တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ မိသားစုများအားကူညီပေးခြင်း
၁ “လောဘကြီးတာကောင်းတယ်။ လောဘကြီးလျက်နဲ့ ကိုယ့်ကိုယ်ကိုကောင်းတယ်လို့ ဆက်လက်ယူမှတ်နေနိုင်တယ်” ဟုဘွဲ့ယူနေသောကောလိပ်ကျောင်းသားများအား ဘဏ္ဍာရေးမှူးတစ်ဦးကပြောခဲ့သည်။ ယင်းကား လူတစ်ဦး၏အနာဂတ်ကို သေချာစေရန်နည်းလမ်းအဖြစ် ကိုယ်ကျိုးရှာစိတ်ကိုမြေတောင်မြှောက်ပေးသည့် လောက၏နည်းနမူနာဖြစ်သည်။ ယင်းနှင့်လုံးလုံးဆန့်ကျင်လျက် ယေရှုက ခရစ်ယာန်တစ်ဦးသည် “ကိုယ်ကိုကိုယ်ငြင်းပယ်ရမည် . . . လူသည် ဤစကြဝဠာကိုအကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း” ဟူ၍သွန်သင်တော်မူသည်။ (မ. ၁၆:၂၄-၂၆) တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ လူတစ်ဦးသည် ယနေ့အချိန်တွင် မိသားစုများအတွက် အရေးကြီးဆုံးပန်းတိုင်ဖြစ်သည့်—ဘုရားသခင့်အလိုတော်ဆောင်ခြင်း၌ အသက်တာတစ်ခုလုံးကို ဗဟိုပြုထားရမည်။ (ဆာ. ၁၄၃:၁၀; ၁ တိ. ၄:၈) မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်၏ နိဂုံးချုပ်အခန်းတွင် ထိုသတင်းတရားကို ဖြန့်ချိပေးသည်။ ဤစာအုပ်အသစ်က လူတို့အား ဘဝတွင် အမှန်တကယ်အရေးကြီးသည့်အရာနှင့် မိမိတို့၏မိသားစုအတွက် အကျိုးရှိရှိ မည်သို့လုပ်ဆောင်နိုင်သည်ကို သိရှိရန် ကူညီပေးသည်။ သတင်းကောင်းကို နေရာအနှံ့တွင် ဆက်ဟောပြောနေစဉ် ကျွန်ုပ်တို့နှင့်တွေ့ဆုံသူများအား မိသားစုပျော်ရွှင်မှုစာအုပ်ကိုဖတ်ရန် တိုက်တွန်းအားပေးမှုဖြစ်စေမည့် မည်သည့်စကားကို ပြောဆိုနိုင်သနည်း။ ဤတွင် အကြံပြုချက်အချို့ကို ဖော်ပြပေးထားသည်–
၂ အိမ်၌ဖြစ်စေ၊ လမ်းပေါ်တွင်ဖြစ်စေ စတင်စကားစမြည်ပြောဆိုရန် “မိသားစုဘဝကိုမွေ့လျော်ခြင်း” ဝေစာကိုစမ်းအသုံးပြုနိုင်သည်။ ဤသို့သင်မေးနိုင်သည်–
▪ “ယနေ့ခေတ်အသက်ရှင်နေထိုင်မှုရဲ့ စိုးရိမ်ပူပန်စရာအဖြာဖြာကြောင့် အမှန်တကယ်ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝကို ရရှိနိုင်မယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ရရှိနိုင်တယ်လို့ ဒီဝေစာကအာမခံထားပါတယ်။ မိတ်ဆွေဖတ်လိုပါသလား။” လက်ခံပါက “ဒီအကြောင်းအရာကို မိတ်ဆွေစိတ်ဝင်စားတဲ့အတွက် မိသားစုအသိုင်းအဝိုင်းမှာ ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပုံနဲ့ပတ်သက်ပြီး အသေးစိတ်အကြံဉာဏ်ပေးထားတဲ့ ဒီစာအုပ်ကိုလည်း မိတ်ဆွေသဘောကျကောင်းကျပါလိမ့်မယ်” ဟူ၍သင်ဆက်ပြောနိုင်သည်။ မိသားစုပျော်ရွှင်မှုစာအုပ်ပါ မာတိကာစဉ်ကိုပြပါ။ ဆွဲဆောင်မှုရှိသည့်အခန်းခေါင်းစဉ်အနည်းငယ်ကို ညွှန်ပြပါ။ စာအုပ်ကို ကမ်းပေးလိုက်ပြီး တန်ဖိုးကိုဖော်ပြပါ။ သင့်တွင် ထပ်ပြီးဝေမျှစရာများရှိကြောင်းရှင်းပြကာ နောက်တစ်ကြိမ် ပြန်လည်ပတ်နိုင်ရန်အချိန်ကိုမေးပါ။
