သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းကိုအခြားသူများအားဝေငှခြင်း
၁ မိသားစုသည် လူ့အဖွဲ့အစည်း၏အခြေခံကျသောအရာဖြစ်ပြီး မိသားစုမှ ရွာများ၊ မြို့များနှင့် လူမျိုးတစ်ရပ်ဟူ၍ဖြစ်လာသည်။ ယနေ့မိသားစုယူနစ်သည် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ဖိစီးခံရကြသည်။ အစွမ်းထက်သောသြဇာလွှမ်းမိုးမှုများက မိသားစုဘဝ၏တည်ရှိမှုကို ခြိမ်းခြောက်နေသည်။ မိသားစုအစီအစဉ်ကိုရေးဆွဲသူယေဟောဝါသည် မိသားစုပျော်ရွှင်မှုကို ကျွန်ုပ်တို့ရရှိနိုင်ရန် ညွှန်ကြားချက်များကို စီမံပေးထားသည့်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ကြပါသည်တကား! ကိုယ်တော့်လမ်းညွှန်ချက်များကိုလိုက်နာသူများသည် ပြဿနာများလျော့နည်းပြီး အောင်မြင်သောမိသားစုယူနစ်ကိုရရှိကြောင်း တွေ့ရှိကြသည်။ စက်တင်ဘာလအတွင်း သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းစာအုပ်ကို အခြားသူများအားဝေငှရန်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားသည်။ မိသားစုဘဝအကြောင်းနှင့်ပတ်သက်ပြီး လူတို့ထံချဉ်းကပ်ရန် အစပြုလုပ်ဆောင်ပါ။ ဖော်ရွေမှုရှိပါ၊ အပြုသဘောနှင့် ထိုးထွင်းသိမြင်မှုရှိပါ။ သင်ဘာပြောနိုင်သနည်း။
၂ ဤကဲ့သို့သောမေးခွန်းကို မေးခြင်းဖြင့် သင်အစပြုနိုင်သည်–
▪ “မိသားစုများစွာဟာ ဘဝရဲ့ဖိစီးမှုတွေကိုခံရပ်ဖို့ အခက်တွေ့နေရတယ်ဆိုတာ မိတ်ဆွေသတိပြုမိပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] မှတ်တမ်းများက လူများစွာဟာ အိမ်တွင်းမှာ အခက်အခဲတွေကြုံတွေ့နေရကြောင်း ညွှန်ပြပါတယ်။ ပိုပြီးတည်ငြိမ်မှုနဲ့ပျော်ရွှင်မှုကိုရှာတွေ့ဖို့ မိသားစုတွေကို ဘာကကူညီပေးမယ်လို့ မိတ်ဆွေထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] မိသားစုအစီအစဉ်ကို ဘုရားသခင်အစပြုခဲ့တဲ့အတွက် ကိုယ်တော်ပေးတဲ့လမ်းညွှန်ချက်တွေကို ဆန်းစစ်တာဟာ ကျိုးကြောင်းမညီညွတ်ဘူးလား။ [၂ တိမောသေ ၃:၁၆၊ ၁၇ ဖတ်။] အဲ့ဒီလိုအကျိုးပြုတဲ့ညွှန်ကြားချက်ကို သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းဆိုတဲ့ ဒီစာအုပ်ထဲမှာဖော်ပြထားပါတယ်။” ထို့နောက် မည်သည့်အရာသည် သာမန်မိသားစုပြဿနာဖြစ်သည်ဟု သူယူမှတ်ကြောင်း မေးပါ၊ ထိုပြဿနာအကြောင်းဆွေးနွေးထားသည့်အခန်းကိုပြပြီး ၄၀ ကျပ်နှင့်ဝေငှပါ။
၃ ပြန်လည်ပတ်မှုသွားသောအခါ ဤသို့ပြောခြင်းဖြင့် ကျမ်းစာသင်အံမှုစရန်ပန်းတိုင်ကို သင်မီအောင်လိုက်နိုင်သည်–
▪ “မိသားစုဘဝအကြောင်းနဲ့ပတ်သက်ပြီး မိတ်ဆွေပြောခဲ့တာတွေကို ကျွန်တော်ပြန်စဉ်းစားသုံးသပ်ပြီး မိတ်ဆွေနှစ်သက်လိမ့်မယ်လို့ ယူဆတဲ့အရာကို မိတ်ဆွေအတွက် ကျွန်တော်ယူလာခဲ့ပါတယ်။ [တောင်းဆိုဘရိုရှာကိုပြပြီး စာမျက်နှာ ၁၆ သို့ဖွင့်ကာ အပေါ်ပိုင်းတွင်ရှိသည့်မေးခွန်းခြောက်ခုကိုဖတ်ပါ။] မိသားစုဝင်တစ်ဦးစီဟာ မိသားစုပျော်ရွှင်မှုရရှိဖို့ မိမိရဲ့အခန်းကဏ္ဍကို လုပ်ဆောင်ရမယ်ဆိုတာ ထင်ရှားပါတယ်။ မိတ်ဆွေ အချိန်အနည်းငယ်ပေးနိုင်မယ်ဆိုရင် ဒီအကြောင်းအရာကနေ မိတ်ဆွေအကျိုးအများဆုံးရရှိနိုင်ပုံကို ကျွန်တော်ပြပေးပါ့မယ်။” ထို့နောက် သင်ခန်းစာ ၈ ကိုလေ့လာရန်အစပြုပါ။
