အင်တာနက်အသုံးပြုခြင်း—အန္တရာယ်များကိုသတိပြု!
၁ ယေဟောဝါ၏လူမျိုးတော်သည် တစ်ဦးနှင့်တစ်ဦးအကျိုးပြုသောပေါင်းသင်းမှုကို နှစ်သက်ကြသည်။ သူတို့သည် လယ်ကွင်းဓမ္မအမှုမှတွေ့ ကြုံမှုများ ဝေမျှရခြင်းကိုနှစ်သက်ကာ ယေဟောဝါသက်သေများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များနှင့် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းအကြောင်း ကြားရခြင်းကိုတန်ဖိုးထားကြသည်။ သူတို့သည် အကျပ်အတည်း သို့မဟုတ် သဘာဝဘေးဒဏ်ကဲ့သို့သော ကျွန်ုပ်တို့၏ညီအစ်ကိုများအမှတ်မထင်ကြုံတွေ့နိုင်သည့် ထူးခြားမှုတစ်စုံတစ်ရာနှင့်ပတ်သက်၍ သတင်းရလိုကာ သူတို့ကူညီနိုင်သည့်အရာတစ်ခုခုရှိမရှိ သိရှိလိုကြသည်။ ထိုသို့သောစိတ်ဝင်စားမှုက ညီအစ်ကိုအသင်းအပင်း၏စည်းလုံးမှုကိုဖော်ပြကာ ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး အမှန်ချစ်ကြကြောင်း သက်သေထူသည်။—ယော. ၁၃:၃၄၊ ၃၅။
၂ ယနေ့၊ ကျွန်ုပ်တို့သည် ကမ္ဘာ့ဖြစ်ရပ်များကို မြန်မြန်ဆန်ဆန်ကြားရကြသည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားသည် ကမ္ဘာတစ်ဝန်းရှိနားဆင်ကြည့်ရှုသူများအား အဖြစ်အပျက်များကို အသေးစိတ်တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ တယ်လီဖုန်းသည်လည်း ကမ္ဘာတစ်ဝန်းရှိလူတို့နှင့် ချက်ချင်းဆက်သွယ်ပေးနိုင်သည်။ ဆက်သွယ်ရေးစနစ်များတွင် မကြာသေးမီက ရေပန်းစားလာသည့် ထူးခြားသောအရာတစ်ခုမှာ အင်တာနက်ဖြစ်သည်။—နိုးလော့!၊ ဇူလိုင် ၂၂၊ ၁၉၉၇ [လိပ်] ရှု။
၃ တယ်လီဖုန်းတီထွင်မှုက ကမ္ဘာအနှံ့ မြန်ဆန်သောနှစ်ကိုယ်ကြားဆက်သွယ်ရေးလမ်းကို ဖွင့်ပေးခဲ့သည်။ တယ်လီဖုန်းသည် အလွန်အသုံးဝင်သော်လည်း ယင်းကိုအသုံးပြုရာတွင် သတိထားရန်လိုသည်၊ အကြောင်းမှာ ယင်းသည် မသင့်လျော်သောပေါင်းသင်းမှု သို့မဟုတ် လုပ်ဆောင်မှုများအတွက် ကိရိယာတစ်ခုဖြစ်နိုင်ပြီး တယ်လီဖုန်းကိုလွန်ကျွံစွာသုံးခြင်းသည် အကုန်အကျများနိုင်သောကြောင့်ဖြစ်သည်။ ရုပ်မြင်သံကြားနှင့်ရေဒီယိုသည် ပညာပေးနယ်ပယ်တွင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ အစီအစဉ်အများစုသည် အကျင့်ယိုယွင်းကာ ယင်းကိုအာရုံစိုက်ခြင်းသည် အချိန်ဖြုန်းရာရောက်သည်။ ဉာဏ်ပညာသည် ရုပ်မြင်သံကြားနှင့် ရေဒီယိုကိုအသုံးပြုရာတွင် ရွေးချယ်မှုပြုရန် ကျွန်ုပ်တို့ကို ညွှန်ကြားပေးသည်။
၄ အင်တာနက်သည် ကမ္ဘာတစ်ဝန်းရှိ အခြားသူသန်းပေါင်းများစွာနှင့် အကုန်အကျသက်သာစွာ ဆက်သွယ်ပေးနိုင်ကာ မြောက်မြားစွာသော သတင်းအချက်အလက်တံခါးကို ဖွင့်ပေးသည်။ (ဇန်နဝါရီ ၈၊ ၁၉၉၈ နိုးလော့! [လိပ်] ရှု။) သို့သော် အင်တာနက်ကို မပိုင်းခြားဘဲအသုံးပြုလျှင် လူတစ်ဦးအား ကြီးမားသည့်ဝိညာဉ်ရေးနှင့် စာရိတ္တအန္တရာယ်ဖြစ်စေနိုင်သည်။ ထိုသို့မည်သို့ဖြစ်နိုင်သနည်း။
၅ များစွာသောသူတို့သည် ဗုံးများအပါအဝင် လက်နက်များ မည်သို့တည်ဆောက်ရမည်ကိုပြသည့် အချက်အလက်များအား လွယ်လင့်တကူရရှိနိုင်ခြင်းကြောင့် စိုးရိမ်မကင်းဖြစ်ကြသည်။ အင်တာနက်ကိုသုံးရာတွင် အလုပ်သမားများဖြုန်းပစ်သည့် အချိန်ပမာဏနှင့်ပတ်သက်၍ စက်မှုလုပ်ငန်းဌာနများက ညည်းညူကြသည်။ အင်တာနက်ပေါ်တွင်ကြုံတွေ့နိုင်သည့် သိသာထင်ရှားသော ဝိညာဏအန္တရာယ်များအကြောင်းကို ကျွန်ုပ်တို့၏စာပေများတွင် များစွာဖော်ပြထားသည်။ ဝက်ဘ်ဆိုက် (Web Sites) များစွာသည် ခရစ်ယာန်များအတွက် လုံးဝမသင့်လျော်သော အကြမ်းဖက်မှုနှင့် ညစ်ညမ်းသောအကြောင်းအရာများကို ဖော်ပြထားသည်။ (ဆာ. ၁၁၉:၃၇) ဤအန္တရာယ်များအပြင် ယေဟောဝါသက်သေများသတိထားဖို့ အထူးလိုအပ်သည့် ပို၍မသိသာသောအန္တရာယ်တစ်ခုရှိ၏။ ယင်းအန္တရာယ်ကား အဘယ်နည်း။
