တောင်းဆိုဘရိုရှာဖြင့် သင်အံမှုများစခြင်း
၁ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာသည် လူတို့အား သမ္မာတရားသင်ကြားပေးရန် အစွမ်းထက်သောကိရိယာတစ်ခုဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းမှမှတ်တမ်းများကဖော်ပြသည်။ ဤဘရိုရှာဖြင့် ထောင်နှင့်ချီသောကျမ်းစာသင်အံမှုများကို ပတ်စဉ်ကျင်းပလျက်ရှိသည်။ တောင်းဆိုဘရိုရှာဖြင့် ကျမ်းစာသင်အံမှုစခြင်းနှင့် ကျင်းပခြင်းတွင် သင် အောင်မြင်မှုရရှိခဲ့ဖူးသလော။
၂ အများသောသူတို့သည် ဤဘရိုရှာကိုဝေငှရန် လွယ်ကြောင်းတွေ့ရှိကြသော်လည်း အချို့သူတို့သည် သင်အံမှုလုပ်ရန် ဘာပြောရမည်ကိုသိရှိဖို့ အခက်တွေ့ ကြရသည်။ တောင်းဆိုဘရိုရှာကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုများစရာတွင် မည်သည့်နည်းများသည် ထိရောက်ကြောင်း အခြားသူများတွေ့ရှိခဲ့ကြပြီနည်း။ အောက်ပါအကြံပြုချက်များသည် အကူအညီဖြစ်စေသင့်သည်။
၃ သင်အံမှုကိုသရုပ်ပြရန် ကမ်းလှမ်းပါ– ဦးဆုံးအကြိမ်သွားသည့်အခါ သို့မဟုတ် ပြန်လည်ပတ်သည့်အခါ အိမ်ရှင်အား ကျမ်းစာသင်အံမှုကမ်းလှမ်းရုံသာပြုမည့်အစား ကျမ်းစာသင်အံမှုအစီအစဉ်ကို မည်သို့ကျင်းပကြောင်း သရုပ်ပြနိုင်သည်။ ယင်းသို့ပြုခြင်းက “သင်အံမှု” ဟူသောစကားလုံးနှင့်ဆက်စပ်၍ အိမ်ရှင်များစွာတွင်ဖြစ်ပေါ်သည့် ထူးထူးဆန်းဆန်းဖြစ်မှုနှင့် နောက်ဆက်တွဲစိုးရိမ်ကြောင့်ကြမှုကို ပပျောက်စေမည်ဖြစ်သည်။ ယင်းကိုသရုပ်ပြရန် ကျွန်ုပ်တို့သိရှိသည်နှင့် နိဒါန်းရိုးရိုးကလေးတစ်ခုဖြင့် သင်အံမှုကိုချက်ချင်းလုပ်နိုင်ကြောင်း ကျွန်ုပ်တို့တွေ့ရပေမည်။
၄ ကြိုတင်ပြင်ဆင်ခြင်းသည် သော့ချက်ဖြစ်– ကျမ်းစာသင်အံမှုများစရန် စိတ်ထက်သန်မှုဟူသည် ကျွန်ုပ်တို့မည်မျှကောင်းစွာပြင်ဆင်သည်ဟူသည့်အချက်နှင့် တိုက်ရိုက်ဆက်စပ်သည်။ ကြိုတင်ပြင်ဆင်ခြင်းသည် ကျမ်းစာသင်အံမှုလုပ်ငန်းတွင်ပါဝင်ရာ၌ ဖြစ်ပေါ်နိုင်သည့် မည်သည့်တွန့်ဆုတ်မှုကိုမဆို အောင်မြင်ရန် ကျွန်ုပ်တို့ကိုကူညီပေးမည်ဖြစ်သည်။ တင်ဆက်နည်းများကို အကြိမ်အတော်အတန်လေ့ကျင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပို၍စကားပြောပြေပြစ်ကာ သဘာဝကျကျနှင့် ကိုယ်ပိုင်စကားများဖြင့် ပြောဆိုနိုင်ပေမည်။ ယင်းက ကျွန်ုပ်တို့ကိုသာမက အိမ်ရှင်ကိုပါ သက်သောင့်သက်သာရှိစေရန် ကူညီပေးမည်ဖြစ်သည်။
