ကျွန်ုပ်တို့သည် ဟောပြောသူများသာမဟုတ်၊ သွန်သင်ပေးသူများပါဖြစ်သင့်
၁ “ယေဟောဝါသက်သေများသည် သူတို့၏သက်သေခံခြင်းဖြင့် အမှန်ပင် တစ်ကမ္ဘာလုံးကိုလွှမ်းခြုံခဲ့ကြောင်း” တွေ့ရသည်။ ထိုအတိုင်း မည်သို့ဖြစ်နိုင်ခဲ့သနည်း။ လူ့အစွမ်းခွန်အားဖြင့်မဟုတ်ဘဲ ဟောပြောခြင်းနှင့်သွန်သင်ခြင်းတာဝန်ကိုကျေပွန်စေရန် ပြင်ဆင်ပေးမှုမျိုးစုံကိုအသုံးပြုစဉ် မိမိ၏ကျေးကျွန်များအပေါ် ဘုရားသခင့်ဝိညာဉ်တော် သက်ရောက်လှုပ်ရှားစေခြင်းအားဖြင့်ဖြစ်သည်။—ဇာ. ၄:၆; တ. ၁:၈။
၂ ပုံနှိပ်စာပေများသည် ဟောပြောခြင်းလုပ်ငန်းကိုပြီးမြောက်အောင်မြင်ရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။ နှစ်ကာလတစ်လျှောက် နိုင်ငံတော်သတင်းကောင်းကိုသိရှိလာရန်ကူညီပေးဖို့ ယေဟောဝါသက်သေများသည် စာအုပ်ကြီး၊ စာအုပ်ငယ်၊ ဘရိုရှာ၊ မဂ္ဂဇင်းနှင့်ဝေစာသန်းထောင်ပေါင်းများစွာ ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ၁၉၉၇ နှစ်ချုပ်စာအုပ်ပါမှတ်တမ်းများက စာအုပ်စာတမ်းထုတ်လုပ်မှုသည် စံချိန်တင်အဆင့်သို့ ရောက်ခဲ့ကြောင်းဖော်ပြသည်။ ယခုအချိန်ထိ ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာအုပ်ရေ ၉၁ သန်းကျော်ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ တစ်နှစ်လျှင် အမေရိကန်ပြည်ထောင်စုတွင်ပုံနှိပ်ထုတ်ဝေသော ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းအရေအတွက်သည် ၇.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဂျာမနီတွင် မဂ္ဂဇင်းထုတ်လုပ်မှုသည် ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ထိုတွင်ပုံနှိပ်ထုတ်လုပ်သည့်မဂ္ဂဇင်းသုံးပုံတစ်ပုံသည် ရုရှားလယ်ကွင်းအတွက်ဖြစ်သည်။
၃ ဤမျှစာအုပ်စာတမ်းများစွာ အဘယ်ကြောင့်လိုအပ်သနည်း။ လူတို့ကိုတွေ့နိုင်သည့်နေရာတိုင်းတွင်သက်သေခံရန်အားပေးချက်ကို ကမ္ဘာတစ်ဝန်းတွင် အကြီးအကျယ်တုံ့ပြန်ခဲ့ကြသည်။ လူများစွာရှိသည့်နေရာများတွင်၊ လမ်းပေါ်တွင်နှင့် စီးပွားရေးရပ်ကွက်တွင် ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းကို ပိုမိုတိုးချဲ့ခဲ့ခြင်းကြောင့် များပြားလှသည့်စာအုပ်စာတမ်းပမာဏကို အတော်အတန်စိတ်ဝင်စားမှုပြသူတို့အား ဝေငှခဲ့ကြရသည်။ ယင်းတို့ထဲမှများစွာတို့သည် ယခင်က နိုင်ငံတော်သတင်းတရားကိုကြားဖို့အခွင့်အရေးမရခဲ့သလောက်ဖြစ်သည်။ ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန် အသင်းတော်များသည် ဓမ္မအမှု၏ကဏ္ဍအသီးသီးတွင်အသုံးပြုရန် စာအုပ်စာတမ်းမျိုးစုံကိုအသင့်ဆောင်ထားကြသည်။