၆ သင်သည် လူစိမ်းတစ်ဦးအား သူ မည်သူမည်ဝါဖြစ်သည်ကို အရင်ဆုံးမသိဘဲနှင့် သင့်အိမ်သို့ဖိတ်ခေါ်မည်လော။ သိဖို့နည်းလမ်းမရှိလျှင်ကော မည်သို့နည်း။ ထိုလူစိမ်းကို သင့်ကလေးများနှင့် တစ်ဦးတည်းရှိခွင့်ပြုမည်လော။ ယင်းကား အင်တာနက်နှင့်ပတ်သက်၍ မငြင်းဆိုနိုင်သောဖြစ်နိုင်ခြေတစ်ခုဖြစ်၏။
၇ အီလက်ထရွန်းနစ်စာပို့နည်းစနစ်သည် သင်မသိသူများထံ သတင်းပို့နိုင်၊ ယူနိုင်သည်။ သဘောထားများဆွေးနွေးတင်ပြရာ ဆက်သွယ်ရေးလမ်းကြောင်း (forum) သို့မဟုတ် သတင်းလက်ဆင့်ကမ်းဖြန့်ချိရေးလမ်းကြောင်း (chat room) တစ်ခုတွင် အီလက်ထရွန်းနစ်နည်းစနစ်ဖြင့် စကားစမြည်ပြောဆိုသောအခါ ထိုအတိုင်းပင်ဖြစ်၏။ ပါဝင်သူများသည် ယေဟောဝါသက်သေများဖြစ်ကြသည်ဟု တစ်ခါတစ်ရံဆိုကြမည်ဖြစ်သော်လည်း များသောအားဖြင့် မဟုတ်ကြချေ။ တစ်စုံတစ်ဦးက လူငယ်တစ်ဦးပါဟု မဟုတ်ဘဲနှင့်ဆိုပေမည်။ သို့မဟုတ် လူတစ်ဦးသည် မိန်းမဖြစ်လျက် ယောက်ျားဖြစ်သည်၊ ယောက်ျားဖြစ်လျက် မိန်းမဖြစ်သည်ဟူ၍ပင် မဟုတ်မမှန်ဆိုပေမည်။
၈ သင့်ထံလက်ဆင့်ကမ်းခံရသည့် သတင်းအချက်အလက်သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များနှင့်စပ်လျဉ်းသည့် တွေ့ ကြုံမှုများ သို့မဟုတ် မှတ်ချက်များအသွင်ဖြင့်လာပေမည်။ ယင်းသတင်းအချက်အလက်သည် တစ်ဖန် ထပ်မံလက်ဆင့်ကမ်းမည့် အခြားသူများထံ လက်ဆင့်ကမ်းခံရပြန်သည်။ သတင်းအချက်အလက်သည် များသောအားဖြင့် မှန်မမှန်မသိနိုင်ဘဲဖြစ်ကာ မုသာဝါဒဖြစ်ပေမည်။ မှတ်ချက်များသည် အယူဖောက်ပြန်သောဆင်ခြင်သုံးသပ်မှုကို ဖြန့်သည့်လှည့်ကွက်တစ်ခုဖြစ်ပေမည်။—၂ သက်. ၂:၁-၃။
၉ ယင်းအန္တရာယ်ကိုစိတ်တွင်ထားလျက် အင်တာနက်ကိုအသုံးပြုသည့်အခါ ကိုယ့်ကိုယ်ကိုဤသို့မေးပါ– ‘အဲဒါကို ငါ ဘာအတွက်သုံးတာလဲ။ အဲဒါကို ငါ အသုံးပြုတဲ့ပုံက ငါ့ကို ဝိညာဉ်ရေးအရ အန္တရာယ်ဖြစ်စေနိုင်မလား။ ငါ့ကြောင့် အခြားသူတွေရဲ့ဝိညာဉ်ရေး ထိခိုက်နိုင်သလား။’
၁၀ “ယေဟောဝါသက်သေများ” ၏ဝက်ဘ်ဆိုက်များ (Web Sites)– ဥပမာအနေနှင့် ယေဟောဝါသက်သေများဟုဆိုကြသူများက စီစဉ်ဖွဲ့စည်းထားသည့် အင်တာနက်ဆိုက် အချို့ကိုသုံးသပ်ကြည့်ပါ။ သူတို့သည် သက်သေခံများဟုဆိုသောအခြားသူများက ဖော်ပြထားသည့် တွေ့ ကြုံမှုများကိုဖတ်ရှုဖို့ ၎င်းတို့၏ ဆိုက်များ သို့အလည်လာရန် သင့်အားဖိတ်ခေါ်ကြသည်။ အသင်းမ၏စာပေနှင့်ပတ်သက်၍ သင့်သဘောထားနှင့် ရှုမြင်ချက်များကိုဝေမျှရန် သင့်ကိုတိုက်တွန်းကြသည်။ အချို့က လယ်ကွင်းဓမ္မအမှုတွင်သုံးနိုင်သည့် တင်ဆက်မှုများနှင့်ပတ်သက်၍ အကြံပြုချက်များပေးကြသည်။ ယင်း ဆိုက်များ သည် တယ်လီဖုန်းနှင့်စကားပြောသကဲ့သို့ အခြားသူများနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ရရှိစေသည့် သတင်းလက်ဆင့်ကမ်းဖြန့်ချိရေးလမ်းကြောင်းများ (chat rooms) ကို တစ်ဦးစီအတွက် ပေါ်ပေါက်စေသည်။ ၎င်းတို့သည် သင့်အား ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများနှင့် ကွန်ပျူတာဖြင့်ဆက်သွယ်ပေါင်းသင်းနိုင်သည့် အခြားဆိုက်များသို့ ညွှန်ပြလေ့ရှိသည်။ သို့သော် ဤအဆက်အသွယ်များကို အယူဖောက်ပြန်သူများက ဉာဏ်ဆင်ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု သင် တပ်အပ်ပြောနိုင်သလော။
