်နေကြရသော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ သေချာသော ကတိတော်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသောကြောင့် လူ့အသက်တာဘဝနှင့် လူသား၏အနာဂတ်အပေါ် အလွန်ထူးခြားသောအမြင် ရှိနိုင်ကြသည်။—ဟေရှာ. ၆၅:၁၃၊ ၁၄၊ ၁၇။
၂ ကျွန်ုပ်တို့၏ အကောင်းဘက်မျှော်လင့်သောစိတ်နှင့် သေချာသောမျှော်လင့်ချက်ရှိခြင်းကြောင့် စိတ်နှလုံးရိုးဖြောင့်သူ များစွာတို့အား ကျွန်ုပ်တို့၏သတင်းတရားကို နားထောင်စေသည်။ စိတ်ဓာတ်ကျ၍ ဖိနှိပ်ခံနေရသည်ဟု ခံစားနေရသူများစွာတို့သည် ကျွန်ုပ်တို့နှင့်စကားပြောဆိုရာမှ စိတ်သက်သာမှုရရှိကြသည်။ သူတို့ကြားနာသောသတင်းကို နှစ်သက်သောကြောင့် အချို့က ကျမ်းစာသင်အံမှုကို လက်ခံကြသည်။ သို့ရာတွင် တစ်ခါတစ်ရံ လူတို့သည် သူတို့၏ကိုယ်ရေးကိုယ်တာပြဿနာများကို ဦးဆုံးရင်ဖွင့်ပြောပြလိုကြသည်။ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာစိုးရိမ်မှုများကို နားထောင်ရန် အချိန်ပေးနိုင်သော်လည်း ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်သည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အပြုသဘောပါသော သမ္မာတရားအကြောင်း လူတို့အားသွန်သင်ပေးခြင်းကို မျက်ခြည်မပြတ်သင့်ပေ။
၃ ဝန်ပိနေသူများကို ကျွန်ုပ်တို့ကိုယ်ချင်းစာနာလိုကြသည်။ မဿဲ ၁၁:၂၈ (ကဘ) တွင် မှတ်တမ်းတင်ထားသောစကားကို ယေရှုမိန့်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ပေးတော်မူသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။” ကျွန်ုပ်တို့လည်း လူတို့ကို ထပ်တူနည်းအတိုင်း အားပေးလိုသည်။ သို့ရာတွင် အခန်းငယ် ၂၈ ၏အဆုံး၌ ယေရှု ဤသို့မိန့်တော်မူသည်ကို သတိပြုပါ– “ငါသည် လန်းဆန်းစေမည်။” ထိုသို့သောရည်မှန်းချက်မျိုး ကျွန်ုပ်တို့၌ရှိသင့်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လန်းဆန်းမှုပေးသော ကတိတော်များကို ဝေမျှပြောဆိုခြင်းအားဖြင့် ထိုသို့ကျွန်ုပ်တို့ပြုကြသည်။ ကောင်းစွာနားထောင်တတ်သူတစ်ဦးဖြစ်ခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်ဝင်စားမှုနှင့် စိုးရိမ်မှုကို ထင်ရှားစေပြီး နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတာဝန်ကျေပွန်ခြင်းသည် အရေးကြီးပေသည်။ ဤနည်းဖြင့် နိုင်ငံတော်သာလျှင် လူသား၏ပြဿနာအပေါင်းကို ကျိန်းသေဖြေရှင်းပေးနိုင်ကြောင်း သူတစ်ပါးအား အသိအမှတ်ပြုရန် ကူညီပေးသည်။—မ. ၂၄:၁၄။
၄ ကျွန်ုပ်တို့၏လုပ်ငန်းသည် ကျန်းမာရေးပါရဂူများကဲ့သို့မဟုတ်ပါ။ ယင်းအစား ၁ တိမောသေ ၄:၆ တွင်တမန်တော်ပေါလု ရှင်းပြထားသည့်အတိုင်း ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် တွေ့ရှိနိုင်သော ‘ကောင်းသောသွန်သင်ခြင်း’ ကိုအာရုံပြုသည့်ဓမ္မအမှုဖြစ်သည်။ ကိုယ်ရေးကိုယ်တာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိသူတို့သည် ယေဟောဝါကို အားထားမှီခိုရန် တိုက်တွန်းခံရဖို့လိုပေမည်။ နိုင်ငံတော်မျှော်လင့်ချက်နှင့်ဆက်စပ်သော “အထက်အရာတို့ကိုသာ စိတ်စွဲလမ်း” တတ်ရန် သွန်သင်ပေးပါ။ (ကော. ၃:၂) ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုသာ လူတို့အာရုံစိုက်မည်ဆိုလျှင် သူတို့ဘဝအသက်တာအပေါ် တန်ခိုးပါစွာ ဩဇာလွှမ်းမိုးမှုကြောင့် တည်ဆောက်မှုရနိုင်ကြသည်။—ဟေဗြဲ ၄:၁၂။
၅ ထို့ကြောင့် ကျွန်ုပ်တို့၏ပန်းတိုင်သည် လူများ ‘ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်တို့ကို’ အာရုံစိုက်ပြီး စဉ်းစားနေကြရန် ကူညီပေးခြင်းဖြစ်သည်။ (ဖိ. ၄:၈) နိုင်ငံတော်မျှော်လင့်ချက်အပေါ် သူတို့အာရုံစူးစိုက်မည်ဆိုလျှင် ကျွန်ုပ်တို့နည်းတူပင် ကောင်းချီးခံစားရလိမ့်မည်။ ယေဟောဝါသည် မိမိ၏နိုင်ငံတော်အားဖြင့် သူတို့၏ပြဿနာအားလုံးကို နောက်ဆုံးတွင်ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရှိရခြင်းကြောင့် ရွှင်လန်းအားရကြပါလိမ့်မည်။—ဆာ. ၁၄၅:၁၆။