စိုက်ပျိုး၍ရေလောင်းခြင်း—တပည့်ဖြစ်စေရန် အဆင့်များ
၁ “ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။” (၁ ကော၊ ၃:၆) ဤနည်းဖြင့် ခရစ်တော်၏တပည့်ဖြစ်စေခြင်းအဆင့်ဆင့်မှ သုံးဆင့်ကိုပေါလုသတ်မှတ်ပေးသည်။ ပထမနှစ်ဆင့်ဖြစ်သည့် စိုက်ပျိုးခြင်းနှင့်ရေလောင်းခြင်းတွင် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား ဘုရားသခင့်ကျေးကျွန်များအပေါ်ရှိသည့် တာဝန်နှင့်အခွင့်အရေး ပတ်သက်နေပါသည်။
၂ ယင်းသို့ပြုရန် လူသူရှိရာအရပ်နှင့်တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း နည်းအမျိုးမျိုးကိုပြုလုပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ယေရှုမိန့်တော်မူခဲ့သမျှကိုလိုက်နာကျင့်သုံးရန် တစ်ဆင့်ပြီးတစ်ဆင့်သွန်သင်ပေးခြင်းလည်းပါဝင်ပေသည်။ (မ၊ ၂၈:၁၉၊ ၂၀) ဤနောက်ဆုံးအဆင့်ကို စိတ်ဝင်စားသူများထံပြန်လည်ပတ်မှုပြုလုပ်ခြင်း၊ သူတို့နှင့်ကျမ်းစာဆွေးနွေးခြင်း၊ ကျမ်းစာသင်တန်းများကျင်းပခြင်းအားဖြင့်သာလျှင်ပြုလုပ်နိုင်သည်။ သင်သည် သစ္စာရှိလုပ်သားချင်းတစ်ဦးဖြစ်ပြီး သမ္မာတရားမျိုးစေ့များကိုစိုက်ပျိုးကာ လိုအပ်သ၍ ရေးလောင်းပျိုးထောင်ပေးခြင်းပြု၍ ယေဟောဝါနှင့်ဝိုင်းဝန်းကူညီနေကြောင်း သက်သေထူနေပါသလော။—၁ ကော၊ ၃:၉။
အလားအလာနှင့်လိုအပ်ရာကိုအသိအမှတ်ပြု
၃ ၁၉၉၀ လုပ်ငန်းတော်နှစ်အတွင်း စာအုပ်ကြီးငယ် ၄,၃၇၂ နှင့်မဂ္ဂဇင်း ၁၆၉,၉၂၇ ဝေငှခဲ့ပါသည်။ သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သူ ၄,၇၆၅ လည်းရှိခဲ့သည်။ ပျမ်းမျှကြေညာသူ ၁,၆၆၆ ထက်များပါသည်။ ကျွန်ုပ်တို့လုပ်ငန်း၏ စိုက်ပျိုးခြင်းကဏ္ဍ အဓိကအပိုင်းမှာ စာအုပ်စာတမ်းများဝေငှခြင်းဖြစ်သည်။ ဤနည်းဖြင့် ကြဲခဲ့သောသမ္မာတရားမျိုးစေ့မှ တပည့်သစ်များထုတ်ပေးနိုင်သည့်အလားအလာရှိစေသည်။ သို့သော် ဘုရားသခင်၏လုပ်ဖော်ကိုင်ဖက်များအနေနှင့် ဤသူတို့ထံပြန်လည်ပတ်ပြီး ကျမ်းစာမှအကြောင်းအရာတို့ကိုစိတ်ဝင်စားစေရန် ကူညီပေးဖို့ တိုက်တွန်းခံရပါသလော။ အသင်းတော်ကြေညာသူများသည်ပျမ်းမျှအားဖြင့် သင်အံမှု ၀.