၁၁ အင်တာနက်မှတစ်ဆင့်ပေါင်းသင်းခြင်းသည် ဧဖက် ၅:၁၅-၁၇ ပါအကြံပြုချက်နှင့် ညီညွတ်မှုရှိမည်မဟုတ်ချေ။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ် [“ဝယ်ယူ၊” ကဘ] ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြလော့။”
၁၂ ခရစ်ယာန်အသင်းတော်သည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှလာသောဝိညာဉ်အစာကို ကျွန်ုပ်တို့အား တစ်ဆင့်ကျွေးမွေးသော သီအိုကရက်တစ်လမ်းကြောင်းဖြစ်သည်။ (မ. ၂၄:၄၅-၄၇) ကျွန်ုပ်တို့သည် လောကနှင့်သီးခြားဖြစ်နေရန် လမ်းညွှန်မှုနှင့်ကာကွယ်မှုအပြင် သခင့်လုပ်ငန်း၌ အလုပ်များနေရန်လှုံ့ဆော်ပေးမှုကို ဘုရားသခင့်အဖွဲ့အစည်းအတွင်းတွင်ရရှိကြသည်။ (၁ ကော. ၁၅:၅၈) စုဝေးသည့်ဘုရားသခင့်လူမျိုးအလယ်တွင် ပျော်ရွှင်မှုနှင့်လုံခြုံမှုခံစားရကြောင်း ဆာလံဆရာကဖော်ပြခဲ့သည်။ (ဆာ. ၂၇:၄၊ ၅; ၅၅:၁၄; ၁၂၂:၁) အသင်းတော်သည်လည်း ၎င်းနှင့်ပူးပေါင်းသူများကို ဝိညာဉ်ရေးထောက်ပံ့မှုနှင့် အကူအညီကိုပေးသည်။ စိတ်သောကရောက်နေချိန်များ၌ အခြားသူများကို အကူအညီနှင့် နှစ်သိမ့်မှုပေးရန်အသင့်ရှိကြသည့် သင်ကိုယ်တိုင်ကိုယ်ကျသိသူများ—မေတ္တာရှိသော၊ စိုးရိမ်ပူပန်တတ်၍ ဂရုစိုက်သောမိတ်ဆွေများကို ထိုတွင်သင်တွေ့ရှိနိုင်သည်။ (၂ ကော. ၇:၅-၇) အသင်းတော်သားများသည် နောင်တမယူဘဲအပြစ်ကျူးလွန်သူများ သို့မဟုတ် ဖောက်ပြန်သောအတွေးအခေါ်ကို တိုးပွားစေသူများအား နှင်ထုတ်ခြင်းအတွက် ကျမ်းဆိုင်ရာပြင်ဆင်ပေးမှုအားဖြင့် ကာကွယ်ခံရကြသည်။ (၁ ကော. ၅:၉-၁၃; တိ. ၃:၁၀၊ ၁၁) အင်တာနက်မှတစ်ဆင့် အခြားသူများနှင့်ပေါင်းသင်းသောအခါ ထပ်တူမေတ္တာပါသောအစီအစဉ်များကိုတွေ့ရန် ကျွန်ုပ်တို့မျှော်လင့်နိုင်သလော။
၁၃ အမှန်မှာ ထိုသို့မမျှော်လင့်နိုင်သည်မှာ ထင်ရှား၏။ ဝက်ဘ်ဆိုက် (Web sites) အချို့သည် အယူဖောက်ပြန်သူတို့၏ဝါဒဖြန့်မှုအတွက် နည်းလမ်းများဖြစ်သည်မှာရှင်းသည်။ ယင်း ဝက်ဘ်ဆိုက် များက ထိုသို့ဆိုမည်မဟုတ်ဘဲ ဆိုက် တစ်ခုကိုကမကထပြုသူများက သူတို့သည် ယေဟောဝါသက်သေများအမှန် ဖြစ် ကြောင်းအတည်ပြုရန် အသေးစိတ်ရှင်းပြချက်ပေးမည်ဖြစ်သည်။ သူတို့က သင် သည် ယေဟောဝါသက်သေတစ်ဦးဟုတ်မဟုတ်ဟူသည်ကို သိရှိနိုင်ရန် သင့်ထံမှအချက်အလက်များကိုပင် တောင်းခံကြပေမည်။
၁၄ ယေဟောဝါသည် သင်၌ ပိုင်းခြားသိမြင်မှုကျင့်သုံးရန် လိုလားတော်မူ၏။ အဘယ်ကြောင့်နည်း။ ယင်းက သင့်ကို အန္တရာယ်အမျိုးမျိုးမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူ၍ဖြစ်သည်။ သုတ္တံ ၂:၁၀-၁၉ (ကဘ) ကဤသို့အစပျိုးသည်– “ဉာဏ်ပညာသည် သင့်နှလုံးထဲဝင်၍ အသိပညာကိုလည်း သင့်စိုးလ်ကနှစ်သက်သောအခါ စဉ်းစားတွေးတောနိုင်သည့်အရည်အချင်းသည် သင့်ကိုကာကွယ်စောင့်ထိန်းပြီး ပိုင်းခြားနားလည်တတ်ခြင်းက သင့်ကိုစောင့်ထိန်းလိမ့်မည်။” အဘယ်အရာမှ သင့်ကိုကာကွယ်မည်နည်း။ “ဆိုးသောလမ်း၊” ဖြောင့်သောလမ်းကိုစွန့်သောသူများ၊ စာရိတ္တယိုယွင်းပြီး ကောက်သောလမ်းသို့သာလိုက်သောသူများ အစရှိသည့်အရာများမှဖြစ်သည်။
