ဓမ္မအမှုထမ်းများ တန်ဖိုးရှိလုပ်ငန်းကို ဆောင်ရွက်ကြ
၁ “ဇွဲနပဲနှင့် နိုင်ငံတော်လုပ်ငန်းကို ဆောင်ရွက်ခြင်း၊ ယုံကြည်ခြင်း၌ တည်စေခြင်းငှာ သူတစ်ပါးအား ကူညီပေးခြင်းတို့ဖြင့် သူတို့၏ယုံကြည်ခြင်းကိုတင်ပြခဲ့သော အမှန်တကယ်ဆက်ကပ်အပ်နှံထားသူများဖြစ်ကြကြောင်း သက်သေထူခဲ့သူများဖြစ်ကြသည်။” ဓမ္မအမှုထမ်းများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၅၇ တွင်ထိုသို့ဖော်ပြထားသည်။ အမှန်ပင်၊ ဓမ္မအမှုထမ်းများချမှတ်သည့် ဝိညာဉ်ရေးဆိုင်ရာပုံသက်သေကို အတုယူထိုက်သည်။ ၎င်းတို့နှင့်ကော အကြီးအကဲများနှင့်ပါ အတူအမှုဆောင်ခြင်းဖြင့် “မိမိကိုယ်ကို မေတ္တာ၌တည်ဆောက်ခြင်းငှာ ကြီးပွားစေ” သည်။—ဧ. ၄:၁၆။
၂ ဓမ္မအမှုထမ်းများသည် အသင်းတော်တွင် အရေးပါသောလုပ်ငန်းတစ်ခုကို ဆောင်ရွက်ကြသည်။ သူတို့၏တန်ဖိုးရှိလုပ်ငန်းအားလုံးကို စဉ်းစားကြည့်ပါ! သူတို့သည် စာရင်းအင်း၊ စာအုပ်စာတမ်း၊ မဂ္ဂဇင်း၊ နှစ်စဉ်ကြေးနှင့်ရပ်ကွက်များကို တာဝန်ယူကြည့်ရှုသည်; ဧည့်ကြိုများအဖြစ်ဆောင်ရွက်သည်၊ အသံချဲ့စက်များကို ကိုင်တွယ်ကာ နိုင်ငံတော်ခန်းမကို ပြုပြင်မွမ်းမံရာတွင်အကူအညီပေးသည်။ သူတို့သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတွင် ပါဝင်ကြသည်။ သူတို့ထဲမှအချို့သည် လူထုဟောပြောချက်များကိုပင်ပေးမည် သို့မဟုတ် အသင်းတော်စည်းဝေးအချို့ကိုပင် ကိုင်တွယ်မည်ဖြစ်သည်။ ကိုယ်ခန္ဓာအစိတ်အပိုင်းများကဲ့သို့ ဓမ္မအမှုထမ်းများသည် ကျွန်ုပ်တို့လိုအပ်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြသည်။—၁ ကော. ၁၂:၁၂-၂၆။
၃ ဓမ္မအမှုထမ်းများသည် အပြန်အလှန်လေးစားမှုနှင့်နားလည်မှုရှိသော အမှုထမ်းအဖွဲ့တစ်ဖွဲ့၏အစိတ်အပိုင်းအနေနှင့် အကြီးအကဲများနှင့်သဟဇာတရှိစွာ ပူးပေါင်းလုပ်ဆောင်သည်ကို တွေ့ မြင်ရခြင်းသည် အခြားသူများအတွက် ထိုသို့လုပ်ဆောင်ရန် အားပေးမှုဖြစ်စေသည်။ (ကော. ၂:၁၉) မိမိတို့၏တာဝန်ကိုသစ္စာရှိရှိ ပတ်စဉ်ပုံမှန်ထမ်းဆောင်ကာ အခြားသူများအား ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှုပြခြင်းဖြင့် သူတို့သည် အသင်းတော်တစ်ခုကို ဝိညာဉ်ရေးအရတိုးတက်စေကြသည်။
၄ အလုပ်ကြိုးစားသောဓမ္မအမှုထမ်းများကို လေးမြတ်ကြောင်းပြရန် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။ သူတို့ရရှိထားသော တာဝန်များနှင့်အကျွမ်းတဝင်ရှိကာ ကျွန်ုပ်တို့၏အကူအညီကို လိုသည့်အခါ ပူးပေါင်းလုပ်ဆောင်ဖို့ လိုလိုလားလားရှိကြောင်းပြရန်လိုသည်။ သူတို့၏လုပ်ဆောင်မှုကို ကျွန်ုပ်တို့လေးမြတ်ကြောင်း သူတို့သိရှိစေရန် အပြောကော အလုပ်အားဖြင့်ပါ တင်ပြနိုင်သည်။ (သု. ၁၅:၂၃) ကျွန်ုပ်တို့အကျိုးအတွက် ကြိုးစားလုပ်ဆောင်သူများသည် စစ်မှန်သောအသိအမှတ်ပြုခြင်းကိုခံထိုက်ပါသည်။—၁ သက်. ၅:၁၂၊ ၁၃။
၅ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ဓမ္မအမှုထမ်းများ၏ကဏ္ဍနှင့် အရည်အချင်းများကို ပြဋ္ဌာန်းထားသည်။ (၁ တိ. ၃:၈-၁၀၊ ၁၂၊ ၁၃) သူတို့၏တန်ဖိုးရှိမြင့်မြတ်သောလုပ်ငန်းသည် အသင်းတော်လုပ်ငန်းလည်ပတ်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ သူတို့အားလုံးတွင် “သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာ” ရှိရာ ထိုကဲ့သို့သောအမျိုးသားများသည် ကျွန်ုပ်တို့၏ဆက်လက်အားပေးမှုကို ရထိုက်သည်။—၁ ကော. ၁၅:၅၈၊ ကဘ။