၂ သာရှိကြသည်။ သမ္မာတရားမျိုးစေ့ကိုစိုက်ကာ ပထမအဆင့်ကိုကျော်ပြီး၊ တိုးတက်သောကျမ်းစာသင်အံမှုများကိုကျင်းပရန် ကြိုးစားဖို့ အသီးသီး၌တာဝန်ရှိနေကြောင်း ကြေညာသူတိုင်းသိမြင်လာလျှင် ၄င်းထက်တိုးတက်လာမည်မှာသေချာသည်။ အချို့သူများမှာ ကန့်သတ်ချက်အမျိုးမျိုးရှိသောကြောင့် အိမ်တွင်းကျမ်းစာသင်အံမှု တစ်ခုသို့မဟုတ်ထိုထက်မက ကျင်းပနိုင်မည်မဟုတ်သော်လည်း မိမိတို့အခြေအနေကို သုံးသပ်လျှင်ကောင်းသည်။
၄ အချို့နေရာများ၌ရှိသောအခြေအနေကိုသုံးသပ်လျှင် စိတ်ဝင်စားစရာကောင်းသည်။ အသင်းတော်များသည် စိတ်ဝင်စားသူများတွေ့ရှိ၍ ကြေညာသူတစ်ဦးလျှင် ပျမ်းမျှကျမ်းစာသင်အံမှု တစ်ခုမှနှစ်ခုမှတ်တမ်းသွင်းနေကြပါသည်။ ကျမ်းစာသင်အံမှုများမှတပည့်သစ်များသည် ထွက်လာပေမည်။ ကျမ်းစာသင်အံမှုအရေအတွက်သည် တပည့်သစ်များတိုးတက်နှုန်းနှင့် အချိုးအစားကျသည်။ ၁၉၉၁ နှစ်ချုပ်စာအုပ် ပါနိုင်ငံအသီးသီး၏မှတ်တမ်းမှ ပျမ်းမျှကြေညာသူအရေအတွက်နှင့် ကျမ်းစာသင်အံမှုအရေအတွက်ကိုနှိုင်းယှဉ်ကြည့်လျှင် ယင်းသို့ဖြစ်ကြောင်း ထင်ရှားသည်။
၅ ကျွန်ုပ်တို့ဟောပြောသောနိုင်ငံတော်သတင်းကိုလက်သင့်ခံသူများအားချစ်မြတ်နိုးသဖြင့် ကျမ်းစာသင်အံမှုများကျင်းပလိုစိတ်ပြင်းပြသင့်သည်။ ယေဟောဝါနည်းတူ ကျွန်ုပ်တို့သည် လူတို့အပေါ်စေတနာစိတ်ထား၍ သူတို့ကယ်တင်ခြင်းရဖို့ ဝိညာဏကြီးထွားမှုရှိဖို့လိုကြောင်း သဘောပေါက်သင့်သည်။ (၁ ပေ၊ ၂:၂) အပင်များကြီးထွားလာရန် ရေလိုသကဲ့သို့ နိုင်ငံတော်သတင်းကိုစိတ်ဝင်စားမှုပြသူများသည် စည်းဝေးများတက်လာကြရန် ဘုရားအဖွဲ့အစည်းသို့မှန်မှန်ညွှန်ပြသည့် အိမ်တွင်းကျမ်းစာသင်အံမှုများပြုလုပ်ပေးဖို့လိုသည်။
၆ ကျွန်ုပ်တို့နာခံမှုပြခြင်းလည်း အလွန်အရေးကြီးသည်။ သမ္မာတရားဘက်ရှိသူတို့သည် ကိုယ်တော်၏အသံကိုနားစွင့်သည်ဟု ယေရှုဆိုသည်။ (ယော၊ ၁၈:၃၇) တပည့်တော်များသည် ဟောပြောသွန်သင်ရမည်ဟု မိန့်တော်မူပြီး ထိုလုပ်ငန်းကိုဆောင်ရွက်ရန် အသင့်ပြင်ဆင်ပေးတော်မူသည်။ ဆရာသမားတစ်ဦးအဖြစ်လည်းကောင်း၊ လူတို့အပေါ်စေတနာစိတ်ထားခြင်းဖြင့်လည်းကောင်း ကိုယ်တော်၏ထူးခြားသောပုံသက်သေအားဖြင့် သူတစ်ထူးကိုကူညီပေးရန် လိုက်နာအပ်သောပုံသက်သေကိုယေရှုပြတော်မူသည်။ (လု၊ ၆:၄၀။ ယော၊ ၁၃:၁၃။ ၁၄:၁၂) ကိုယ်ကိုယ်တိုင်နှင့်ကိုယ်သွန်သင်ပေးသူများ၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ကြိုးစားမှုအပေါ်မူတည်သည်။—၁ တိ၊ ၄:၁၆။