၁၅ နိုင်ငံတော်ခန်းမသို့သွားသည့်အခါ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်အတူရှိကြကြောင်းကို စောဒကတက်စရာမရှိပါ။ သူတို့ကို ကျွန်ုပ်တို့သိကြသည်။ မည်သူမျှ ယင်းသို့မှန်ကန်ကြောင်းအထောက်အထားကို မတောင်းဆိုကြပါ၊ အကြောင်းမှာ ညီအစ်ကိုချင်းမေတ္တာက ယင်းကိုထင်ရှားစေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါသက်သေတစ်ဦး အမှန်ဖြစ်ကြောင်းသက်သေပြရန် ခန့်အပ်လွှာများပေးဖို့ တစ်ဦးချင်းစီတောင်းဆိုမခံရကြပါ။ ဟေဗြဲ ၁၀:၂၄၊ ၂၅ တွင်ပေါလုပြောခဲ့သည့် စစ်မှန်သောအပြန်အလှန်အားပေးမှုကို ယင်းနေရာတွင် ကျွန်ုပ်တို့ရရှိကြသည်။ ကွန်ပျူတာဖြင့် ဆက်သွယ်ပေါင်းသင်းခြင်းကိုအားပေးသည့် ဝက်ဘ်ဆိုက် များတွင် ထိုသို့သောအားပေးမှုရရှိရန် အားမထားနိုင်ပါ။ ဆာလံ ၂၆:၄၊ ၅ ပါစကားများကိုစွဲမှတ်ထားခြင်းက အင်တာနက်ပေါ်ရှိ ဝက်ဘ်ဆိုက် များကိုအသုံးပြုသည့်အခါ အလွယ်တကူကြုံနိုင်သည့်အန္တရာယ်များကို သတိထားနိုင်စေသည်။
၁၆ အင်တာနက်ကိုအသုံးပြုသူများက ထိန်းသိမ်းကာ ရယူနိုင်သောသတင်းအချက်အလက် အမျိုးအစားနှင့်ပတ်သက်၍ ကန့်သတ်တားမြစ်ချက်များမရှိချေ။ များသောအားဖြင့် ဤဝန်းကျင်တွင် ကလေးများနှင့် ဆယ်ကျော်သက်များသည် ရာဇဝတ်မှုနှင့်အမြတ်ထုတ်မှု၏ လွယ်ကူသောပစ်မှတ်များဖြစ်ကြသည်။ ကလေးတို့သည် စိုင်းဘားစပေ့ (cyberspace) ဆိုင်ရာနယ်ပယ်အသစ်ကို အားထားကာ အတော်အတန်သိချင်စူးစမ်းချင်ကြသည်။ ထို့ကြောင့် မိဘတို့သည် မိမိတို့၏ကလေးများအား တေးဂီတနှင့်ရုပ်ရှင်ကိုရွေးချယ်ရာတွင် သူတို့ကိုလမ်းညွှန်ပေးမည်ဖြစ်သကဲ့သို့ အင်တာနက်ကိုအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ပေးကာ ကျမ်းဆိုင်ရာလမ်းညွှန်ကောင်းကို သူတို့အား ပေးဖို့လိုသည်။—၁ ကော. ၁၅:၃၃။
၁၇ ဝမ်းနည်းစရာမှာ တစ်ချိန်က ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မဖြစ်ခဲ့သူအချို့သည် အင်တာနက်ပေါ်ရှိ သတင်းလက်ဆင့်ကမ်းဖြန့်ချိရေးလမ်းကြောင်းများတွင် လောကသားများနှင့်တွေ့ဆုံရာမှအစပြုသည့် ပေါင်းသင်းမှုနှင့် နောက်ဆုံးတွင် စာရိတ္တယိုယွင်းလာခြင်းကြောင့် နှင်ထုတ်ခံခဲ့ကြရသည်။ အချို့သူတို့သည် အင်တာနက်ပေါ်တွင်အစပျိုးခဲ့သည့် ပေါင်းသင်းဆက်ဆံရေးကိုလိုက်စားရန် မိမိတို့၏လင်သားများ၊ ဇနီးသည်များကို အမှန်တကယ်စွန့်ခွာသွားကြကြောင်း အကြီးအကဲများစာရေးလာခြင်းသည် ထိတ်လန့်၍မယုံနိုင်စရာပင်။ (၂ တိ. ၃:၆) အခြားသူတို့သည် အယူဖောက်ပြန်သူများတင်ပြသည့် သတင်းအချက်အလက်ကိုယုံခြင်းကြောင့် သမ္မာတရားကိုစွန့်ခဲ့ကြသည်။ (၁ တိ. ၄:၁၊ ၂) ဤစိုးရိမ်စရာအန္တရာယ်များကြောင့် အင်တာနက်ပေါ်ရှိ ဆက်သွယ်ရေးအစီအစဉ်များတွင် ပါဝင်ပတ်သက်ခြင်းနှင့်ပတ်သက်၍ သတိထားခြင်းသည် အကျိုးသင့်အကြောင်းသင့်ရှိပုံမရပေလော။ သုတ္တံ ၂:၁၀-၁၉ တွင်ဖော်ပြထားသည့် ဉာဏ်ပညာ၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်မှုရှိခြင်းသည် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အမှန်ပင်ကာကွယ်ပေးသင့်သည်။
၁၈ သတင်းကောင်းဟောပြောရန်ဟုထင်ရသော ဝက်ဘ်ဆိုက် များကို ဖန်တီးခဲ့ကြသူများစွာရှိခဲ့သည်မှာ သိသာသည်။ ဤဆိုက် အများစုကို အမြော်အမြင်မရှိသောညီအစ်ကိုများက ကမကထပြုလုပ်ခဲ့ကြသည်။ အခြားဆိုက် များကို အန္တရာယ်မသိသူများအားဆွဲဆောင်ရန် အယူဖောက်ပြန်သူများက ကမကထပြုလုပ်ခဲ့ကြသည်။ (၂ ယော. ၉-၁၁) ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် ဤကဲ့သို့သော ဝက်ဘ်ဆိုက် များကိုဖန်တီးရန် လိုမလိုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ နိုဝင်ဘာ ၁၉၉၇၊ စာမျက်နှာ ၃ [လိပ်] ကဤသို့မှတ်ချက်ချဖော်ပြခဲ့သည်– “ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လုပ်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့၏ယုံကြည်ချက်များအကြောင်း အင်တာနက်စာမျက်နှာများပြင်ဆင်ရန် မည်သူတစ်ယောက်အတွက်မျှမလိုအပ်ပေ။ ကျွန်ုပ်တို့၏တရားဝင် ဆိုက် [www.watchtower.org] သည် ယင်းကိုအလိုရှိသူမည်သူမဆိုအတွက် တိကျမှန်ကန်သောအချက်အလက်များကို ဖော်ပြပေးသည်။”
၁၉ အင်တာနက်မှတစ်ဆင့် လေ့လာမှုအထောက်အကူများ– အချို့က ယင်းတို့သည် သီအိုကရက်တစ်လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် ရှာဖွေလေ့လာထားသောအချက်အလက်များကို ဖော်ပြပေးခြင်းဖြင့် ညီအစ်ကိုများ၏အကျိုးကို ဆောင်ကြဉ်းပေးနေသည်ဟု ယူဆခဲ့ကြသည်။ ဥပမာ၊ လူတစ်ဦးသည် လူထုဟောပြောချက်အောက်လိုင်းတစ်ခုကိုအခြေပြု၍ ရှာဖွေလေ့လာမှုပြုပြီးနောက် ယင်းကိုဖော်ပြကာ ထိုကဲ့သို့သောအချက်အလက်သည် ထိုအောက်လိုင်းကိုပြင်ဆင်ဖို့လိုအပ်သူများကို အကျိုးပြုမည်ဟု ယူဆပေမည်။ အခြားသူတို့သည် လာမည့် ကင်းမျှော်စင် သင်တန်းအတွက် ကျမ်းချက်အားလုံးကိုဖော်ပြပေးမည် သို့မဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်း သို့မဟုတ် အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် ရည်ညွှန်းကိုးကားချက်ကို ဖော်ပြပေးမည်ဖြစ်သည်။ အချို့က လယ်ကွင်းဓမ္မအမှုတွင် တင်ဆက်ရမည့်နည်းများအတွက် အကြံပြုချက်များပေးပေမည်။ ယင်းတို့သည် အမှန်ပင်အထောက်အကူဖြစ်သလော။
၂၀ ယေဟောဝါ၏အဖွဲ့အစည်းက စီမံပေးထားသည့် စာအုပ်စာတမ်းများသည် တည်ဆောက်မှုဖြစ်စေသော သဘောထားများဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကိုလှုံ့ဆော်ပေးကာ “အမှားနှင့်အမှန်ကိုပိုင်းခြားသိရှိရန်” ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးသည်။ (ဟေဗြဲ ၅:၁၄၊ ကဘ) အခြားသူများက ကျွန်ုပ်တို့အတွက် ရှာဖွေလေ့လာမှုပြုပေးလျှင် ယင်းသို့ဖြစ်မြောက်မည်ဟု ဆိုနိုင်သလော။
၂၁ ဗေရိမြို့ရှိခရစ်ယာန်များကို “သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်” သည်ဟုဆိုထားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပါဌ်တရားတော်ကိုခံယူ၍၊ မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ” သောကြောင့်ဖြစ်၏။ (တ. ၁၇:၁၁) ပေါလုနှင့်သိလသည် သူတို့အားဟောပြောခဲ့သော်လည်း သူတို့သည် ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်မှုမရှိဘဲ သမ္မာတရားကို သူတို့၏ကိုယ်ပိုင်မဖြစ်စေနိုင်ခဲ့ကြပါ။
၂၂ ဟောပြောချက်တစ်ခုအတွက် သို့မဟုတ် အခြားသောစည်းဝေးပြင်ဆင်မှုအတွက် အခြားသူတစ်ဦး၏ရှာဖွေလေ့လာမှုကို အသုံးပြုခြင်းသည် ကိုယ်ပိုင်လေ့လာမှု၏ရည်ရွယ်ချက်ကို ပျက်ပြားစေ၏။ ဘုရားသခင့်နှုတ်ကပါဌ်တော်၌ သင့်ကိုယ်ပိုင်ယုံကြည်ခြင်းကို တည်ဆောက်ပေးခြင်းသည် သင့်ဆန္ဒမဟုတ်ပေလော။ သင်သည် ကိုယ်ပိုင်ခံယူချက်ကိုအခြေပြု၍ သင့်ယုံကြည်ချက်ကို လူအများရှေ့ဖော်ပြနိုင်သည်—သင့်ဟောပြောချက်များတွင်၊ အစည်းအဝေးများ၌ ပေးသည့်အဖြေများတွင်နှင့် လယ်ကွင်းဓမ္မအမှုတွင်ဖြစ်သည်။ (ရော. ၁၀:၁၀) အခြားသူ၏ရှာဖွေလေ့လာထားရာကို အသုံးပြုခြင်းသည် ကိုယ်တိုင်ကိုယ်ကျ ‘ဝှက်ထားသောဘဏ္ဍာကို စူးစမ်းရှာဖွေသကဲ့သို့ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို စူးစမ်းရှာဖွေ’ ကြရန်ဟူသော သုတ္တံ ၂:၄၊ ၅ (ကဘ) ပါဖော်ပြချက်နှင့်မကိုက်ညီပါ။
