ရှေ့ဆောင်များသည် အခြားသူများကိုထောက်ကူပေး
၁ “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့” ဟုယေရှုမိန့်တော်မူခဲ့သည်။ ပထမရာစုရိတ်သိမ်းသူအရေအတွက်သည်နည်းပြီး သူတို့တွင် ပြီးစီးရန်ရပ်ကွက်များစွာရှိခဲ့ရာ ယေရှုက သူတို့အား တစ်ဦးစီစေလွှတ်ခြင်းဖြင့် လူများနိုင်သလောက်များများထံ သတင်းကောင်းရောက်ရှိရန် ညွှန်ကြားနိုင်ပါသည်။ ယင်းအစား ကိုယ်တော်သည် “နှစ်ယောက်စီ စေလွှတ်တော်မူ၏။” (လု. ၁၀:၁၊ ၂) အဘယ်ကြောင့် နှစ်ယောက်စီစေလွှတ်ရသနည်း။
၂ ထိုတပည့်တော်များသည် လူသစ်များဖြစ်ပြီး အတွေ့အကြုံမရှိကြချေ။ သူတို့သည် အတူတကွအမှုဆောင်ခြင်းဖြင့် အပြန်အလှန်သင်ယူနိုင်၊ အားပေးနိုင်သည်။ ရှောလမုန်တင်ပြခဲ့သကဲ့သို့ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။” (ဒေ. ၄:၉၊ ၁၀) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရပြီးနောက်၌ပင် ပေါလု၊ ဗာနဗနှင့်အခြားသူတို့သည် ဓမ္မအမှုတွင် ယုံကြည်သူချင်းများနှင့်တွဲ၍အမှုဆောင်ခဲ့ကြသည်။ (တ. ၁၅:၃၅) ထိုသို့သောအရည်အချင်းရှိအမျိုးသားများ၏ ကိုယ်တိုင်ကိုယ်ကျလေ့ကျင့်မှုကိုခံရခြင်းသည် အချို့သူတို့အတွက် အခွင့်ထူးပါတကား!
၃ ကောင်းစွာလေ့ကျင့်ပေးသောအစီအစဉ်– ပထမရာစုကကဲ့သို့ပင် မျက်မှောက်ခေတ်ခရစ်ယာန်အသင်းတော်သည် ဟောပြောခြင်းအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား လေ့ကျင့်မှုကိုလည်းပေး၏။ တစ်ဦးစီအနေနှင့် ကျွန်ုပ်တို့၏လှိုက်လှဲသောဆန္ဒသည် သတင်းကောင်းကို အတတ်နိုင်ဆုံး ထိရောက်စွာတင်ဆက်ရန်ဖြစ်သင့်သည်။ ကြေညာသူနောက်ထပ်များများ ထိရောက်မှုတွင်တိုးတက်နိုင်ရန် အကူအညီရရှိနိုင်ပါသည်။
၄ မကြာသေးမီကကျင်းပခဲ့သော နိုင်ငံတော်ဓမ္မအမှုကျောင်းတွင် အသင်းမက လယ်ကွင်းဓမ္မအမှုတွင် အခြားသူများကိုထောက်ကူပေးရန် ရှေ့ဆောင်များအတွက် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။ ယင်းအစီအစဉ်သည် လိုအပ်ပါသလော။ လိုအပ်ပါသည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ကြေညာသူတစ်သန်းကျော်နှစ်ခြင်းခံခဲ့ရာ ယင်းတို့အနက်များစွာတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ပို၍ထိရောက်မှုရှိရန် လေ့ကျင့်မှုလိုအပ်သည်။ ထိုလိုအပ်ချက်ကိုဖြည့်စွက်ရန် မည်သူတို့ကိုအသုံးပြုနိုင်သနည်း။