ကျမ်းစာသင်အံမှုများစနိုင်ရန်အကူအညီများ
၇ မိမိလုပ်ငန်းကိုပြောင်မြောက်စေရန် ကျွမ်းကျင်သောလက်မှုပညာရှင်သည် မိမိလက်ရှိကိရိယာများမှ အကောင်းဆုံးကိုရွေးချယ်အသုံးပြုသည်။ နောက်ခံအမျိုးမျိုး၊ ကြည့်မြင်ချက်အမျိုးမျိုးရှိသူများ၏နှလုံးကိုထိမိရန် ဆရာသမားများအနေနှင့် ကျွန်ုပ်တို့အသုံးပြုဖို့ ဘရိုရှာများ၊ ဝေစာများအစရှိသည့် စာပေအမြောက်အမြားရရှိထားသည်။
၈ ကြေညာသူအချို့သည် ဝေစာများ၊ ဘရိုရှာများအသုံးပြုကာ ကျမ်းစာဆွေးနွေးခန်းများစတင်ရန် အကျိုးများစွာရရှိခဲ့ပေပြီ။ ဥပမာ၊ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာက ဤဝမ်းသာစရာမျှော်လင့်ချက်ကို အကြမ်းဖျင်းဖေါ်ပြရာတွင် ကျမ်းချက် ၂၀ ကျော်ကိုကိုးကားတင်ပြထားသည်။ အားတက်စေမည့် ကျမ်းစာဆွေးနွေးခန်းအမျိုးမျိုးကိုစတင်ပေးရန် ဤကျမ်းချက်များကိုအသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ဘရိုရှာများသည်လည်း စက္ခုအာရုံဆွဲဆောင်၍ရိုးရိုးလေးဖြင့် အခြေခံသမ္မာတရားကိုလူတို့သိရှိကြရန်၊ တိုး၍သိချင်စိတ်ပေါ်လာရန် နှိုးဆွပေးနိုင်ပါသည်။
၉ ပညာအရည်အချင်းအကန့်အသတ်ရှိသူ၊ မျက်စိမှုန်သူတစ်ဦးကို သင်သိရှိပါသလော။ ကမ္ဘာသားဘဝ ထာဝရစံစားကြ ဘရိုရှာကိုအသုံးပြု၍ ထိုကဲ့သို့သောသူနှင့် တိုးတက်မှုရှိ ကျမ်းစာဆွေးနွေးမှုပြုလုပ်ဖူးပါသလော။ အနာဂတ်အတွက်ဘုရားသခင့်ကတိတော်များအကြောင်း အိမ်ရှင်သင်ယူချင်ရန် လိမ္မာစွာဆွဲဆောင်တိုက်တွန်းပေးသည့် နိဒါန်းအပိုဒ်များပါ “ကြည့်ရှုလော့” ဘရိုရှာသည်လည်း လက်နက်ကောင်းတစ်ခုဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင်ထုတ်ဝေခဲ့သော သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်သည်လည်း ထိုအချိန်မှစ၍ နှစ်ခြင်းခံယူခဲ့သူ ၁,၇၀၀,၀၀၀ မကတို့မှအများစုကိုကူညီပေးရာတွင် များစွာအထောက်အကူပြုခဲ့ပြီ။
စိတ်ဝင်စားသူများအပေါ် တာဝန်သိသိထမ်းဆောင်ပါ