၂၃ ဥပမာ၊ သင့်ကိုယ်ပိုင်ကျမ်းစာအုပ်တွင် ကျမ်းချက်များကိုရှာဖွေကြည့်ရှုသည့်အခါ ကျမ်းချက်တစ်ခုစီ၏ရှေ့နောက်စကားကို အကျဉ်းချုံးသုံးသပ်နိုင်သည်။ လုကာသည် သူ၏ခရစ်ဝင်ကျမ်းကိုရေးခဲ့စဉ်ကပြုခဲ့သကဲ့သို့ သင်သည် ‘အလုံးစုံတို့ကိုစေ့စေ့ရှာဖွေစူးစမ်း’ နိုင်သည်။ (လု. ၁:၄) ပိုမိုအားထုတ်လုပ်ဆောင်ခြင်းဖြင့်လည်း ဓမ္မအမှုတွင်၊ ဟောပြောချက်များပေးသည့်အခါတွင် ကျမ်းချက်များရှာဖွေရာ၌ ကျွမ်းကျင်မှုရှိလာပါမည်။ ယေဟောဝါသက်သေများသည် ကျမ်းစာကိုမည်သို့အသုံးပြုရမည်ကို သိရှိကြခြင်းကြောင့် ၎င်းတို့အား အထင်ကြီးလေးစားခဲ့ရကြောင်း အများသောသူတို့ဖော်ပြခဲ့ကြပြီ။ ယင်းသို့ ကျွန်ုပ်တို့ဖြစ်နိုင်သည့် တစ်ခုတည်းသောနည်းမှာ ကျွန်ုပ်တို့၏ကိုယ်ပိုင်ကျမ်းစာတွင် ကျမ်းချက်များကိုရှာဖွေလေ့လာရန် ကိုယ်တိုင်အကျင့်လုပ်ပါမှဟူ၍ဖြစ်သည်။
၂၄ ကျွန်ုပ်တို့၏အချိန်ကို ပညာရှိရှိအသုံးပြုခြင်း– ဤကိစ္စတွင် အခြားသုံးသပ်စရာတစ်ခုမှာ အင်တာနက်ပေါ်တွင်ဖော်ပြထားသည့် သတင်းအချက်အလက်ကို ဖန်တီးခြင်း၊ ဖတ်ရှုခြင်းနှင့် တုံ့ပြန်ခြင်းအတွက် အသုံးပြုသည့်အချိန်ပမာဏနှင့်ပတ်သက်၍ဖြစ်သည်။ ဆာလံ ၉၀:၁၂ ကကျွန်ုပ်တို့အား ဤသို့ဆုတောင်းရန်တိုက်တွန်းသည်– “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” ပေါလုက “ကျန်ကြွင်းသောအချိန်သည် လျော့လျက်ရှိသည်” ဟုဖော်ပြခဲ့သည်။ (၁ ကော. ၇:၂၉၊ ကဘ) ထပ်ဆင့်၍ဤသို့ဆို၏– “ထိုကြောင့် ငါတို့သည်အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”—ဂလ. ၆:၁၀။
၂၅ ထိုသြဝါဒသည် ကျွန်ုပ်တို့၏အချိန်ကိုအသုံးပြုရာတွင် ချင့်ချိန်မှုရှိရန်လိုအပ်ချက်ကို ပေါ်လွင်စေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုခြင်းတွင် အချိန်ကိုအသုံးပြုခြင်းသည် ပို၍အကျိုးရှိမည်ပါတကား! (ဆာ. ၁:၁၊ ၂) ယင်းသည် ကျွန်ုပ်တို့ရရှိနိုင်သည့် အကောင်းဆုံးပေါင်းသင်းမှုဖြစ်၏။ (၂ တိ. ၃:၁၆၊ ၁၇) မိဘတို့၊ သင်တို့၏သားသမီးများအား နိုင်ငံတော်ရေးရာများတွင် သူတို့၏အချိန်ကိုပညာရှိရှိသုံးခြင်း၏တန်ဖိုးကို သင်ကြားပေးနေသလော။ (ဒေ. ၁၂:၁) ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုပြုခြင်း၊ စည်းဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတို့တွင် သုံးသည့်အချိန်သည် အကျိုးရမည်ဟူသောမျှော်လင့်ချက်နှင့် အင်တာနက်ကိုကြည့်ရှုလေ့လာရန် သုံးသောအချိန်ထက် ပို၍အလေးသာ၏။
၂၆ ဤကိစ္စတွင် ခရစ်ယာန်များအနေနှင့် ဝိညာဉ်ရေးရာများအပေါ်၊ ကျွန်ုပ်တို့၏အသက်တာနှင့်ဆိုင်သော၊ မရှိမဖြစ်လိုအပ်သောအရာများအပေါ် ကျွန်ုပ်တို့၏အာရုံကိုစူးစိုက်ထားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ ယင်းကြောင့် ကျွန်ုပ်တို့အချိန်ပေးသင့်၊ ဆင်ခြင်တွေးတောသင့်သော သတင်းအချက်အလက်နှင့်စပ်လျဉ်း၍ ကောင်းစွာစဉ်းစားရွေးချယ်မှုများပြုရန်လို၏။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏အသက်တာနှင့်ဆိုင်သောအရာကို ခရစ်တော်က ဤသို့အကျဉ်းချုံးဖော်ပြခဲ့သည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” (မ. ၆:၃၃) သင့်အသက်တာသည် အခြားလုပ်ဆောင်မှုတစ်စုံတစ်ရာဖြင့်မဟုတ်ဘဲ နိုင်ငံတော်ရေးရာများဖြင့်ပြည့်နေသောအခါ အပျော်ရွှင်ဆုံးမဖြစ်ပေလော။
