နှံ့စပ်စွာသက်သေခံခြင်း၌ နှစ်ထောင်းအားရပါ
၁ ကောင်းမွန်စွာလုပ်ဆောင်ခြင်း၌ ကျွန်ုပ်တို့အားလုံးပျော်မွေ့ ကြသည်။ ယေရှုနှင့်ပတ်သက်၍ “သူသည် အလုံးစုံတို့ကို ကောင်းမွန်စွာပြုတော်မူပြီ” ဟုလူအုပ်စုကြီးကကြေညာခဲ့ကြောင်း မာကု ၇:၃၇ [သမ္မာ] ကဆို၏။ ယေရှုသည် ယေဟောဝါ၏အလိုတော်ဆောင်ခြင်း၌ နှစ်ထောင်းအားရခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ! (ဆာလံ ၄၀:၈ နှိုင်းယှဉ်။) အောက်ပါအကြံပြုချက်များကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် “လူတို့အားဟောပြောရန်နှင့် နှံ့စပ်စွာသက်သေခံရန်” ယေရှု၏အမိန့်တော်ကိုနာခံသည်နှင့်အမျှ ကျွန်ုပ်တို့သည်လည်း အလားတူပျော်ရွှင်မှုခံစားရမည်ဖြစ်သည်။ (တ. ၁၀:၄၂၊ ကဘ) ဇန်နဝါရီလ၌ ကျွန်ုပ်တို့သည် အသင်းတော်တွင်ရှိမည့် ၁၉၈၅ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို သို့မဟုတ် ထာဝစဉ်အသက်ရှင်စာအုပ်ကို ဝေငှနေကြပါမည်။ နှံ့စပ်စွာသက်သေခံရန် ဤစာပေများကို ကျွန်ုပ်တို့မည်သို့အသုံးပြုကြမည်နည်း။
၂ လူတို့သည် ကျန်းမာရေးပြဿနာများကို စိုးရိမ်တတ်ကြသောကြောင့် ဤကဲ့သို့ သင်ပြောနိုင်သည်–
▪ “ဆေးပညာနယ်ပယ်မှာ ထူးခြားတဲ့ပြီးမြောက်အောင်မြင်မှုတွေရရှိနေပေမဲ့ ဖျားနာမှုကြောင့် ဒုက္ခတွေအများကြီးရှိနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ကပ်ရောဂါဘေးဆိုက်ခြင်းဟာ နောက်ဆုံးကာလရဲ့လက္ခဏာတစ်ခုဖြစ်မယ်လို့ ယေရှုမိန့်ဆိုခဲ့ပါတယ်။ (လု. ၂၁:၁၁) ဒါပေမဲ့ သမ္မာကျမ်းစာက ဖျားနာမှုမရှိတော့မယ့်အချိန်တစ်ချိန်ကိုလည်း ဖော်ပြထားပါတယ်။ [ဟေရှာယ ၃၃:၂၄ ဖတ်။] ဒီလက်စွဲစာအုပ်က အခြေခံကျမ်းစာသွန်သင်ချက်ကြောင့်မျှော်လင့်ချက်ရှိစေပုံကို သတိပြုပါ။” သင်ဝေငှနေသည့်စာအုပ်မှ သင့်လျော်သောအချက်များကို ပေါ်လွင်စေပြီး ယင်းကိုဝေငှပါ။ တန်ဖိုးကိုပြောပါ။ သူ၏လိပ်စာကို လိမ္မာပါးနပ်စွာတောင်းပါ။ ပြန်လာသည့်အခါ သူမေးလိုသည့်မည်သည့်မေးခွန်းကိုမဆို ဝမ်းမြောက်ဝမ်းသာဖြေကြားပေးမည်ဖြစ်ကြောင်း ပြောပါ။
၃ ဈေးဆိုင်တန်းများအနီးအနားတွင် အလွတ်သဘောသက်သေခံသောအခါ သင် ဤသို့နှုတ်ခွန်းဆက်စကားပြောပြီး မေးနိုင်သည်–