၄ စာအုပ်စာတမ်းဖြန့်ဝေရာတွင် ကျွန်ုပ်တို့၏ပန်းတိုင်ကားအဘယ်နည်း။ ကျွန်ုပ်တို့၏ပန်းတိုင်သည် စာအုပ်ဝေဖို့မျှသာမဟုတ်ပါ။ တပည့်ဖြစ်စေခြင်းတာဝန်တွင် ဟောပြောခြင်းနှင့်သွန်သင်ခြင်း—ကဏ္ဍနှစ်ရပ်ပါဝင်သည်။ ပထမ၊ လူသားတို့အတွက် နိုင်ငံတော်သည် တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း လူတို့သိရှိရန် ၎င်းနှင့်ဆိုင်သည့်သတင်းကောင်းကို ဟောပြောရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားသည်။ (မ. ၁၀:၇; ၂၄:၁၄) ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေသည် ထိရောက်ကြောင်းနှစ်ရှည်လများသက်သေထူခဲ့ပြီး အခြားသူများအား စိတ်ဝင်စားမှုကိုလှုံ့ဆော်ပေးရာတွင်နှင့် နိုင်ငံတော်နှင့်စပ်လျဉ်းသည့်အသိပညာပေးရာတွင် ထိရောက်သောနည်းတစ်ခုလည်းဖြစ်သည်။
၅ ဒုတိယ၊ တပည့်ဖြစ်စေလိုပါက ကျွန်ုပ်တို့သည် ယေရှုမိန့်မှာခဲ့သမျှကို သင်ကြားပေးရမည်ဖြစ်သည်။ (မ. ၁၁:၁; ၂၈:၁၉၊ ၂၀) ဤတွင်လည်း စာပေစာတမ်းသည် သင်သားများ၏နှလုံးထဲသို့သမ္မာတရားကိုသွင်းပေးပြီး သူတို့အားတပည့်များဖြစ်လာစေရန်ကူညီပေးရာတွင် အရေးကြီးအခန်းကဏ္ဍမှပါဝင်သည်။
၆ စာပေစာတမ်းကိုလက်ခံသူများသည် ‘တရားကိုနာသောသူများ’ ဖြစ်နိုင်သော်လည်း သူတို့ဘာသာပစ်ထားလိုက်ပါက တရားကိုကျင့်သောသူများဖြစ်လာနိုင်ဖွယ်မရှိပါ။ (ယာ. ၁:၂၂-၂၅) သူတို့အား တစ်စုံတစ်ဦးကလမ်းမညွှန်ပေးဘဲ တပည့်များဖြစ်လာခဲ့ဖူးသူ မရှိသလောက်ပင်။ (တ. ၈:၃၀၊ ၃၁) ကျမ်းစာတွင် သမ္မာတရားပါရှိကြောင်း သူတို့ကိုယ်တိုင်တွေ့ရှိလာရန်ကူညီပေးဖို့ သွန်သင်ပေးသူတစ်ဦးလိုအပ်သည်။ (တ. ၁၇:၂၊ ၃) ကျွန်ုပ်တို့၏ပန်းတိုင်သည် သူတို့ကို ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည်အထိတိုးတက်လာရန်ကူညီပေးဖို့နှင့် အခြားသူများကိုသွန်သင်ပေးရန်အရည်အချင်းပြည့်ဝလာစေဖို့ လေ့ကျင့်ပေးရန်ဖြစ်သည်။—၂ တိ. ၂:၂။
၇ အလိုအပ်ဆုံးအရာမှာ ပိုမိုများသောသွန်သင်သူများဖြစ်– ကျွန်ုပ်တို့ဟောပြောသောအခါ သတင်းကောင်းကို လူသိရှင်ကြားကြေညာကြသည်။ သို့သော်လည်း သွန်သင်ခြင်းတွင် တစ်စုံတစ်ယောက်ကို တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားလေ့ကျင့်ပေးခြင်းပါဝင်သည်။ ဟောပြောခြင်းက အခြားသူများအား နိုင်ငံတော်သတင်းတရားကိုသတိမူစေစဉ် သွန်သင်ခြင်းက သတင်းကောင်းကိုလက်ခံပြီး ယင်းနှင့်အညီလုပ်ဆောင်ရန် ကူညီပေးသည်။ (လု. ၈:၁၅) သွန်သင်ပေးသူတစ်ဦးသည် ကြွေးကြော်ခြင်းထက်မကလုပ်ဆောင်သည်; သူသည် ရှင်းပြကာ ခိုင်လုံသောအချေအတင်အကြောင်းပြချက်ဖြင့် ဆင်ခြင်သုံးသပ်သည်၊ သက်သေအထောက်အထားများပေးပြီး သွေးဆောင်သည်။