၂၇ အင်တာနက်အီး–မေးလ်– အဝေးတွင်နေထိုင်သော မိသားစု သို့မဟုတ် မိတ်ဆွေများအကြား ကိုယ်ပိုင်တွေ့ ကြုံမှုများ သို့မဟုတ် အယူအဆများကိုဝေမျှခြင်းသည် သင့်လျော်သော်လည်း သင့်မိသားစု သို့မဟုတ် မိတ်ဆွေများကို သိမည်မဟုတ်သည့် အခြားသူများထံ ယင်းတို့ကိုလက်ဆင့်ကမ်းခြင်းသည် အမှန်ပင်မေတ္တာရှိရာကျမည်လော။ သို့မဟုတ် တစ်စုံတစ်ဦးဖတ်ရုံမျှသာအတွက် ဝက်ဘ်စာမျက်နှာတစ်ခုအပေါ်တွင် ယင်းတို့ကိုဖော်ပြထားသင့်သလော။ ယင်းကိုယ်ပိုင်သတင်းများကို ကူးယူကာ ပိုင်းခြားဝေဖန်ခြင်းမရှိဘဲ သင်သိသူ သို့မဟုတ် သင်မသိသည့်သူများထံ ပေးပို့သလော။ အလားတူ၊ သင့်အတွက် ရည်ရွယ်ထားခြင်းမဟုတ်သည်မှာ ရှင်းနေသည့် အခြားသူတို့ထံမှသတင်းများကို သင်ရရှိလျှင် ယင်းတို့ကို အခြားသူတို့ထံ ဆက်၍လက်ဆင့်ကမ်းခြင်းသည် မေတ္တာရှိရာကျမည်လော။
၂၈ သင်လက်ဆင့်ကမ်းသည့်တွေ့ ကြုံမှုသည် တိကျမှန်ကန်မှုမရှိလျှင်ကော။ ယင်းသည် မုသာဝါဒကို အတောမသတ်ဝေမျှခြင်းဖြစ်မည်မဟုတ်လော။ (သု. ၁၂:၁၉; ၂၁:၂၈; ၃၀:၈; ကော. ၃:၉) “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြု” နေခြင်းက ယင်းကိုသုံးသပ်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်မှာ သေချာသည်။ (ဧ. ၅:၁၅) နှစ်ချုပ်စာအုပ်၊ ကင်းမျှော်စင်နှင့် နိုးလော့!တို့သည် “လမ်းမှန်” ၌လျှောက်လှမ်းနေရန် ကျွန်ုပ်တို့ကိုတိုက်တွန်းလှုံ့ဆော်သည့် ယုံကြည်စိတ်ချရသောတွေ့ ကြုံမှုများနှင့်ပြည့်နေသည့်အတွက် မည်မျှဝမ်းသာစရာပါတကား!—ဟေရှာ. ၃၀:၂၀၊ ၂၁၊ သမ။
၂၉ အခြားအန္တရာယ်တစ်ခုလည်းရှိ၏။ အချို့သူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– “တစ်အိမ်မှတစ်အိမ်လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကိုပြောသဖြင့် ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်၏။” (၁ တိ. ၅:၁၃) ယင်းက ကျွန်ုပ်တို့၏ညီအစ်ကိုများထံ ပေါ့ပျက်သည့်သတင်းကိုလက်ဆင့်ကမ်းရာ၌ အချိန်နှင့်လုံ့လအသုံးပြုခြင်းကို ကန့်ကွက်သည်။
၃၀ အီး-မေးလ် မြောက်မြားစွာကိုလိုက်မီရန် ယူရသည့်အချိန်ပမာဏကိုလည်း စဉ်းစားကြည့်ပါ။ ဒေတာစမော့တ် စာအုပ်က ဤသို့ဖော်ပြထားသည်မှာ စိတ်ဝင်စားစရာကောင်း၏– “လူတစ်ဦးသည် ကွန်ပျူတာဖြင့်ဆက်သွယ်ခြင်းတွင် အချိန်ပို၍ပို၍သုံးသည်နှင့်အမျှ အီး-မေးလ် သည် အားတက်စေသောအသစ်အဆန်းတစ်ခုအဖြစ်မှ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ မိသားစု၊ . . . နှင့် အခတောင်းခံမှုမရှိသည့်အရောင်းကြော်ငြာများမှ နေ့စဉ်ဖတ်ရှုဖြေကြားပေးရန် ဒါဇင်ပေါင်းများစွာသောသတင်းများနှင့်တကွ အချိန်စားသောဝန်ထုပ်တစ်ခုအဖြစ်သို့ အလျင်အမြန်ပြောင်းသွားသည်။” ထို့အပြင် ဤသို့ဖော်ပြသေးသည်– အီလက်ထရွန်းနစ်သတင်းစုအသုံးပြုသူများစွာသည် သူတို့ရရှိသည့်စိတ်ရွှင်မြူးစေသော သတင်းအတိုအထွာများ—ပြက်လုံးများ၊ ယုံတမ်းစကားများ၊ အီလက်ထရွန်းနစ်လက်ဆင့်ကမ်းစာများနှင့် အခြားသောအရာများ—ကိုအီလက်ထရွန်းနစ်လိပ်စာရှိသူ ယောက်တိုင်းထံသို့ပေးပို့သည့် အလွန်ဆိုးသောအကျင့်ကိုရရှိခဲ့ကြသည်။”
