ဦးဆောင်နေသောကြီးကြပ်မှူးများ—အတွင်းရေးမှူး
၁ အသင်းတော်အတွင်းရေးမှူးသည် “ခပ်သိမ်းသောအမှုတို့ကို လျောက်ပတ်စွာ စနစ်တကျလုပ်ဆောင်” ဖို့သေချာစေရသည့် အရေးပါသောကဏ္ဍမှပါဝင်သည်။ (၁ ကော. ၁၄:၄၀၊ သတင်းကောင်း) အသင်းတော် လုပ်ငန်းတော်ကော်မတီဝင်တစ်ဦးအနေနှင့် သူသည် အသင်းတော်၏ စာပေးစာယူအဆက်အသွယ်များနှင့် အရေးကြီးသောမှတ်တမ်းမှတ်ရာများကို ကိုင်တွယ်သိမ်းဆည်းသည်။ သူ၏တာဝန်များသည် အခြားအကြီးအကဲများ၏တာဝန်များလောက် မသိသာသော်လည်း သူ၏လုပ်ဆောင်မှုများသည် များစွာလိုအပ်ပြီး လေးမြတ်ခံရပါသည်။
၂ အတွင်းရေးမှူးသည် အသင်းမထံမှ သို့မဟုတ် အခြားသူများထံမှ စာပေးစာယူများကို လက်ခံရရှိသောအခါ ၎င်းကို ကိုင်တွယ်ဆောင်ရွက်ကာ လိုအပ်လျှင် ပြန်စာရေးခြင်းကို ကြည့်ရှုဆောင်ရွက်သည်။ သူသည် လက်ခံရရှိသောစာများကို အကြီးအကဲများအား လက်ဆင့်ကမ်းဖတ်ရှုစေပြီးနောက် ယင်းကို ပြန်ကြည့်ရှုကိုးကားနိုင်ရန် ဖိုင်တွဲထားဖို့သေချာစေသည်။ သူသည် မဂ္ဂဇင်းနှင့်စာအုပ်စာတမ်းအမှာပုံစံများကို စစ်ဆေးပြီး အသင်းမသို့ပေးပို့သည်။ သူသည် စာရင်းအင်းများနှင့် နှစ်စဉ်ကြေးများအပြင် စည်းဝေးကြီးနှင့်ဆိုင်သည့်ကိစ္စအားလုံးကို ကိုင်တွယ်ရာ၌ တိုက်ရိုက်ကြီးကြပ်သည်။
၃ အတွင်းရေးမှူးသည် အသင်းတော်၏ လစဉ်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို လကုန်ပြီးခြောက်ရက်တွင် အသင်းမသို့ပို့ရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို လကုန်သည်နှင့်ချက်ချင်း မပျက်မကွက်ပေးရန်လိုသည်။ ထို့နောက် သူသည် အသင်းတော်ကြေညာသူမှတ်တမ်းကတ်များတွင် လုပ်ငန်းတော်မှတ်တမ်းများကို ရေးသွင်းသည်။ မည်သည့်ကြေညာသူမဆို မိမိ၏လုပ်ဆောင်မှုမှတ်တမ်းကို တောင်း၍ကြည့်ရှုနိုင်သည်။
၄ ကြေညာသူတစ်ဦးသည် ပြောင်းဝင်လာသည့်အခါ သို့မဟုတ် အသင်းတော်တစ်ခုသို့ပြောင်းရွှေ့သည့်အခါ အတွင်းရေးမှူးသည် ထိုသူ၏အသင်းတော်ကြေညာသူမှတ်တမ်းကတ်နှင့်တကွ မိတ်ဆက်စာတစ်စောင်ကို အခြားအသင်းတော်အကြီးအကဲများထံမှ တောင်းဆိုသည် သို့မဟုတ် သူတို့ထံပေးပို့သည်။—ကျွန်ုပ်တို့၏ဓမ္မအမှု၊ စ. ၁၀၅-၆။
၅ အတွင်းရေးမှူးသည် ရှေ့ဆောင်များ၏လုပ်ဆောင်မှုကိုသုံးသပ်သည်၊ အကြီးအကဲများနှင့် အထူးသဖြင့် လုပ်ငန်းတော်ကြီးကြပ်မှူးအား ရှေ့ဆောင်များကြုံတွေ့နေရသော မည်သည့်ပြဿနာကိုမဆို အသိပေးသည်။ သူသည် လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်မကြေညာသူများနှင့်စပ်လျဉ်း၍ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများကို သတိပေးနှိုးဆော်သည်။ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးနှစ်ဦးစလုံးသည် မလှုပ်ရှားသူများကိုကြည့်ရှုရန် ကြိုးစားအားထုတ်မှုများကို ညှိနှိုင်းပေးရာတွင် ဦးဆောင်ကြသည်။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ နိုဝင်ဘာ ၁၉၈၇၊ စ. ၁ [လိပ်]။
၆ အတွင်းရေးမှူး၏တာဝန်များကို ကောင်းစွာတန်ဖိုးထားကာ သူ၏ဘဏ္ဍာစိုးတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် ပိုမိုလွယ်ကူစေရန် ကျွန်ုပ်တို့တတ်နိုင်သမျှကို ကူညီကြစို့။—၁ ကော. ၄:၂။