ကျွန်ုပ်တို့ အဘယ်ကြောင့်ပြန်သွားနေရသနည်း
၁ သင်သည် တစ်နေ့တာလုပ်ငန်းတော်အတွက် ကြိုတင်ပြင်ဆင်နေစဉ် ထိုမေးခွန်းကို သင့်ကိုယ်သင် မေးဖူးပါသလော။ ရပ်ကွက်ကို ထပ်ခါတလဲလဲ အမှုဆောင်ရသည့်ဒေသတချို့တွင် အိမ်ရှင်များစွာသည် ကျွန်ုပ်တို့ကို မည်သူများဖြစ်ကြောင်းမှတ်မိပြီး ကြိမ်ဖန်များစွာရှောင်နေကြပေမည်။ အနည်းငယ်သောလူတို့သာ နှစ်လိုဖွယ်နည်းဖြင့် တုံ့ ပြန်ကြမည်။ သို့တိုင် ကျွန်ုပ်တို့ပြန်သွားနေရသည့် လေးနက်ခိုင်လုံသောအကြောင်းရင်း မြောက်မြားစွာရှိပါသည်။
၂ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့သည် အဆုံးရောက်သည်အထိ နိုင်ငံတော်သတင်းတရားကို ဆက်ဟောပြောနေရန် အမိန့်ပေးခံရကြသည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ပရောဖက်ဟေရှာယက မိမိ၏ဟောပြောခြင်းလုပ်ငန်းကို မည်မျှကြာကြာ ဆက်လုပ်ရမည်ဖြစ်ကြောင်း မေးခဲ့သည်။ ဟေရှာယ ၆:၁၁ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း အဖြေရခဲ့သည်။ ရှင်းနေပါသည်—သူ့အား ဘုရားသခင့်သတင်းတရားဖြင့် လူတို့ထံပြန်သွားရန် ပြောခဲ့သည်။ အလားတူ ယနေ့လည်း သူတို့သည် ကျွန်ုပ်တို့ကို ရှောင်နေကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ရပ်ကွက်တွင် နေထိုင်သူများထံ ဆက်၍လည်ပတ်နေရန် ယေဟောဝါမျှော်လင့်ပါသည်။ (ယေဇ. ၃:၁၀၊ ၁၁) ဤကား ကျွန်ုပ်တို့ကို အပ်နှင်းထားသည့် အထွတ်အမြတ်တာဝန်တစ်ခုဖြစ်သည်။—၁ ကော. ၉:၁၇။
၃ ကျွန်ုပ်တို့ ပြန်သွားနေရသည့်အခြားအကြောင်းတစ်ခုမှာ ယင်းလုပ်ငန်းသည် ယေဟောဝါထံ ကျွန်ုပ်တို့ဆည်းကပ်ဝတ်ပြုမှု၏ နက်ရှိုင်းမှုကိုတင်ပြဖို့ အခွင့်အရေးကိုရရှိစေသောကြောင့်ဖြစ်သည်။ (၁ ယော. ၅:၃) ထို့အပြင် လူသားတို့၏ မဝေးတော့သည့်အနာဂတ် အလားအလာအကြောင်း စေ့စေ့စဉ်းစားကြည့်သောအခါ ကျွန်ုပ်တို့၏အိမ်နီးနားချင်းများကို မေတ္တာဖြင့် ကြိုးစားသတိပေးခြင်းမှ ကျွန်ုပ်တို့ကိုယ်ကို မည်သို့ထိန်းချုပ်ထားနိုင်မည်နည်း။ (၂ တိ. ၄:၂; ယာ. ၂:၈) ကျွန်ုပ်တို့၏တာဝန်ကိုထမ်းဆောင်ရာတွင် သစ္စာရှိခြင်းက ဘုရားသခင့်ကယ်တင်ခြင်းသတင်းကို တုံ့ ပြန်ဖို့ သူတို့အတွက် ကြိမ်ဖန်များစွာအခွင့်အရေးရရှိစေပြီး ယင်းကြောင့် သတိပေးခြင်းမခံရဟူ၍ သူတို့ပြောနိုင်ကြလိမ့်မည်မဟုတ်ချေ။—ယေဇ. ၅:၁၃။
၄ ထို့အပြင် လူအချို့တို့ စိတ်နှလုံးပြောင်းသွားမည့်အချိန်ကို ကျွန်ုပ်တို့ဘယ်သောအခါမျှမသိကြပါ။ သူတို့၏တစ်ဦးစီအခြေအနေတွင် ဖြစ်ပေါ်သည့်အပြောင်းအလဲတစ်ခု၊ သူတို့၏မိသားစု၌ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု သို့မဟုတ် သူတို့၏အနာဂတ်နှင့်ပတ်သက်ပြီး အလေးအနက်စဉ်းစားစရာဖြစ်စေသည့် ကမ္ဘာ့အခြေအနေများကြောင့် လှုံ့ဆော်ခံရနိုင်သည်။ ထပ်ဆင့်၍ သူတို့၏အိမ်တွင် ကျွန်ုပ်တို့ပြောသည့်အကြောင်းအရာသည် နှစ်လိုဖွယ်တုံ့ ပြန်မှုကို အစပျိုးပေးကောင်းပျိုးပေးနိုင်မည်။ (ဒေ. ၉:၁၁; ၁ ကော. ၇:၃၁) ထို့ပြင် လူများ ပြောင်းသွားနိုင်သည်။ ကျွန်ုပ်တို့၏ရပ်ကွက်၌ သတင်းကောင်းကိုတုံ့ ပြန်မည့် နေထိုင်သူလူသစ်များ—လက်ရှိအချိန်တွင် တစ်ဦးတည်းနေထိုင်ပြီး ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ အလေးအနက်စဉ်းစားနေသည့် အရွယ်ရောက်သူလူငယ်များကို တွေ့ကောင်းတွေ့နိုင်သည်။
၅ ကျွန်ုပ်တို့ ပြန်သွားကြမည်လော။ သွားပါမည်! သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို လူတို့ထံ ထပ်တလဲလဲပြန်သွားရန် လှုံ့ဆော်မှုအလျှံပယ်ပေးထားပါသည်။ နောက်ဆုံး ဟောပြောခြင်းလုပ်ငန်းပြီးဆုံးသွားသောအခါ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဆက်ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်ပြီး နိုင်ငံတော်သတင်းကောင်းကို ကျေးဇူးတင်စွာဖြင့် တုံ့ ပြန်သူများကိုပါ ကိုယ်တော်ကောင်းချီးပေးတော်မူမည်ဖြစ်သည်။—၁ တိ. ၄:၁၆။