၁၀ သင့်အသင်းတော်ကြေညာသူမှတ်တမ်းကိုတောင်းကြည့်ပြီး လွန်ခဲ့သော ၁၂ လအတွင်း ဝေငှခဲ့သည့် စာအုပ်ကြီး၊ (ဘရိုရှာများအပါအဝင်) စာအုပ်ငယ်၊ မဂ္ဂဇင်းအရေအတွက် မည်မျှရှိသည်ကိုသတိပြုလျှင် အကျိုးရှိပေမည်။ ဝေငှလိုက်ရုံနှင့် ပြီးရောလား။ သို့မဟုတ် စိုက်ပျိုးခြင်းအဆင့်ကို သင်ကျော်လွှားဆောင်ရွက်ခဲ့ပါသလော။ ကျွန်ုပ်တို့စာပေများကိုလက်ခံယူသည်အထိ စိတ်ဝင်စားမှုပြခဲ့သူတို့အနက် မည်မျှထံ သင်ချက်ချင်းပြန်လည်ပတ်သွားခဲ့ပါသနည်း။ သင်စိုက်ပျိုးခဲ့သောမျိုးစေ့သည် အညှောက်တက်လာမလာ ပြန်သွားကြည့်ခဲ့ပါသလော။ လိုအပ်သ၍ ရေလောင်းပေးပြီး ကြီးထွားလာစေရန် ယေဟောဝါထံသင်ဆုတောင်းခဲ့ပါသလော။—တမန်တော် ၁၆:၁၄ နှင့် ၂ သက်သာလောနိတ် ၃:၁ တို့ကိုနှိုင်းယှဉ်ပါ။
၁၁ မိမိကိုယ်ကိုအရည်အချင်းမရှိဟူ၍ယူမှတ်ကာ သင်သည် ပြန်လည်ပတ်မှုမလုပ်၊ ကျမ်းစာသင်အံမှုမရှိသူဖြစ်နေသလော။ ယင်းသို့ဖြစ်လျှင် အရည်အချင်းမပြည့်၍မဟုတ်ဘဲ သင့်သဘောထားကြောင့်သာဖြစ်နေမည်။ လုပ်ငန်းတော်အတွက် လုံလောက်စွာအသင့်ပြင်ဆင်ပေး၍ အရည်အချင်းရှိစေကာ မိမိလူမျိုးကိုယေဟောဝါစေလွှတ်ထားတော်မူပြီ။ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့်အဖွဲ့အစည်းအားဖြင့် ‘ကောင်းမြတ်သောလုပ်ငန်းအားလုံး’ အတွက် ကျွန်ုပ်တို့အားပြင်ဆင်ထားတော်မူပြီ။ (၂ တိ၊ ၃:၁၆၊ ၁၇။ ၂ ကော၊ ၃:၅၊ ၆) သန့်ရှင်းသောဝိညာဉ်တော်၊ ပုံနှိပ်စာပေများနှင့်စင်မြင့်ပေါ်မှ ကြားရသောသွန်သင်ချက်၊ မြင်ရသောသရုပ်ပြခန်းများဖြင့်သာမက ကူညီပေးရန်အသင့်ရှိသော ကျွမ်းကျင်သည့်ဆက်ကပ်အပ်နှံကျေးကျွန်များ၏ပုံသက်သေများဖြင့် ကျွန်ုပ်တို့လိုအပ်ရာကို ကိုယ်တော်ပေးတော်မူသည်။ ကျမ်းစာသင်အံမှုကျင်းပရန် အဆင့်မြင့်ပညာရှိထားဖို့မလိုပါ။ ယေဟောဝါအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့ရရှိသည့် ထူးကဲသောဝိညာဏပညာကို လက်သင့်ခံဖို့လိုအပ်သည်။—တမန်တော် ၄:၁၃ နှင့်နှိုင်းယှဉ်။
၁၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း၊ လုပ်ငန်းတော်စည်းဝေးများနှင့် အခြားသွန်သင်ပေးနည်းအမျိုးမျိုးကို ကျွန်ုပ်တို့လိုအပ်နေသည်။ ဟေဗြဲခရစ်ယာန်များအား တမန်တော်ပေါလုက ဤသို့အတိအလင်းဆိုသည်။ “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်း ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေ့ဦးစွာသင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။” (ဟေ၊ ၅:၁၂) လုပ်ငန်းတစ်ခုကိုနှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူတစ်ဦးသည် မိမိ၏လက်နက်ကိရိယာတို့ကို ကျွမ်းကျင်စွာအသုံးပြုနိုင်လိမ့်မည်ဟု ယူမှတ်ကြမည်။ စိတ်ဝင်စားမှုနှင့်ကြိုးစားအားထုတ်မည်ဆိုလျှင် ကျမ်းစာဆွေးနွေးပုံဆွေးနွေးနည်းတိုးတက်လာမည်အမှန်။—သု၊ ၁၂:၂၄။ ၂၂:၂၉။
