မေးခွန်းသေတ္တာ
▪ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်စပ်လျဉ်း၍ လိင်ခြားသူတစ်ဦးဦးနှင့် ကျွန်ုပ်တို့ပေါင်းသင်းရသည့်အခါ သတိထားရန် လိုအပ်သည့်အရာများကား အဘယ်နည်း။
ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများသည် မိမိတို့တစ်ဦးစီ၏အကျင့်အကြံနှင့်ပတ်သက်၍ အမြင့်မားဆုံးသောစာရိတ္တစံနှုန်းကို စောင့်ထိန်းဖို့ကြံရွယ်ကြသည်ဟု မျှော်လင့်ရန်အကြောင်းရှိပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် စာရိတ္တကန့်သတ်ချက်အနည်းအကျဉ်းသာရှိသော ညစ်ညမ်းပြီးစည်းလွတ်ဝါးလွတ်လောကတွင် အသက်ရှင်နေရသည်။ ကျွန်ုပ်တို့တွင် အကောင်းဆုံးရည်ရွယ်ချက်ရှိမည်ဖြစ်သော်လည်း အပြစ်တင်စရာဖြစ်စေခြင်း သို့မဟုတ် မသင့်လျော်မှုတစ်စုံတစ်ရာတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ အမြဲတစေစောင့်ထိန်းကြရမည်။ ယင်း၌ ဓမ္မအမှုတွင်ပါဝင်စဉ် သတိပြုခြင်းပါဝင်သည်။
လယ်ကွင်းလုပ်ငန်းတွင် သမ္မာတရားကို စိတ်ရင်းမှန်ဖြင့်စိတ်ဝင်စားသည့် လိင်ခြားသူများနှင့် ကျွန်ုပ်တို့တွေ့ ကြုံရလေ့ရှိသည်။ ကျွန်ုပ်တို့သည် တစ်ဦးတည်းသွားရပြီး အိမ်၌ အခြားသူတစ်ဦးမျှမရှိလျှင် များသောအားဖြင့် အထဲဝင်မည့်အစား တံခါးပေါက်တွင် သက်သေခံခြင်းသည် အကောင်းဆုံးဖြစ်မည်။ စိတ်ဝင်စားပါက အခြားကြေညာသူအဖော်တစ်ဦးပါသည့်အချိန် သို့မဟုတ် အခြားအိမ်သားများရှိသည့်အချိန်တွင် ပြန်လာရန်စီစဉ်နိုင်သည်။ ယင်းသို့မဖြစ်နိုင်ပါက ထိုလည်ပတ်မှုကို အိမ်ရှင်နှင့်လိင်တူသည့်ကြေညာသူတစ်ဦးအား လွှဲပြောင်းပေးခြင်းသည် ပညာရှိရာရောက်မည်။ ယင်းသည် လိင်ခြားသူတစ်စုံတစ်ဦးနှင့် ကျမ်းစာသင်အံမှုကျင်းပနေခြင်းနှင့်လည်း သက်ဆိုင်သည်။—မ. ၁၀:၁၆။
ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အတူအမှုဆောင်ရန် တစ်ဦးတစ်ယောက်ကိုရွေးချယ်သောအခါ သတိပြုဖို့လိုသည်။ လိင်ခြားသောကြေညာသူများသည် ရံဖန်ရံခါ အတူတကွအမှုဆောင်မည်ဖြစ်သော်လည်း ယင်းသို့လုပ်ဆောင်ခြင်းသည် အုပ်စုလိုက်အမှုဆောင်ချိန်တွင် အကောင်းဆုံးဖြစ်သည်။ သာမန်အားဖြင့် ဓမ္မအမှုတွင်ပါဝင်စဉ်၌ပင် မိမိတို့၏အိမ်ထောင်ဖက်မဟုတ်သည့် လိင်ခြားသူတစ်စုံတစ်ဦးနှင့်သာလျှင် အချိန်ကိုအသုံးပြုခြင်းသည် ပညာရှိရာမရောက်ပါ။ ထို့ကြောင့် လုပ်ငန်းတော်အုပ်စု၏တာဝန်ခံညီအစ်ကိုသည် ဆယ်ကျော်သက်များအပါအဝင် ကြေညာသူများကို အတူတွဲအမှုဆောင်ရန် တာဝန်ချသောအခါ ဉာဏ်အမြော်အမြင်ရှိသင့်သည်။
အစဉ် ဉာဏ်အမြော်အမြင်ရှိခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် အခြားသူများအား “ထိမိ၍လဲစရာအကြောင်း” ကိုရှောင်ကြဉ်ကြမည်။—၂ ကော. ၆:၃။