၅ အစမ်းလေ့ကျင့်သည့်အခါ အိမ်ရှင်အား သင်အံမှုကိုသရုပ်ပြရန် မည်မျှကြာမည်ကိုအသိပေးနိုင်ရန် သင့်တင်ဆက်မှုကြာချိန်ကို မှတ်သားထားခြင်းသည် အထောက်အကူဖြစ်၏။ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် ညီအစ်ကိုတစ်ဦးက ဤသို့ပြောသည်– “ကျွန်တော်တို့ရဲ့ အခမဲ့ကျမ်းစာသင်အံမှုအစီအစဉ်ကိုပြဖို့ ရောက်လာပါတယ်။ အဲဒါကိုပြပေးဖို့ ငါးမိနစ်လောက်ပဲကြာပါတယ်။ မိတ်ဆွေ ငါးမိနစ်လောက်အချိန်ရမလား။” တောင်းဆိုဘရိုရှာ၊ သင်ခန်းစာ ၁ ကိုငါးမိနစ်ခန့်အတွင်း သရုပ်ပြနိုင်သည်။ မှန်ပါသည်၊ ဤအချိန်ပမာဏအတွင်း ရွေးချယ်ထားသောကျမ်းချက်များကိုသာ ဖတ်နိုင်သော်လည်း မိနစ်အနည်းငယ်အတွင်း ပထမသင်ခန်းစာကိုပြီးစေခြင်းဖြင့် အိမ်ရှင်သည် သူ၏ဦးဆုံးအကြိမ်သင်အံမှုကို တွေ့ကြုံခံစားနိုင်ပါသည်။ ထို့နောက် သင်ခန်းစာ ၂ ကိုလေ့လာဖို့ သင်ပြန်လာသည့်အခါ ၁၅ မိနစ်သာကြာမည်ကို သူ့အားသိရှိစေပါ။
၆ အောက်ပါတင်ဆက်နည်းသည် ထိရောက်ကြောင်းထင်ရှားခဲ့ပြီ–
▪ “မိတ်ဆွေကို ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာ တောင်းဆိုတော်မူသနည်းဆိုတဲ့ ဒီဘရိုရှာကိုသုံးပြီး ရိုးရိုးကလေးဖြစ်ပေမဲ့ အချိန်တိုအတွင်းပြီးတဲ့ အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို ပြပေးချင်တယ်။ တစ်ပတ်ကို ၁၅ မိနစ်လောက်နဲ့ ၁၆ ပတ်အတွင်းမှာ အရေးကြီးတဲ့ ဒီကျမ်းစာမေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့ကျမ်းစာအဖြေကို ရရှိနိုင်တယ်ဆိုတာ လူအများစုတွေ့ရှိခဲ့ကြပြီဖြစ်တယ်။” မာတိကာဇယားကို အကျဉ်းချုံးပြပါ။ သင်ခန်းစာ ၁ ကိုဖွင့်ပြီး ဤသို့ပြောပါ– “ငါးမိနစ်လောက်အချိန်ပေးနိုင်မယ်ဆိုရင် ဒါကိုဘယ်လိုလေ့လာသလဲဆိုတာ မိတ်ဆွေကိုပြပေးချင်တယ်။ သင်ခန်းစာ ၁ ရဲ့ခေါင်းစဉ်က ‘ဘုရားသခင်တောင်းဆိုတော်မူရာများကို သင်တွေ့ရှိနိုင်ပုံ’ ဖြစ်တယ်။” ထို့နောက် မေးခွန်းသုံးခုကိုဖတ်ကာ လက်သည်းကွင်းထဲရှိနံပါတ်များကို ရှင်းပြပါ။ အပိုဒ် ၁ ကိုဖတ်ပြီး အိမ်ရှင်အား အဖြေရှာပုံကိုပြပါ။ အိမ်ရှင်အား အပိုဒ် ၂ ကိုဖတ်ခိုင်းနိုင်ပါသည်။ ထို့နောက် ဤသို့ပြောပါ– “ဒီအချက်အလက်တွေကိုအခြေခံပြီး ဒီမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမလဲ။ [မေးခွန်းကိုပြန်ဖတ်ပြီး အိမ်ရှင်အားဖြေစေပါ။] အပိုဒ်တစ်ပိုဒ်စီနဲ့ဆက်စပ်တဲ့ကျမ်းချက်တွေကို မိတ်ဆွေသတိပြုမိပါလိမ့်မယ်။ အဲဒီကျမ်းချက်တွေက ဒီမေးခွန်းတွေရဲ့ကျမ်းစာအဖြေကို ညွှန်ပြပေးပါတယ်။ ဥပမာအနေနဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပြီး အဲဒီကျမ်းချက်က သမ္မာကျမ်းစာရဲ့အာဘော်ရှင်နဲ့ပတ်သက်ပြီး