၁၃ နိုင်ငံတော်သတင်းကိုစိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွား၍ ကျမ်းစာမှအကြောင်းများကိုဆွေးနွေးရန် အချိန်ပေးရုံမက ခွန်အားစိုက်ထုတ်ရပါသည်။ သို့သော် သမ္မာတရား၌ကျွန်ုပ်တို့ရှိနေခြင်းသည် ယေဟောဝါ၏မခံစားထိုက်သောကရုဏာကြောင့်ဖြစ်သည်ကို သဘောပေါက်သင့်သည်။ ထိုကရုဏာကို အချိန်ကုန်ခံပြီး ကျွန်ုပ်တို့အားသမ္မာတရား သွန်သင်ပေးခဲ့သူကတင်ပြခဲ့သည်။ ထိုနည်းတူစွာ လိုအပ်သောအချိန်ကိုရွေးနှုတ်ပြီး အရေးကြီးလှသည့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကိုထမ်းဆောင်ရန် မေတ္တာတရားသည် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသင့်သည်။—၂ ကော၊ ၅:၁၄၊ ၁၅။ ဧ၊ ၅:၁၅၊ ၁၆။
၁၄ ညနေပိုင်းတွင် သက်သေခံထွက်ကြရန်စီစဉ်ဖို့ အသင်းမ၏အကြံပေးချက်ကို အသင်းတော်များစွာလိုက်လျှောက်ခဲ့ပြီ။ ညနေစောစောပိုင်းအချိန်တွင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားခြင်းသည် အများအားဖြင့် အချိန်အခါကောင်းဖြစ်သည်။ ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်ပြီး ကျမ်းစာအကြောင်းများဆွေးနွေးဖို့ စိတ်ဝင်စားသူနှင့်ပတ်သက်သည့်အချက်များကို မှတ်တမ်းတင်ထားခြင်းသည် အလွန်အရေးကြီးသည်။ ဤမှတ်တမ်းများကို စာအုပ်တစ်အုပ်၊ ကျမ်းစာအုပ်ကြားညှပ်ပြီး မမေ့လိုက်ပါနှင့်။ သုံးလေးပတ်ကြာမှ ရပ်ကွက်တစ်ခုကိုရောက်ရှိသွားသဖြင့် ပြန်လည်ပတ်မှုပြုလုပ်ရန်သတိရမည်ဆိုလျှင် စိတ်ဝင်စားသူ၏နှလုံးထဲ ကြဲလိုက်သည့်မျိုးစေ့ကိုနှုတ်ပစ်ဖို့ရှာကြံသော စာတန့်ကိုယ်စားလှယ်များလက်တွင်း သူ့အားရောက်စေပါသည်။ (လု၊ ၈:၁၂) ချက်ချင်းပြန်လည်ပတ်သွားခြင်းအားဖြင့် စာတန့်နည်းပရိယာယ်များကို တားဆီးပေးမည်လော။ အသင်သည် တာဝန်သိတတ်ပြီး မိမိအခွင့်အရေးကို တန်ဖိုးထားမည်ဆိုလျှင် ဖြစ်နိုင်လျှင် ချက်ချင်းပြန်လည်ပတ်သွားမည်။—၁ ကော၊ ၉:၁၆၊ ၂၃။