၃ သင်သည် ပျော်ရွှင်သောမိသားစုအသက်တာအကြောင်း ကနဦးအပြန်အလှန်ပြောခဲ့သည့်စကားစကို ပြန်ကောက်ကာ ဤသို့ဆက်ပြောနိုင်သည်–
▪ “မိတ်ဆွေ ယူထား တဲ့စာအုပ်ထဲမှာ မိတ်ဆွေလေးမြတ်မယ်လို့ ယူဆရတဲ့အကြောင်းကို ပြပေးချင်ပါတယ်။ နောက်ဆုံးအခန်းက မိသားစုပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်အစစ်အမှန်ကို အာရုံစိုက်စေပါတယ်။ [စာမျက်နှာ ၁၈၃၊ အပိုဒ် ၂ ဖတ်ပါ။] ဘုရားသခင့်အလိုတော်ဆောင်ဖို့ အတူတကွလုပ်ဆောင်ခြင်းဟာ အဓိကသော့ချက်ဖြစ်ကြောင်း သတိပြုပါ။ ဘုရားသခင်ရဲ့အလိုတော်ဟာဘယ်အရာဖြစ်တယ်ဆိုတာနဲ့ အဲ့ဒါကို အိမ်ထောင်မှာ ဘယ်လိုကျင့်သုံးရမယ်ဆိုတာသိအောင် မိသားစုလိုက်အတူတကွကျမ်းစာလေ့လာဖို့ ကျွန်တော်တို့အကြံပြုပါတယ်။ လအနည်းငယ်လောက်နဲ့ပြီးသွားမယ့် အခမဲ့ကျမ်းစာသင်အံမှုအစီအစဉ်ကို ကျွန်တော်တို့လုပ်ပေးကြပါတယ်။ မိတ်ဆွေ ကျွန်တော့်ကိုခွင့်ပြုမယ်ဆိုရင် ဘယ်လိုကျင်းပတယ်ဆိုတာ ပြပေးပါ့မယ်။” ပို၍သင့်လျော်မည့် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာ သို့မဟုတ် အသိပညာစာအုပ် တစ်ခုခုဖြင့် ပြန်သွားပါ။
၄ ကျောင်းတွင် အတန်းဖော်များကို သို့မဟုတ် ရပ်ကွက်တွင် လူငယ်များကို ပြောသည့်အခါ ဤမေးခွန်းကိုမေးခြင်းဖြင့် တုံ့ပြန်မှုရရှိနိုင်သည်–
▪ “မိဘနဲ့သားသမီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] မိသားစုအသက်တာနဲ့ပတ်သက်ပြီး ဒီလက်စွဲစာအုပ်က ‘ရိုးသားပွင့်လင်းသောဆက်သွယ်ရေး’ ဆိုတဲ့အကြောင်းကိုပြောထားတယ်ဆိုတာ သတိပြုပါ။ [မိသားစုပျော်ရွှင်မှုစာအုပ်စာမျက်နှာ ၆၅၊ အပိုဒ် ၄ တစ်ပိုဒ်လုံးနှင့် အပိုဒ် ၅ ၏ပထမဝါကျကိုဖတ်ပါ။] နောက်စာပိုဒ်တွေက မိသားစုအတွင်း ဆက်သွယ်ရေးတိုးတက်နိုင်ပုံနဲ့ပတ်သက်ပြီး လက်တွေ့ကျအကြံပြုချက်တွေကို စီမံပေးထားပါတယ်။ ဒီစာအုပ်ကို မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်လို့ခေါင်းစဉ်တပ်ထားပါတယ်။ မိတ်ဆွေဖတ်ချင်တယ်၊ ဖတ်ဖို့ကတိပေးတယ်ဆိုရင် ဒီစာအုပ်ကို မိတ်ဆွေ လက်ဝယ်ရယူထားနိုင်ပါတယ်။” သူဖတ်သည့်အကြောင်းအရာပေါ် သူ၏ထင်မြင်ချက်ကို သိရဖို့ နောက်ပြန်လာမည်ဖြစ်ကြောင်း ရှင်းပြပါ။
၅ လူငယ်တစ်ဦးနှင့် မိဘသားသမီး ဆက်သွယ်ရေးအကြောင်း အစကနဦးက အပြန်အလှန်ပြောဆိုခဲ့သည်ကို သင် ဤသို့ပြောခြင်းဖြင့် ထပ်၍ ဆက်ပေးနိုင်သည်–
▪ “မိသားစုအတွင်းမှာ ကောင်းမွန်တဲ့ဆက်သွယ်ရေးရှိခြင်းရဲ့အရေးကြီးမှုအတွက် မိတ်ဆွေတင်ပြတဲ့စိတ်ဝင်စားမှုကို ကျွန်တော်လေးစားပါတယ်။ မိဘနဲ့သားသမီးဆွေးနွေးသင့်တဲ့ အရေးကြီးဆုံးအကြောင်းဟာ ဘာဖြစ်မယ်လို့ မိတ်ဆွေပြောမလဲ။” တုံ့ ပြန်မှုကိုစောင့်ပါ။ ထို့နောက် မိသားစုစာအုပ်စာမျက်နှာ ၆၈ ကိုဖွင့်ပြီး အပိုဒ် ၁၁ ၏ပထမပိုင်းအပိုဒ်တစ်ဝက်တွင်ပါသည့် အဖြေကိုဖတ်ပြပါ။ “ပတ်စဉ်ကျမ်းစာသင်အံမှုပြုလုပ်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအသိပညာ ရှာမှီးဆည်းပူးဖို့ အလွန်ကောင်းသောနည်းဖြစ်သည်။” ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာကို တင်ပြပါ။ သင်ခန်းစာ ၁၆ ခုက ကျမ်းစာသတင်းတရား၏အခြေခံလိုရင်းချက်ကို ဖော်ပြပေးကြောင်းရှင်းပြပါ။ စာမျက်နှာ ၂ ရှိ နိဒါန်းကိုဖတ်ပြပြီးနောက် ပထမသင်ခန်းစာကို အတူဆွေးနွေးပါ။
