မည်သည့်အခါမျှပြန်မလုပ်ရတော့မည့် လုပ်ငန်းတော်၌ပါဝင်ပါ
၁ လူ့သမိုင်းတစ်လျှောက်လုံး ယေဟောဝါသည် မိမိရန်သူများအပေါ်တရားစီရင်ချက်ချမှတ်ရန် အကြိမ်ပေါင်းများစွာလိုအပ်သည်။ သို့ရာတွင် ကရုဏာတော်ကြောင့် ကိုယ်တော်သည် နှလုံးရိုးဖြောင့်သူများအတွက် ကယ်တင်ခြင်းအခွင့်အလမ်းကို စီမံပေးတော်မူသည်။ (ဆာ. ၁၀၃:၁၃) သူတို့၏တုံ့ ပြန်ပုံက သူတို့၏နောက်ဆုံးအကျိုးရလဒ်ကို အဆုံးအဖြတ်ပေးသည်။
၂ ဥပမာ၊ ရေလွှမ်းမိုးခြင်းမတိုင်မီ ဘီ.စီ.အီး. ၂၃၇၀ တွင် နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ” ဖြစ်သည်။ ပျက်စီးသွားသောသူများသည် ဘုရားရေးရာသတိပေးချက်ကို လျစ်လျူရှုသူများဖြစ်သည်။ (၂ ပေ. ၂:၅; ဟေဗြဲ ၁၁:၇) စီ.အီး. ၇၀ ၌ယေရုရှလင်မြို့ဖျက်ဆီးမခံရမီ မြို့တော်အပေါ်ကျရောက်မည့်ဖျက်ဆီးခြင်းမှ လွတ်မြောက်ရန် ပြုမူလုပ်ဆောင်ရမည့်အရာကို ယေရှုရှင်းလင်းစွာဖော်ပြခဲ့သည်။ ကိုယ်တော်၏သတိပေးသတင်းတရားကိုငြင်းပယ်သူအားလုံး ကြောက်မက်ဖွယ်အကျိုးဆက်များခံစားခဲ့ရသည်။ (လု. ၂၁:၂၀-၂၄) ထိုသို့သော ဘုရားရေးရာသတိပေးချက်နှင့်စီရင်ချက်များကို သမိုင်းတစ်လျှောက် အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။
၃ မျက်မှောက်ခေတ် သတိပေးခြင်းလုပ်ငန်း– ကြာမြင့်စွာကတည်းက ယေဟောဝါသည် မိမိ၏အမျက်တော်ကို ယနေ့ဆိုးသွမ်းသောစနစ်အပေါ်ကျရောက်စေပြီး စိတ်နှိမ့်ချသူများကိုသာ ကယ်လွှတ်မည်ဟု ကြေညာတော်မူခဲ့သည်။ (ဇေ. ၂:၂၊ ၃; ၃:၈) ဤသတိပေးသတင်းတရားကိုဟောပြောရန်အချိန်သည် အလွန်ပင်တိုတောင်းနေပေပြီ! “ကြီးစွာသောဒုက္ခ” သည် နီးနေပြီး စိတ်နှိမ့်ချသူများသည် ယခုစုသိမ်းခံနေရသည်။ အမှန်ပင်၊ ‘လယ်ကွင်းများ’ သည် ‘ရိတ်သိမ်းရန်ဝင်း’ နေသည်။ ထို့ကြောင့် အရေးတကြီးဖြစ်ခြင်းနှင့်ပတ်သက်လျှင် ဤလုပ်ငန်းကို မည်သည့်လုပ်ငန်းကမျှမယှဉ်သာပါ။—မ. ၂၄:၁၄၊ ၂၁၊ ၂၂; ယော. ၄:၃၅။
၄ “နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ” အခြားသူများအား မျက်မှောက်ခေတ်သတိပေးချက်ကြေညာရာတွင် ကျွန်ုပ်တို့ပါဝင်ရမည်။ ယင်းသည် ဘုရားပေးတာဝန်ဖြစ်၍ ကျွန်ုပ်တို့လျစ်လျူမရှုနိုင်ပါ။ (ယေဇ. ၂:၄၊ ၅; ၃:၁၇၊ ၁၈) ဤလုပ်ငန်းတွင်အပြည့်အဝပါဝင်ခြင်းက ကျွန်ုပ်တို့၏ဘုရားသခင်အပေါ်နက်ရှိုင်းသောမေတ္တာ၊ အိမ်နီးချင်းကို အမှန်တကယ်စိတ်ဝင်စားခြင်းနှင့် ကယ်တင်ရှင်ယေရှုခရစ်အား မြဲမြံသောယုံကြည်ခြင်းရှိကြောင်းထင်ရှားစေသည်။
၅ ယခုပင်လုပ်ရမည့်အချိန်ဖြစ်– ယခင်က ယေဟောဝါစီရင်ချက်များပြုလုပ်ပြီးနောက်ပိုင်း ဆိုးသွမ်းမှုများသည် အမြဲပြန်ပေါ်ပေါက်လာတတ်သည်။ အကြောင်းမှာ စာတန်နှင့်သူ၏နတ်ဆိုးများ လှုပ်ရှားလျက်ရှိနေဆဲဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ခြားနားမှုရှိမည်။ စာတန့်သြဇာလွှမ်းမိုးမှုကို ဖယ်ရှားပစ်မည်။ ကျရောက်အံ့ဆဲဆဲ “ကြီးစွာသောဒုက္ခ” နှင့်စပ်လျဉ်းသည့် ကမ္ဘာချီသတိပေးချက်သည် မည်သည့်အခါမျှနောက်တစ်ဖန်လိုအပ်တော့မည်မဟုတ်ချေ။ (ဗျာ. ၂၀:၁-၃) ကျွန်ုပ်တို့သည် မည်သည့်အခါမျှ ပြန်မလုပ်ရတော့မည့်လုပ်ငန်းတော်တွင်ပါဝင်ရသည့် အထူးအခွင့်အရေးကိုရရှိထားကြသည်။ ဤအခွင့်အရေးကို အစွမ်းကုန်အသုံးချရမည့်အချိန်သည် ယခုပင်ဖြစ်သည်။
၆ မိမိ၏ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက အကြီးအကျယ်ယုံကြည်စိတ်ချကာ ဤသို့ဆိုသည်– “လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်။” (တ. ၂၀:၂၆) သူသည် သတိပေးချက်ကိုကြေညာရန် ပျက်ကွက်ခြင်းကြောင့် သွေးပြစ်မကင်းဟုမခံစားခဲ့ရပါ။ အဘယ်ကြောင့်နည်း။ မိမိ၏ဓမ္မအမှုနှင့်ပတ်သက်၍ သူဤသို့ပြောနိုင်ခဲ့သောကြောင့်ဖြစ်သည်– “ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍ . . . ကြိုးစားအားထုတ်လေ့ရှိ၏။” (ကော. ၁:၂၉) ကျွန်ုပ်တို့သည် မည်သည့်အခါမျှပြန်မလုပ်ရမည့်လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးအပြည့်အဝပါဝင်ခြင်းဖြင့် အလားတူကျေနပ်မှုမျိုးခံစားကြစို့!—၂ တိ. ၂:၁၅။