၅ အချိန်ပြည့်ရှေ့ဆောင်များက ကူညီပေးနိုင်ပါသည်။ ယေဟောဝါ၏အဖွဲ့အစည်းက ၎င်းတို့အား သွန်သင်ချက်နှင့် လေ့ကျင့်မှုများစွာကို ပေးထားပါသည်။ ရှေ့ဆောင်များသည် နှစ်ပတ်ကြာရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတွင် သူတို့၏လိုအပ်ချက်များနှင့်လိုက်လျောညီထွေသော ညွှန်ကြားချက်များကို ရရှိကြသည်။ သူတို့သည် တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးများနှင့်တွေ့ဆုံမှုများမှ အကျိုးခံစားရသည့်အပြင် အကြီးအကဲများ၏လမ်းညွှန်ချက်များမှလည်း အကျိုးခံစားရသည်။ ရှေ့ဆောင်အားလုံးသည် ပေါလုနှင့်ဗာနဗလောက် အတွေ့အကြုံရှိသူများမဟုတ်ကြသော်လည်း တန်ဖိုးရှိသောလေ့ကျင့်မှုကိုခံယူကာ ယင်းကို ပျော်ရွှင်စွာဖြင့်ပြန်လည်မျှဝေကြသည်။
၆ မည်သူအကျိုးခံစားရမည်နည်း– ကြေညာသူအသစ်များ သို့မဟုတ် နှစ်ခြင်းခံသူလူသစ်များသာ ဤအစီအစဉ်တွင်ပါဝင်ရန် ကန့်သတ်ထားသလော။ လုံးဝမကန့်သတ်ထားပါ! သမ္မာတရားရထားသည်မှာ နှစ်များစွာရှိပြီဖြစ်သော်လည်း ဓမ္မအမှု၏ကဏ္ဍအချို့တွင် ကူညီပေးသည်ကို ကျေးဇူးတင်မည့် လူငယ်များနှင့် လူကြီးများလည်းရှိပါသည်။ အချို့သူတို့သည် စာပေဝေငှရာတွင် အလွန်တော်သော်လည်း ပြန်လည်ပတ်မှုပြုလုပ်ရာတွင်နှင့် ကျမ်းစာသင်အံမှုစရာတွင် အခက်တွေ့ ကြသည်။ အခြားသူများမူ လွယ်ကူစွာဖြင့် ကျမ်းစာသင်အံမှုများစနိုင်သော်လည်း သူတို့၏သင်သားများမှာ တိုးတက်မှုမရှိသည်ကို တွေ့ရသည်။ သူတို့၏တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အရာကား အဘယ်နည်း။ အတွေ့အကြုံရှိသောရှေ့ဆောင်များသည် ယင်းကဏ္ဍရပ်များတွင်ကူညီပေးရန် တောင်းဆိုခံရပေမည်။ ရှေ့ဆောင်အချို့သည် စိတ်ဝင်စားမှုပျိုးထောင်ပေးခြင်း၊ ကျမ်းစာသင်အံမှုစခြင်းနှင့် သင်သားအသစ်များကို အဖွဲ့အစည်းသို့လမ်းညွှန်ပေးခြင်းတွင် အောင်မြင်မှုရရှိကြသည်။ သူတို့၏အတွေ့အကြုံသည် ဤအစီအစဉ်သစ်တွင် အကူအညီဖြစ်စေမည်ဖြစ်သည်။
၇ သင့်ဇယားသည် အသင်းတော်၏လယ်ကွင်းလုပ်ငန်းအတွက် ပုံမှန်အစည်းအဝေးများကို သင်ဆန္ဒရှိသလောက်ထောက်ကူရန် အခွင့်မပေးကြောင်း တွေ့ရှိပါသလော။ ရှေ့ဆောင်တစ်ဦးသည် အခြားကြေညာသူများ မရှိသည့်အခါများတွင် ရံဖန်ရံခါ သင်နှင့်အတူအမှုဆောင်နိုင်ပေမည်။