ကျမ်းစာသင်အံမှု မည်သို့စပေးမည်နည်း
၁၅ ကျမ်းစာသင်အံမှုစခြင်းသည် အလွန်ခက်ခဲရှုပ်ထွေးသည်မဟုတ်ပါ။ အိမ်သို့လာပြီး ကျမ်းစာသင်ပေးမည်ဟု ကမ်းလှမ်းပြောဆိုသည့်အခါ လူအချို့ချက်ချင်းပင်လက်ခံပါလိမ့်မည်။ သို့ရာတွင် ကြေညာသူများစွာက ကျမ်းစာသင်မည်ဟုလုံးဝမပြောဘဲ ထိုရည်ရွယ်ချက်ဖြင့်ကျမ်းစာဆွေးနွေးကြပါသည်။
၁၆ လူများကိုချစ်ရန်၊ သူတို့ကိုကူညီပေးချင်စိတ်ရှိရန်လိုသည်။ ကောင်းစွာပြင်ဆင်မှုရှိရန် လိုအပ်သည်။ ယင်းသို့ပြုရာတွင် စိတ်ဝင်စားသူနှင့်ဆွေးနွေးခဲ့သောအကြောင်း၊ သူနှင့်ကျမ်းစာဆက်ဆွေးနွေးရန် မည်သို့ချဉ်းကပ်မည့်အကြောင်း ထည့်စဉ်းစားမည်။ သင်ပြောမည့်စကားများကို ကြိုတွေးတောထားပါ။ ယခင်ကဆွေးနွေးခဲ့သောအကြောင်းနှင့်ဆိုင်သော ထပ်ဆင့်ကျမ်းချက်အချို့ကို ရွေးချယ်ထားမည်လော။ သို့မဟုတ် အိမ်ရှင်၌ရှိသောဝေစာ သို့မဟုတ် စာအုပ်မှ ပထမအပိုဒ်များကို သူနှင့်ဆွေးနွေးသုံးသပ်မည်လော။ သူစိတ်ဝင်စားမှုပြခဲ့သည့်အကြောင်းတစ်ခုကို သင်ရွေးချယ်နိုင်မည်။ ပထမအကြိမ်တွင် ၁၀ သို့မဟုတ် ၁၅ မိနစ်သာအချိန်ယူပါ။ စိတ်ဝင်စားမှုတင်ပြပုံကိုအခြေခံပြီး အချိန်တိုးပေးနိုင်ပေမည်။ မည်သို့ဆက်ပြုလုပ်မည်၊ မည်မျှကြာရှည်နေမည်ကို သင်ဆင်ခြင်ယူနိုင်ပါသည်။
၁၇ တပည့်ဖြစ်စေခြင်းအတွက် အဆင့်ဆင့်တိုးတက်လာစေရန် မည်သို့ကူညီပေးနိုင်ကြောင်း အထောက်အကူပြုအကြံပေးချက်များစွာကို နှစ်ကာလတစ်လျှောက် သင်ရရှိထားခဲ့ပေပြီ။ ၁၉၉၀ အောက်တိုဘာနှင့်နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု များတွင် အခန်းဆက်ဆောင်းပါးများအနေနှင့် အထောက်အကူပြုအကြောင်းများဖြစ်သည့် “ထိရောက်သောကျမ်းစာသင်အံမှုများအားဖြင့် နှလုံးထိမိစေခြင်း” နှင့် “ယေဟောဝါအဖွဲ့အစည်းသို့ ကျမ်းစာသင်သားများကိုညွှန်းခြင်း” အကြောင်းများပါသည်။ ၁၉၈၇ ခု ဖေဖော်ဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် “အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ပြင်ဆင်ခြင်းနှင့်ကျင်းပခြင်း” အကြောင်းပါသည်။ Index စာအုပ် “ကျမ်းစာသင်အံမှု” ခေါင်းစဉ်အောက်ဖွင့်ကြည့်လျှင် ထပ်ဆင့်အကူအညီဖြစ်သောအကြောင်းများသိလာမည်။