၄ ဆွေးနွေးခန်းကိုစရန် အခြားနည်းလမ်းမှာ ပြဿနာတစ်ခုကိုဖော်ပြခြင်းဖြင့် ဤသို့ပြောပေမည်–
▪ “ရောင့်ရဲကျေနပ်တဲ့စိတ်သဘောကို လူတိုင်းခံစားချင်ကြပေမဲ့ ဒီနေရာမှာ မိသားစုများစွာဟာ အမှန်တကယ် အောင်မြင်ပုံမရကြပါဘူး။ စစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာတွေ့အောင် သူတို့ကို ဘယ်အရာကကူညီပေးမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ရှေးအချိန်ကတည်းက ယနေ့မိသားစုတွေထဲမှာ ဘယ်လိုပြဿနာမျိုး ကြုံတွေ့ရမယ်ဆိုတာ သမ္မာကျမ်းစာမှာဖော်ပြထားပါတယ်။ [၂ တိမောသေ ၃:၁-၃ ဖတ်။] ဒါပေမဲ့လည်း သမ္မာကျမ်းစာက ဒီပြဿနာတွေကိုဖြေရှင်းဖို့နဲ့ တည်မြဲတဲ့ပျော်ရွှင်မှုရရှိဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း မိသားစုတွေကိုပြောပြပါတယ်။ အဲ့ဒီမူတွေကို သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းဆိုတဲ့ဒီစာအုပ်ထဲမှာ တင်ပြထားပါတယ်။” ထို့နောက် မာတိကာကိုပြပါ၊ ယင်းတို့ကိုဖတ်ပြပြီး ၄၀ ကျပ်နှင့်ဝေငှပါ။
၅ သင်ပြန်သွားသောအခါ သင်အံမှုစရန် “တောင်းဆို” ဘရိုရှာကိုအသုံးပြုပါ။ သင် ဤသို့ပြောနိုင်သည်–
▪ “မိသားစုဘဝနဲ့သက်ဆိုင်တဲ့ ကျမ်းစာမူတွေကိုဆန်းစစ်ဖို့ မိတ်ဆွေတလိုတလားရှိတာကြောင့် ကျွန်တော့်စိတ်ထဲစွဲမှတ်သွားခဲ့ရတယ်။ ကျမ်းစာမှာပါတဲ့လက်တွေ့ကျသွန်သင်ချက်ကို လိုက်နာခြင်းဟာ အကောင်းဆုံးအကျိုးရရှိတယ်ဆိုတာ တွေ့ ကြုံမှုကတင်ပြနေပါတယ်။ အဲ့ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတာကို ရိုးရိုးကလေးရှင်းပြချက်တစ်ခု ဒီမှာတွေ့ရပါတယ်။” ဆာလံ ၁:၁-၃ သို့မဟုတ် ဟေရှာယ ၄၈:၁၇၊ ၁၈ မှတစ်ခုအပါအဝင် တောင်းဆိုဘရိုရှာ သင်ခန်းစာ ၁ ၏ပထမအပိုဒ်ကိုဖတ်ပါ။ အခွင့်အရေးရပါက သင်ခန်းစာ၏ကျန်အပိုင်းကို သုံးသပ်ပါ။ နောက်သင်ခန်းစာကို အတူလေ့လာရန်ပြန်လာမည့်အကြောင်း ကမ်းလှမ်းပါ။
၆ ကျွန်ုပ်တို့၏စာပေနှင့်စပ်လျဉ်း၍– စာပေဝေငှသောအခါ စာပေ၏တန်ဖိုးကိုပြောရန် သင်တွန့်ဆုတ်ပါသလော။ ကျွန်ုပ်တို့၏စာပေသည် တန်ဖိုးကြီးမားကြောင်း၊ ထုတ်ဝေရန် အကုန်အကျများကြောင်း ရှင်းပြပါ။ ထိုအကြောင်းကြောင့် စာပေကိုလေ့လာဖြစ်စေချင်ပါသည်။ ထိုကြောင့် လူတစ်ဦးက စာပေကိုဖတ်လိုကြောင်းပြောလှာပါက နောက်ထပ်စာပေများကိုပုံနှိပ်ရန် ယင်းတို့အတွက် အဖိုးအခပေးရန်အခွင့်အလှမ်းဖွင့်ပေးသင့်သည်။ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။
၇ ဥပမာ၊ “မိသားစုဘဝ” စာအုပ်ကိုဝေငှပြီးနောက် သင် ဤသို့ပြောနိုင်သည်–
▪ “ဒီစာအုပ်ကို နောက်ထပ်ပုံနှိပ်နိုင်ဖို့ အလှူငွေ ၄၀ ကျပ်နဲ့ပဲ ကျွန်တော်တို့ဝေငှပါတယ်။ ဒီစာပေတွေကိုထုတ်လုပ်ဖို့ စေတနာဆန္ဒအလျောက်လုပ်ဆောင်ကြတဲ့အတွက် ကျွန်တော်တို့ရဲ့စာပေတွေဟာ အလွန်စျေးနှုန်းသက်သာပါတယ်။ ဒီစာအုပ်အတွက် မိတ်ဆွေရဲ့အလှူငွေကို မိတ်ဆွေလိုပဲ တခြားသူတွေလည်း အကျိုးရရှိအောင် ဒီလိုစာအုပ်တွေ နောက်ထပ်ထုတ်ဖို့ ပညာရှိရှိသုံးသွားမှာဖြစ်တယ်။”
၈ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ချမှတ်ထားသည့် ညွှန်ကြားချက်များကိုလိုက်နာခြင်းတည်းဟူသော—မိသားစုကို ပျော်ရွှင်စေသည့်လျှို့ဝှက်ချက်ကို အခြားသူများအားဝေမျှရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကြစို့။—ဆာ. ၁၉:၇-၁၀။