၃၁ ယင်းသည် ဓမ္မအမှုနှင့်စပ်လျဉ်းသည့်ပြက်လုံးများ သို့မဟုတ် ရယ်ရွှင်စရာအဖြစ်အပျက်များ; ကျွန်ုပ်တို့၏ယုံကြည်ချက်များအပေါ် အခြေပြုထားသည်ဟုယူဆရသည့် ကဗျာလင်္ကာ; အစည်းအဝေးများ၊ စည်းဝေးကြီးများ သို့မဟုတ် နိုင်ငံတော်ခန်းမတွင်ကြားခဲ့ရသည့် ပုံဥပမာများ; လယ်ကွင်းဓမ္မအမှုမှတွေ့ ကြုံမှုများ; အစရှိသည်တို့ကဲ့သို့သော ဘာမျှအပြစ်မရှိပုံပေါက်သည့်အရာများကို ညီအစ်ကိုများအလယ်၌ဖြန့်သည့် အီး-မေးလ် တွင် ထင်ရှားသည်။ အများစုသည် ဇာစ်မြစ်ကိုမစစ်ဆေးဘဲ ထိုကဲ့သို့သောအီး-မေးလ် ကို ပုံမှန်ပို့လေ့ရှိကြရာ အမှန်တကယ်အစပြုသူကို သိဖို့ခက်စေသည်၊ သတင်းသည် အမှန်တကယ်မှန်မမှန်ဟူသည်ကို လူတစ်ဦး တွေးဆသင့်သည်။—သု. ၂၂:၂၀၊ ၂၁။
၃၂ များသောအားဖြင့် ထိုသို့သောပေါ့ပျက်သည့် သတင်းများသည် တိမောသေထံပေါလုရေးသားစဉ်က ဤသို့ပြောဆိုခဲ့သည့် ကျန်းခံ့သောစကားမျိုးမဟုတ်ပါ– “ငါ့ထံမှာကြားနာရသည့် ကျန်းခံ့ရေးတရားပုံစံ ကို ခရစ်တော်ယေရှု၌တည်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းအားဖြင့် စွဲမြဲလော့။”(၂ တိ. ၁:၁၃၊ သမ) ကျမ်းစာသမ္မာတရားဆိုင်ရာ ‘စင်ကြယ်သောဘာသာစကား’ တွင် နိုင်ငံတော်အားဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေခြင်းဟူသည့် သမ္မာကျမ်းစာ၏ခေါင်းစဉ်ကို အဓိကအခြေခံထားသည့် “ကျန်းခံ့ရေးတရားပုံစံ” ရှိသည်။ (ဇေ. ၃:၉) ကျွန်ုပ်တို့သည် ဤယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာ သင်္ကာယနကင်းရှင်းရေးကိုထောက်ခံရန် ကျွန်ုပ်တို့၏ရသမျှအချိန်နှင့်ခွန်အားကို ပေးဆက်ရန်ကြိုးစားသင့်သည်။
၃၃ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ဆုံးခန်းကာလ အဆုံးပိုင်းတွင်ရောက်နေသောကြောင့် နိုးနိုးကြားကြားရှိသင့်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့သတိပေးသည်– “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ပေ. ၅:၈) ယင်းက ထပ်ဆင့်ဤသို့ဖော်ပြသည်– “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။”—ဧ. ၆:၁၁။
၃၄ တလွဲအသုံးပြုမည်ဆိုလျှင် အင်တာနက်သည် ယင်း၏အစွမ်းဖြင့်ဆွဲဆောင်ခံရသူများအပေါ် စာတန်လှည့်စားသည့် နည်းတစ်ခုဖြစ်နိုင်သည်။ ၎င်းတွင် အကန့်အသတ်ဖြင့် အသုံးဝင်မှုရှိမည်ဖြစ်သော်လည်း ယင်းကို သတိဖြင့်မကြည့်ရှုလျှင် အန္တရာယ်ရှိသည်။ မိဘတို့သည် မိမိတို့သားသမီးများ၏ အင်တာနက်အသုံးပြုမှုနှင့်ပတ်သက်၍ ဂရုစိုက်ရန်အထူးလိုအပ်သည်။
၃၅ အင်တာနက်နှင့်ပတ်သက်၍ မျှတသောအမြင်ရှိခြင်းသည် အကာအကွယ်တစ်ရပ်ဖြစ်၏။ ပေါလု၏ အခန့်သင့်ဤသတိပေးချက်ကို ကျွန်ုပ်တို့လေးမြတ်ကြသည်– “ဤလောကကိုသုံးသောသူသည် မသုံးသကဲ့သို့ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်၏။” (၁ ကော. ၇:၂၉-၃၁) ဤအရာများကိုစွဲမှတ်ထားခြင်းသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏မိသားစုများအား အင်တာနက်ပေါ်တွင်ရရှိနိုင်သည့်အရာအပါအဝင် လောကကမ်းလှမ်းသမျှအရာများကြောင့် အာရုံမပျံ့လွင့်သွားရန်ကူညီပေးသည်။
၃၆ ကျွန်ုပ်တို့သည် အသင်းတော်ရှိညီအစ်ကိုများနှင့် နီးနီးကပ်ကပ်နေကာ ကျန်ကြွင်းသည့်အချိန်ကို ပညာရှိရှိသုံးခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန်အတွက် အသင့်ရှိနေကြဖို့အရေးကြီးသည်။ ဤစနစ်၏အဆုံးနီးလာသည်နှင့်အမျှ “ကြွင်းသောတစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည့်နည်းတူ၊ သင်တို့သည် နောက်တစ်ဖန်မကျင့်” ဘဲ “သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြ” စို့။—ဧ. ၄:၁၇; ၅:၁၇။