၈ ဖြစ်နိုင်မည်ဆိုပါက ကျွန်ုပ်တို့ထဲမှများစွာသည် ဟောပြောသူများသာမက၊ သွန်သင်ပေးသူများပါဖြစ်သင့်သည်။ (ဟေဗြဲ ၅:၁၂က) စာပေဖြန့်ဝေခြင်းသည် ကျွန်ုပ်တို့လုပ်ငန်း၏အရေးကြီးကဏ္ဍတစ်ခုဖြစ်သော်လည်း ကျွန်ုပ်တို့၏ဓမ္မအမှု၏ဒုတိယဦးတည်ချက်ဖြစ်မြောက်ရေးသည် သွန်သင်ပေးသူများအနေနှင့်ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာအပေါ် လုံးလုံးမူတည်သည်။ စာပေများဝေငှနိုင်သည့်အခါ ကျွန်ုပ်တို့ဝမ်းသာအားရဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝကျေပွန်စေရန် စာပေဝေငှခြင်းကို ကျွန်ုပ်တို့၏နောက်ဆုံးပန်းတိုင်အဖြစ် မယူမှတ်သင့်ချေ။ (၂ တိ. ၄:၅) စာပေဝေငှခြင်းသည် အခြားသူများအား သမ္မာတရားသင်ကြားပေးရန် အခွင့်အလမ်းတံခါးကိုဖွင့်ပေးသည့် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။
၉ ကျမ်းစာသင်အံမှုများစရန် ပြန်လည်ပတ်ပါ– ကျွန်ုပ်တို့အားလုံးသည် စာအုပ်ကြီး၊ ဘရိုရှာနှင့်မဂ္ဂဇင်းအတော်များများဝေငှခဲ့ရပြီး အတော်အတန်များသောပြန်လည်ပတ်မှုစာရင်းတစ်ခုကို ပြုစုနိုင်ခဲ့ကြပေမည်။ စိတ်ဝင်စားမှုကိုလှုံ့ဆော်ရန်ပြန်သွားဖို့ ပုံမှန်အချိန်တစ်ချိန်ကိုစီစဉ်သင့်သည်။ ကျွန်ုပ်တို့ပြန်သွားရခြင်း၏အဓိကရည်ရွယ်ချက်မှာ နောက်ထပ်စာပေများဝေငှရုံသာမဟုတ်ဘဲ သူတို့တွင်ရှိထားသည့်စာပေများကို ဖတ်ရန်အားပေးဖို့နှင့် ယင်းတို့မှအကျိုးရရှိစေရန်ဖြစ်သည်။ တိကျမှန်ကန်သောအသိပညာရရှိရန်ကျွန်ုပ်တို့ကိုကူညီပေးဖို့ တစ်စုံတစ်ယောက်သည် အကြိမ်ကြိမ်မလည်ပတ်ခဲ့လျှင် ကျွန်ုပ်တို့ဝိညာဉ်ရေးမည်မျှတိုးတက်မည်နည်း။—ယော. ၁၇:၃။
၁၀ ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာဖြင့်ဖြစ်စေ၊ အသိပညာစာအုပ်ဖြင့်ဖြစ်စေ ကျမ်းစာသင်အံမှုစရန်ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားသူအားလုံးထံပြန်သွားပါ။ ဤစာအုပ်နှစ်အုပ်သည် နိုင်ငံတော်သတင်းတရားကို နားလည်လွယ်သည့်ပုံစံဖြင့်တင်ဆက်ထားသည်။ တောင်းဆိုဘရိုရှာတွင် ကျမ်းစာအခြေခံသွန်သင်ချက်များကိုခြုံငုံသုံးသပ်ထားသည့် ကျယ်ပြန့်ပြည့်စုံသောသင်ရိုးညွှန်းတမ်းပါရှိသည်။ အသိပညာစာအုပ်သည် လူတစ်ဦးအား သမ္မာတရားကို ပို၍အသေးစိတ်ကျကျအပြင် ရိုးရိုး၊ ရှင်းရှင်း၊ တိုတိုတုတ်တုတ်ဖြင့် သင်ကြားပေးနိုင်စေသည်။
၁၁ ဇွန်လ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင်ရှင်းပြထားသည့်အတိုင်း ရိုးရိုးကလေးဖြစ်သောသွန်သင်ခြင်းအစီအစဉ်သည် သွန်သင်ပေးသူအတွက် သွန်သင်ဖို့လွယ်ကူပြီး သင်သားအတွက် သင်ယူဖို့လွယ်ကူစေသည်။ ထိရောက်သည့်သင်ကြားမှုနည်းစနစ်များကို ပြန်သုံးသပ်ရန်အသင့်ရရှိနိုင်ဖို့ ထိုကြားညှပ်တစ်စောင်ကိုသိမ်းထားပါ။ ၎င်း၌ပေးထားသည့်အကြံပြုချက်အချို့တွင် သင်သားကိုအမှန်တကယ်စိတ်ဝင်စားမှုမည်သို့ပြရမည်၊ တစ်ခါသင်လျှင် အကြောင်းအရာမည်မျှသုံးသပ်မည်၊ လေ့လာနေသည့်အကြောင်းနှင့်မသက်ဆိုင်သည့်မေးခွန်းများကို မည်သို့ကိုင်တွယ်ရမည်၊ သင်အံမှုအတွက် သွန်သင်ပေးသူကောသင်သားပါ ကြိုတင်ပြင်ဆင်နိုင်ပုံနှင့် သင်သားအား ယေဟောဝါ၏အဖွဲ့အစည်းသို့မည်သို့လမ်းညွှန်ပေးရမည်တို့ပါဝင်သည်။ အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် လူသစ်များအပါအဝင် ကျွန်ုပ်တို့သည် တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်သောသင်အံမှုများကို ပို၍ကျင်းပနိုင်မည်ဖြစ်သည်။
၁၂ လယ်ကွင်းမှအောင်မြင်မှုကောင်းရရှိသည့်မှတ်တမ်းများ– တောင်းဆိုဘရိုရှာနှင့် အသိပညာစာအုပ်သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရာတွင် အသုံးဝင်သောအကူအညီများဖြစ်ကြောင်းထင်ရှားခဲ့သည်။ တောင်းဆိုဘရိုရှာကိုရရှိသည့်အခါ ဘိုလီးဗီးယားမှညီအစ်ကိုတစ်ဦးသည် လူတစ်ဦးနှင့်သင်အံမှုစရန် ယင်းကိုချက်ချင်းအသုံးပြုခဲ့သည်။ နောက်လေးလအကြာခရိုင်စည်းဝေးကြီးတွင် ဤသင်သားသည် ပျော်ရွှင်သောနှစ်ခြင်းခံသူများအထဲတွင်တစ်ဦးအပါအဝင်ဖြစ်လာသည်!
၁၃ များစွာသောသူတို့သည် အသိပညာစာအုပ်ကိုလေ့လာပြီးသည့်နောက် ယေဟောဝါထံသူတို့၏အသက်တာကိုဆက်ကပ်အပ်နှံရန်လှုံ့ဆော်ခံရသည်။ အင်ဂိုလာရှိအသင်းတော်တစ်ခုသည် အသိပညာစာအုပ်ကိုထိုဒေသတွင်စအသုံးပြုပြီးနောက်လေးလတည်းဖြင့် ကြေညာသူများကျင်းပသည့်ကျမ်းစာသင်အံမှုအရေအတွက် ၁၉၀ မှ ၂၆၀ အထိတိုးတက်ပြီး စည်းဝေးတက်ရောက်သူ ၁၈၀ မှ ၃၆၀ အထိနှစ်ဆဖြစ်လာသည်။ ယင်းနောက်များမကြာမီ နောက်ထပ်အသင်းတော်တစ်ခုတည်ထောင်ဖို့လိုအပ်လာသည်။
၁၄ အသိပညာစာအုပ်ဖြင့်ပထမဦးဆုံးသင်အံမှုစပြီးနောက် ညီအစ်ကိုတစ်ဦးက ယင်းကိုကိုင်ရခြင်းသည် “သင်တန်းကိုင်သူက မေးခွန်းများကိုသာမေးကာ သက်ဆိုင်သည့်ကျမ်းချက်အချို့ကိုဖတ်ပြီး သင်သားနားလည်ကြောင်းသေချာအောင်ပြုပါက လွယ်လွယ်ကလေးပင်” ဟူ၍ဆိုသည်။ အလွန်အရည်အချင်းရှိသောကြေညာသူများသာ တိုးတက်သည့်ကျမ်းစာသင်အံမှုများကို ကျင်းပနိုင်မည်၊ ဘယ်တော့မျှ ထိုသို့သူလုပ်နိုင်မည်မဟုတ်ဟုထင်ခဲ့သော်လည်း မိမိလုပ်နိုင်ကြောင်း သူသဘောပေါက်လာကာ “ကျွန်တော်လုပ်နိုင်တယ်ဆိုရင် ဘယ်သူမဆိုလုပ်နိုင်ပါတယ်” ဟုဆိုသည်။
၁၅ ကျွန်ုပ်တို့သည် ဓမ္မအမှု၏အပိုင်းကဏ္ဍတစ်ခုအဖြစ် ကျမ်းစာသင်အံမှုများကျင်းပခြင်းအားဖြင့် တပည့်ဖြစ်စေရန်ဦးတည်ချက်ကိုဖြစ်မြောက်စေကြသည်။ ဓမ္မအမှု၏ဤကဏ္ဍတွင်ပါဝင်ရန်အရည်အချင်းကို တိုးပွားစေသောသူများသည် အမှန်တကယ် ကျေနပ်မှုနှင့်ကြွယ်ဝသောဆုကျေးဇူးကို ခံစားကြရသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏အကြောင်းများကို သွန်သင်ပြသလျက်နေ၏” ဟူ၍ပြောနိုင်ကြပါစေ။—တ. ၂၈:၃၁။