၆ တစ်အိမ်တက်ဆင်းလုပ်ငန်းတွင်ဖြစ်စေ၊ ပန်းခြံ သို့မဟုတ် အားကစားကွင်းတွင်ဖြစ်စေ မိဘတစ်ဦးနှင့်တွေ့ဆုံရသောအခါ သင် ဤသို့ပြောခြင်းဖြင့် စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သည်–
▪ “ယနေ့အချိန်မှာ သားသမီးများကိုမွေးမြူရခြင်းဟာ အင်မတန်ခက်ခဲကြောင်း မိတ်ဆွေသဘောတူမှာ သေချာပါတယ်။ မိတ်ဆွေရဲ့မိသားစုကို အကျိုးမပေးတဲ့သြဇာလွှမ်းမိုးမှုတွေကနေ ဘယ်အရာက ကာကွယ်ပေးနိုင်တယ်လို့ ထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ကျွန်တော်လေးမြတ်တဲ့ သာလွန်ကောင်းမွန်တဲ့အကြံဉာဏ်တချို့ကို ဒီမှာတွေ့ရပါတယ်။” မိသားစုပျော်ရွှင်မှုစာအုပ်စာမျက်နှာ ၉၀ ပါပုံဥပမာကို ပြောပြပြီး အပိုဒ် ၂ ကိုဖတ်ပြပါ။ ယင်းက ပျက်စီးစေသောသြဇာလွှမ်းမိုးမှုများမှ မိသားစုကိုကာကွယ်ရန် အမှန်တကယ်ထိရောက်သော မျှတသည့်လမ်းညွှန်မှုကို မည်သို့ပေးကြောင်းရှင်းပြပါ။ စာအုပ်ကိုဝေငှရန် ကမ်းပေးလိုက်ပါ။ တင်ပြလာသည့်မေးခွန်းတိုင်းကို ဖြေကြားနိုင်ရန် သင့်ကိုယ်သင် အသင့်ဖြစ်စေပါ။
၇ သင်သည် “မိသားစုပျော်ရွှင်မှု” စာအုပ်ကိုလက်ခံထားသည့် မိဘတစ်ဦးထံ ဒုတိယအကြိမ်လည်ပတ်သောအခါ ဤနည်းဖြင့် ဆက်၍အပြန်အလှန်စကားပြောဆိုနိုင်သည်–
▪ “ပထမအကြိမ်တွေ့တုန်းက မိတ်ဆွေဟာ သားသမီးတွေနဲ့ပတ်သက်ပြီး တကယ့်ကို ဂရုစိုက်တယ်၊ မှားယွင်းတဲ့သြဇာလွှမ်းမိုးမှုတွေကနေ သူတို့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးချင်တယ်ဆိုတာ သိရှိခဲ့ရတယ်။ ကျွန်တော်ထားခဲ့တဲ့စာအုပ်ထဲမှာပါတဲ့ မိတ်ဆွေသိရှိသင့်တဲ့ အင်မတန်အရေးကြီးတဲ့ သုံးသပ်တွေ့ မြင်ချက်တစ်ခုကို မိတ်ဆွေ ဖတ်ပြီးရင်မှဖတ်ပြီးဦးမယ်။ [စာမျက်နှာ ၅၉၊ အပိုဒ် ၁၉ ဖတ်။] ဘုရားသခင်နဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ကိုယ်တော့်ရဲ့ရေးသားထားတဲ့နှုတ်ကပါဌ်တော်သမ္မာကျမ်းစာ စာမျက်နှာများမှတစ်ဆင့် ကိုယ်တော်ကိုသိဖို့လိုအပ်ပါတယ်။ မိသားစုလိုက် ကျမ်းစာကို ကျွန်တော်တို့ဘယ်လိုလေ့လာတယ်ဆိုတာ ပြပေးစေလိုပါသလား။”
၈ လောကအကြံပေးသူများသည် မိသားစုများအား ပျော်ရွှင်မှုရမည့်လမ်းစဉ်ကို မပြနိုင်ကြဘဲ စိတ်ပျက်စရာကိုသာ ပေါ်ပေါက်စေကြသည်မှာ အမှန်ပင်။ နေရာအနှံ့ရှိလူတို့ကို တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ ဘုရားသခင်၏နှုတ်ကပါဌ်တော်အားဖြင့် ကူညီနိုင်ရန် မိသားစုပျော်ရွှင်မှုစာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေကြစို့။—၁ တိ. ၆:၁၉။