မိတ်ဆွေပေးတဲ့အဖြေကို ထောက်ခံမထောက်ခံဆိုတာကြည့်ရအောင်။” အပိုဒ် ၃ ကိုဖတ်၍ မေးခွန်းကိုသုံးသပ်ကာ ယောဟန် ၁၇:၃ ကိုဖတ်ပြီးနောက် သင်ခန်းစာ ၁ ကိုပြန်လည်သုံးသပ်ခြင်းဖြင့် အိမ်ရှင်အား သူ သို့မဟုတ် သူမဆည်းပူးထားသည့်အသိပညာကို အာရုံစူးစိုက်စေပါ။ ဤအချိန်တွင် သင်သည် သင်ခန်းစာ ၂ ကိုဖွင့်ပြီး နောက်ဆုံးမေးခွန်း “ဘုရားသခင်အကြောင်း ကျွန်ုပ်တို့သင်ယူနိုင်သည့် နည်းနှစ်နည်းကား အဘယ်နည်း” ကိုဖတ်နိုင်သည်။ ထို့နောက် “သင်ခန်းစာ ၂ ကိုလေ့လာပြီးအဖြေရှာဖို့ ၁၅ မိနစ်လောက် မိတ်ဆွေဘယ်တော့အချိန်ရနိုင်မလဲ” ဟုမေးပါ။
၇ ဖြစ်နိုင်သည့်အခါတိုင်း ဆွေးနွေးခန်းကို ရိုးရိုးကလေးဖြစ်စေပြီး အိမ်ရှင်ကိုချီးမွမ်းပေးရန်အရေးကြီး၏။ နောက်တစ်ကြိမ်လည်ပတ်ရန်စီစဉ်သည့်အခါ ဆက်လေ့လာရန် သူဆန္ဒရှိမရှိမေးမည့်အစား နောက်သင်ခန်းစာကို ဤနည်းအတိုင်းဆက်လေ့လာရန် ရိုးရိုးကလေးအားပေးပါ။ သူ့ထံသင်ပြန်လာဖို့မျှော်လင့်ကြောင်း သူ့အားသိရှိစေပါ။ ကြေညာသူအချို့တို့သည် အစီအစဉ်ဆွဲရန်အခက်တွေ့သည်ဆိုလျှင် ဖုန်းဖြင့် သင်ခန်းစာကိုလေ့လာရန် ကမ်းလှမ်းခဲ့ကြသည်။ သင်သည်လည်း သင်သားအား နောက်တစ်ကြိမ်လည်ပတ်သည့်အခါ အလွယ်တကူအသုံးပြုနိုင်အောင် ဘရိုရှာကို လုံခြုံပြီး လက်လှမ်းမီသောနေရာတွင်ထားရန် အားပေးနိုင်သည်။
၈ သန္နိဋ္ဌာန်ချပါ– အောင်မြင်ရန်သော့ချက်မှာ ကြိုတင်ပြင်ဆင်မှုဖြစ်သော်လည်း ကျွန်ုပ်တို့သည် ဆက်လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချရမည်ဖြစ်သည်။ မိနစ်အနည်းငယ်အတွင်းတွင် သင်ခန်းစာတစ်ခုကိုသင်ပေးခြင်းဟူသည် စိန်ခေါ်ချက်ဖြစ်နိုင်၏၊ ထို့ကြောင့် သင်အံမှုကိုသရုပ်ပြသည့်အခါ ချောမောပြေပြစ်စေရန် တင်ဆက်မှုများကို လိုအပ်လျှင်လိုအပ်သလိုလေ့ကျင့်ဖို့ သန္နိဋ္ဌာန်ချပါ။ အိမ်တွင်၊ အလွတ်သဘောနှင့် တယ်လီဖုန်းဖြင့်သက်သေခံရာတွင် သင်တွေ့ဆုံရသူတိုင်းနှင့် သင်အံမှုကို သရုပ်ပြရန်ကြိုးစားပါ။ သင်သည် ကျမ်းစာသင်အံမှုစဖို့ အခက်တွေ့နေလျှင် စိတ်ဓာတ်မကျပါနှင့်။ ကျမ်းစာသင်အံမှုများစရာတွင် အောင်မြင်မှုရရှိဖို့ သန္နိဋ္ဌာန်ချခြင်းနှင့် အခြားသူများအား သမ္မာတရားဝေငှပေးလိုသော အရင်းခံဆန္ဒရှိရန် လိုပါသည်။—ဂလ. ၆:၉။
၉ ဤအကြံပြုချက်များကို လက်တွေ့ကျင့်သုံးလျက် တောင်းဆိုဘရိုရှာနှင့် ကျမ်းစာသင်အံမှုများစတင်ကျင်းပခြင်းဖြင့် တစ်စုံတစ်ဦးအား အသက်လမ်းပေါ်ရောက်ရန် ကူညီပေးရသည့်အခွင့်အရေး သင့်တွင်လည်းရှိနိုင်ပါသည်။—မ. ၇:၁၄။