၈ ပူးပေါင်းလုပ်ဆောင်မှုကောင်းလိုအပ်– အခြားသူများအား ရှေ့ဆောင်များထောက်ကူပေးသည့်အစီအစဉ်တွင်ပါဝင်ရန် ကိုယ်တိုင်ကိုယ်ကျအကူအညီကို ရလိုသောကြေညာသူများအတွက် အကြီးအကဲများသည် တစ်နှစ်လျှင်နှစ်ကြိမ် အစီအစဉ်များလုပ်ပေးမည်ဖြစ်သည်။ သင်သည် ထိုအကူအညီကို လက်ခံဖို့သဘောတူမည်ဆိုလျှင် သင့်ကိုကူညီရန်တာဝန်ပေးခံရသည့် ရှေ့ဆောင်ကြေညာသူနှင့် အတူတကွလုပ်ဆောင်ပါ၊ လုပ်ငန်းတော်အတွက် လက်တွေ့ကျဇယားတစ်ခုကိုဆွဲကာ ယင်းအတိုင်းလိုက်လျှောက်ပါ။ ပေးအပ်သည့်တာဝန်တိုင်းကို လုပ်ဆောင်ပါ။ သင်သည် အတူတကွလုပ်ဆောင်စဉ် သတင်းကောင်းကို ထိရောက်စွာတင်ဆက်နိုင်သည့်နည်းများကို တွေ့ရှိလာမည်။ အချို့သောချဉ်းကပ်နည်းများသည် အဘယ်ကြောင့်ထိရောက်ရကြောင်း ဆန်းစစ်ပါ။ သင့်တင်ဆက်ပုံကိုတိုးတက်စေရန် ရှေ့ဆောင်ကြေညာသူပေးမည့်အကြံဉာဏ်များကို သုံးသပ်ပါ။ သင်ယူခဲ့ရသည့်အရာများကို လက်တွေ့အသုံးချသည်နှင့်အမျှ ဓမ္မအမှုတွင်သင်၏တိုးတက်မှုသည် သင်ကောအခြားသူများအတွက် သိသာထင်ရှားလာမည်ဖြစ်သည်။ (၁ တိမောသေ ၄:၁၅ ရှု။) ဖြစ်နိုင်သည့်အခါတိုင်း အတူတကွလုပ်ဆောင်ပါ၊ အလွတ်သဘောသက်သေခံခြင်းအပါအဝင် ဓမ္မအမှု၏ကဏ္ဍအားလုံးတွင် ပါဝင်သည့်အပြင် ကိုယ်တိုင်ကိုယ်ကျအကူအညီကို သင်အထူးလိုအပ်မည့်ကဏ္ဍရပ်တိုင်းအား အာရုံစူးစိုက်ပါ။
၉ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ရရှိလာမည့်တိုးတက်မှုကို စိတ်ဝင်စားသည်။ အခါအားလျော်စွာ သူသည် အစီအစဉ်မှ သင်မည်သို့အကျိုးခံစားနေရသည်ကိုသိရှိရန် အသင်းတော်စာအုပ်ကြီးသင်တန်းမှူးနှင့်အတူ စစ်ဆေးမည်ဖြစ်သည်။ အလားတူပင် တိုက်နယ်ကြီးကြပ်မှူးသည်လည်း အသင်းတော်သို့လည်ပတ်သည့်အခါ သင့်အားအကူအညီပေးမည်ဖြစ်သည်။
၁၀ ယေဟောဝါသည် မိမိလူမျိုးတော်ကို လေ့ကျင့်ပေးရန်နှင့် “ကောင်းသောအလုပ်ဟူသမျှအတွက် တန်ဆာဆင်” ပေးရန်အလိုရှိ၏။ (၂ တိ. ၃:၁၇၊ ကဘ) အခြားသူများအား ရှေ့ဆောင်များထောက်ကူပေးသည့်အစီအစဉ်ကို နှုတ်ကပါဌ်တော်ဟောပြောခြင်းစွမ်းရည် တိုးတက်လိုသူများအားကူညီရန် ကောင်းမွန်သောပြင်ဆင်ပေးမှုတစ်ရပ်အဖြစ် ရှုမြင်ပါ။ ယင်းအစီအစဉ်တွင် သင် ပါဝင်ခွင့်ရမည်ဆိုလျှင် ကျေးဇူးတင်ခြင်း၊ နှိမ့်ချခြင်းနှင့် ရွှင်လန်းခြင်းတို့ဖြင့် ယင်းကိုလုပ်ဆောင်ပါ။