▪ “ဒီခေတ်အခါမှာ ကုန်ပစ္စည်းတွေက အရမ်းဈေးကြီးတော့ မိတ်ဆွေအတွက် စားဝတ်နေရေးအလျဉ်မီဖို့ ခက်ခဲတယ်လို့ထင်ရသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] စစ်မှန်တဲ့စီးပွားရေးဆိုင်ရာအာမခံချက်ရှိမယ့်အချိန် တစ်နေ့နေ့ရောက်လာမယ်လို့ မိတ်ဆွေထင်သလား။” တုံ့ ပြန်မှုကိုစောင့်ပါ။ ထို့နောက် သင်ဝေငှနေသည့်စာအုပ်မှ သင့်လျော်သည့်ကျမ်းစာကိုးကားချက်တစ်ခုကို ဖော်ပြပါ။ ဤသို့ပြောခြင်းဖြင့်ဆက်လုပ်ဆောင်ပါ– “ယနေ့ခေတ်လူနေမှုကို အလွန်ခက်ခဲစေတဲ့ပြဿနာတွေကို မိမိရဲ့နိုင်ငံတော်အားဖြင့် ဘုရားသခင်ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာကို ဒီစာအုပ်က ညွှန်ပြပါတယ်။” စာအုပ်ကိုကမ်းပေးလိုက်ပြီး စာအုပ်၏တန်ဖိုးကိုပြောပြပါ။ စကားစမြည်ပြောရ၍ သင် မည်မျှပျော်ရွှင်ကြောင်း ပြောပြပြီးနောက် ဤသို့မေးပါ– “အခြားအချိန်မှာ ဒီလိုစကားဆက်ပြောနိုင်ဖို့ နည်းလမ်းတစ်ခုခုကောမရှိနိုင်ဘူးလား။” ဤနည်းဖြင့် သင်သည် ထိုသူ၏တယ်လီဖုန်းနံပါတ် သို့မဟုတ် အိမ်လိပ်စာကို ရယူနိုင်မည်ဖြစ်သည်။
၄ “ထာဝစဉ်အသက်ရှင်” စာအုပ်ကိုအသုံးပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် ဤတင်ဆက်ပုံကို စမ်းကြည့်ရန်အခွင့်အရေး သင် ရရှိနိုင်ပေမည်–
▪ “ကမ္ဘာ့ငြိမ်းချမ်းရေးရရှိဖို့ ဘာကြောင့် ဒီလောက်ခက်ခဲရတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ၊ ထို့နောက် စာမျက်နှာ ၂၀-၁ မှရုပ်ပုံကိုပြပါ။] ဒီပုံဟာ ဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့ ကျမ်းစာဖြစ်ရပ်တစ်ခုရဲ့ရုပ်ပုံဖြစ်တယ်။ [အပိုဒ် ၁၇ မှဗျာဒိတ်ကျမ်း ၁၂:၇-၉၊ ၁၂ ကိုတိုက်ရိုက်ဖတ်ပြပါ။ ထို့နောက် ရုပ်ပုံနှင့်တွဲထားသည့်ပုံစာကို ဖတ်ပြပါ။] ကမ္ဘာပေါ်မှာငြိမ်သက်မှုကင်းမဲ့ရခြင်းဟာ မြေကြီးပေါ်ကို စာတန်နှင်ချခံခဲ့ရခြင်းရဲ့အကျိုးဆက်တစ်ခုပါပဲ။ ဒီစာအုပ်က အရေးကြီးတဲ့မေးခွန်းမြောက်မြားစွာကို ဖြေကြားပေးပါတယ်၊ မိတ်ဆွေဆီမှာ ဒီစာအုပ်ကိုရှိထားစေချင်တယ်။” တန်ဖိုးကိုပြောပြပါ။ ဤတန်ဖိုးသည် စာရွက်ခနှင့်ပုံနှိပ်ခအတွက်ဖြစ်သည်။
