ကြိုတင်စီစဉ်ပါလေ!
၁ ယေဟောဝါ၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ဝိညာဏလိုအပ်ရာများကို ဖြည့်ဆည်းရန် ဖန်တီးထားသောပုံမှန်သီအိုကရက်တစ်လုပ်ဆောင်မှုများအစီအစဉ်တစ်ခုကို ပြုလုပ်ပေးထားသည်။ ကျေးဇူးတင်လေးမြတ်စိတ်က နယ်လှည့်ကြီးကြပ်မှူး၏လည်ပတ်မှုများ၊ အစည်းအဝေးများ၊ စည်းဝေးကြီးများနှင့် ဒေသအလိုက်စီစဉ်သည့် အခြားအထူးလုပ်ဆောင်မှုများကဲ့သို့သော စီစဉ်ပေးရာအားလုံးကို အပြည့်အဝအသုံးချရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (မ. ၅:၃) သို့ရာတွင် အချို့သည် မိမိတို့ပြုလုပ်ထားသည့် အခြားအစီအစဉ်များကြောင့် ဤဝိညာဏပြင်ဆင်ပေးချက်များအနက် များစွာကိုလွတ်သွားကြသည်။ ဤသို့မဖြစ်ရစေရန် မည်သို့ပြုလုပ်နိုင်သနည်း။ သီအိုကရက်တစ်မဟုတ်သောလုပ်ဆောင်မှုများက “သာ၍အရေးကြီးသောအရာများ” ကိုမဖယ်ထုတ်ပစ်ရန် ကျွန်ုပ်တို့မည်သို့သေချာစေနိုင်သနည်း။—ဖိ. ၁:၁၀၊ ကဘ။
၂ အမြော်အမြင်ရှိရှိအစီအစဉ်ဆွဲခြင်းသည် မရှိမဖြစ်လိုအပ်– သုတ္တံ ၂၁:၅ ကဤသို့တိုက်တွန်းသည်– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်း [“အကျိုးအမြတ်၊” ကဘ] နှင့်လည်းကောင်း၊ သမ္မာသတိမရှိသော သူ၏အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်းဆိုင်ပေ၏။” ဝိညာဏ “အကျိုးအမြတ်” ရရှိရန် လုံ့လဝီရိယဖြင့်ကြိုတင်စီစဉ်ကာ စီစဉ်ထားသည့်သီအိုကရက်တစ်လုပ်ဆောင်မှုများကို စိတ်တွင်စွဲမှတ်နေရန်လိုသည်။ ဝိညာဏကောင်းချီးများခံစားရရန် လက်ရှိအစီအစဉ်များကို မထိခိုက်မည့်အချိန်တစ်ချိန်တွင် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာလုပ်ဆောင်မှုများကို စီစဉ်သင့်သည်။ လာမည့်သီအိုကရက်တစ်ဖြစ်စဉ်များကို ထည့်မစဉ်းစားဘဲ ကျွန်ုပ်တို့ကိုယ်တိုင်လုပ်လိုသည့်အရာများကိုလုပ်ဆောင်ရန် အစီအစဉ်များကို အလျင်စလိုပြုလုပ်လျှင် ဝိညာဉ်ရေး “ဆင်းရဲ” နိုင်စရာရှိသည်။
၃ လွတ်မသွားစေနှင့်! ကျွန်ုပ်တို့အားလုံးသည် အားလပ်ရက်များ၊ အလုပ်ကိစ္စဖြင့်ခရီးထွက်ခြင်း၊ ဆွေမျိုးများထံလည်ပတ်ခြင်းစသည်တို့အပါအဝင် အနာဂတ်အတွက် အစီအစဉ်များဆွဲကြသည်။ သင့်ကိုယ်သင် ကတိကဝတ်မပြုမီ သို့မဟုတ် သင့်အစီအစဉ်များကိုအပြီးမသတ်မီ လာမည့်ဝိညာဏလုပ်ဆောင်မှုများအစီအစဉ်ကို သုံးသပ်ပါ။ သင်ထွက်ခွာမည့်အချိန်တွင်ပင် တိုက်နယ်ကြီးကြပ်မှူးလာမည် သို့မဟုတ် အစည်းအဝေးတစ်ခုရှိမည်ကိုသိလျှင် သင်ပါဝင်နိုင်ရန် ကိစ္စဝိစ္စများကိုပြန်စီစဉ်ဖို့ အားတက်သရောကြိုးစားအားထုတ်ပါ။ အနာဂတ်အတွက်စီစဉ်ထားသည့် အရေးပါသောဖြစ်ရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကြိုတင်အကြောင်းကြားခံရကြသည်။ သင့်အသင်းတော်ရှိအကြီးအကဲများသည် ဒေသအလိုက် မည်သည့်အစီအစဉ်များစီစဉ်ထားကြောင်း သင့်အား ပြောပြနိုင်ပါသည်။
၄ သာ၍အရေးကြီးသောအရာများအတွက် အမြော်အမြင်ရှိရှိနှင့် ကြိုတင်စီစဉ်မှုရှိခြင်းဖြင့် ကျွန်ုပ်တို့သည် “ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် . . . ပြည့်စုံ” ပါလိမ့်မည်။—ဖိ. ၁:၁၁။