၁၈ သင်အံမှုကိုမည်သို့ကျင်းပရမည်ပုံစံအတွက် အသင်းတော်စာအုပ်ကြီးသင်တန်းကိုအတုယူပါ။ အိမ်တွင်းကျမ်းစာသင်အံမှုပြုရာတွင် ကန့်သတ်ချိန်အတွင်း မည်မျှလေ့လာရမည်ကို မသတ်မှတ်ထားပေ။ ထိုကြောင့် သင်သားလက်ခံနိုင်စွမ်းနှင့် သူ၏လိုအပ်ချက်အလိုက် လေ့လာသွားသင့်သည်။ ထို့ပြင် လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် အခြားအတွေ့အကြုံရှိကြေညာသူနှင့်ရှေ့ဆောင်များသည် သင်နှင့်အတူသွားပြီး ထိရောက်သောကျမ်းစာသင်အံမှုများကို မည်သို့ကျင်းပနိုင်ကြောင်း အကြံပေးရန်အသင့်ရှိပါမည်။
၁၉ လူများကိုကူညီပေးရာတွင် ယေဟောဝါရှင်သည် အဓိကကဏ္ဍတွင်ပါဝင်နေကြောင်းသိရှိထားသဖြင့် သင်အံမှုရရန် ဆုတောင်းမည်သာမက တွေ့ရှိထားသည့် စိတ်ဝင်စားသူများ၏တိုးတက်မှုအတွက်ပါ ထည့်ဆုတောင်းသင့်သည်။ ကျွန်ုပ်တို့၏စိတ်နေသဘောထားသည် အဂြိပ္ပမင်းအား တမန်တော်ပေါလုသက်သေခံခဲ့သောအချိန်ကကဲ့သို့ဖြစ်သင့်သည်။ “ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကိုကြားသောသူအပေါင်းတို့သည် ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှာ ဘုရားသခင်ကို အကျွန်ုပ်ဆုတောင်းပါသည်။” (တမန်တော် ၂၆:၂၉) အချိန်တိုအတွင်း၊ သို့မဟုတ် ကြာမြင့်စွာအကူအညီယူပြီးနောက် မိမိအားကြားနာသူများသည် ခရစ်တော်၏တပည့်စစ်များဖြစ်လာကြရန် ပေါလုအလိုရှိခဲ့သည်။
၂၀ ကျမ်းစာသင်အံမှုများကျင်းပခြင်းအားဖြင့် “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုသက်သေခံစေခြင်းငှာ” အခွင့်ပေးသည်။ (တ၊ ၂၀:၂၄) အမှောင်မှအလင်းသို့လှည့်လာ၍ စာတန့်လက်တွင်းမှဘုရားသခင်ထံသို့ရောက်လာဦးမည့်သူ အရေအတွက်စုစုပေါင်းကို မဖော်ပြနိုင်သေးပါ။ (တ၊ ၂၆:၁၈) ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော အသင်ယေဟောဝါ၏ကျေးကျွန်သည် သမ္မာတရားမျိုးစေ့ကိုကြဲပြီး ကျမ်းစာဆွေးနွေးခြင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုများ မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် လိုအပ်သောရေလောင်းခြင်းကိုပြုလုပ်သင့်သည်။ ဤနည်းဖြင့် လူတို့သည် တပည့်များဖြစ်လာပြီး ထပ်ဆင့်အခြားသူများ ယေရှုခရစ်တော်၏တပည့်များဖြစ်လာစေရန် သင်နှင့်အတူကူညီပေးလာသည်ကိုတွေ့ရှိခြင်းမှ များစွာရွှင်လန်းမှုရရှိပေမည်။