၅ စိတ်ဝင်စားသူကိုတွေ့ဖို့ပြန်သွားသည့်အခါ ဤချဉ်းကပ်နည်းကိုအလိုက်သင့်ပြောင်းလဲပေးခြင်းဖြင့် ကျမ်းစာသင်အံမှုစရန် သင်ကြိုးစားနိုင်သည်–
▪ “နောက်ဆုံးအကြိမ်ကျွန်တော်တို့စကားပြောခဲ့ကြတုန်းက အလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကို မိတ်ဆွေတင်ပြခဲ့တယ်။ [ထိုသူတင်ပြခဲ့သည့်အချက်တစ်ချက်ကို ဖော်ပြပါ။] အဲ့ဒီအကြောင်းကိုပဲ ကျွန်တော်ဆင်ခြင်သုံးသပ်ခဲ့တယ်၊ အကြောင်းအရာအတွက် ကျွန်တော်ပြုလုပ်ခဲ့တဲ့စူးစမ်းရှာဖွေမှုအချို့ရဲ့အကျိုးတွေကို ဝေမျှပေးချင်တယ်။ [သင့်လျော်သည့်ကျမ်းချက်တစ်ချက်ကို ဝေမျှပါ။] သန်းနဲ့ချီတဲ့လူတွေကို အချိန်တိုအတွင်းမှာ ကျမ်းစာရဲ့အခြေခံသွန်သင်ချက်တွေကို စူးစမ်းရှာဖွေမှုပြုစေနိုင်တဲ့ အခမဲ့သင်တန်းတစ်ခုကို ကျင်းပဖို့ ကျွန်တော်တို့ကမ်းလှမ်းကြပါတယ်။ အဲ့ဒီလိုစူးစမ်းမှုပြုခြင်းက ဘုရားသခင့်ကတိတော်တွေရဲ့ အချို့သောအပိုင်းတွေပြည့်စုံလာခြင်းမှာ မိတ်ဆွေရဲ့ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးနိုင်ပါတယ်။” ဖြေကြားပေးမည့်မေးခွန်းအချို့ကို ပေါ်လွင်စေပါ။ ကျမ်းစာသင်အံမှုကမ်းလှမ်းသည်ကို ငြင်းဆိုပါက တစ်ပတ်လျှင် ၁၅ မိနစ်သာကြာသည့် ၁၆ ပတ်ကြာ အထူးအချိန်တိုသင်တန်းတစ်ခုလည်းရှိကြောင်း ရှင်းပြပါ။ တောင်းဆိုဘရိုရှာကိုပြပါ၊ သင်ခန်းစာ ၁ ကိုဖွင့်ပြီး ပထမသင်ခန်းစာကို သင် သရုပ်ပြပေး၍ရမည်လောဟု မေးကြည့်ပါ။
၆ ဝေစာများသုံးရန်သတိရပါ– ဝိညာဉ်ရေးရာများ၌စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် သင့်မိတ်ဆက်စကားတွင် ၎င်းတို့ကိုထိထိရောက်ရောက်သုံးနိုင်သည် သို့မဟုတ် မည်သည့်စာပေကိုမျှ မယူသည့်အခါ ယင်းတို့ကိုဝေငှနိုင်သည်။ စိတ်ဝင်စားမှုတွေ့သည့်အခါ အိမ်တွင်းကျမ်းစာသင်အံမှုကိုလက်ခံရန်နှင့် အစည်းအဝေးများကိုလာရန် အားပေးဖို့ ဝေစာ၏ကျောဘက်ပေါ်ရှိ ပုံနှိပ်ထားသည့်သတင်းစကားကိုသုံးပါ။
၇ သင့်လုပ်ငန်းတွင် အကျွမ်းတဝင်ရှိပါ၊ သို့ ဖြစ်က ၎င်းလုပ်ငန်း၌ သင် ရွှင်လန်းမှုခံစားရလိမ့်မည်။ နှံ့စပ်စွာသက်သေခံရန် အမြဲအာရုံစိုက်ပါ၊ ဓမ္မအမှု၏ကဏ္ဍအားလုံးကို ကောင်းမွန်စွာထမ်းဆောင်ခြင်း၌ နှစ်ထောင်းအားရပါ။—၁ တိ. ၄:၁၆။