မေးခွန်းသေတ္တာ
◼ အင်တာနက်တွင် သူစိမ်းတစ်ဦးနှင့် ပြောဆိုဆက်သွယ်ခြင်း၏ အန္တရာယ်များကား အဘယ်နည်း။
လူများတွေ့ဆုံဆက်သွယ်နိုင်ရန် ရည်ရွယ်၍ အင်တာနက်တွင် ဝက်ဘ်ဆိုက်များစွာ တင်ထားသည်။ လူတို့သည် ထိုဆိုက်များစွာတွင် မိမိတို့၏ဓာတ်ပုံနှင့် အခြားကိုယ်ရေးအချက်အလက်များပါဝင်သော ကိုယ်ရေးမှတ်တမ်းတစ်ခုကို ဖန်တီးဖြန့်ဝေနိုင်သည်။ ထိုကိုယ်ရေးမှတ်တမ်းကို ဖတ်ရှုသူများက ထိုသူနှင့်ဆက်သွယ်နိုင်သည်။ ထိုသို့သောဝက်ဘ်ဆိုက်များသည် လူငယ်များကြားတွင် ရေပန်းစားလျက်ရှိပြီး အသင်းတော်ရှိလူငယ်အချို့ပင် ယင်းတို့မှတစ်ဆင့် ယေဟောဝါသက်သေဟုဆိုကြသူများနှင့် ဆက်သွယ်နေကြသည်။
အင်တာနက်တွင် ကျွန်ုပ်တို့တွေ့ဆုံရသူတစ်ဦးသည် သူမည်သူမည်ဝါဖြစ်ကြောင်း၊ သူ၏ဝိညာဉ်ရေး သို့မဟုတ် သဘောထားများအကြောင်း လိမ်လည်ပြောဆိုရန် လွယ်ကူပေသည်။ (ဆာ. ၂၆:၄) ယေဟောဝါသက်သေတစ်ဦးဟုဆိုသူသည် အမှန်အားဖြင့် မယုံကြည်သူတစ်ဦး၊ နှင်ထုတ်ခံထားရသူတစ်ဦး သို့မဟုတ် အယူဖောက်ပြန်သူတစ်ဦးပင် ဖြစ်နိုင်သည်။ (ဂလ. ၂:၄) ကလေးသူငယ်များနှင့် လိင်မှုဖောက်ပြန်သူများစွာသည် အဆိုပါဝက်ဘ်ဆိုက်များကိုအသုံးပြုပြီး မိမိတို့လှည့်စားရမည့်သူများကို ရှာဖွေကြသည်။
ကျွန်ုပ်တို့နှင့်ဆက်သွယ်နေသူသည် အသင်းတော်တွင် ရပ်တည်မှုကောင်းရှိသည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချလျှင်ပင် ထိုသို့သောအခြေအနေတွင် စကားပြောဆိုခြင်းက အကျိုးမပြုသောပြောဆိုမှုကို အလွယ်တကူဦးတည်သွားစေနိုင်သည်။ အကြောင်းမှာ လူတို့သည် မိမိတို့နှင့်မျက်နှာချင်းဆိုင်မတွေ့ရသူများကို အရှက်အကြောက်မဲ့တတ်၍ဖြစ်သည်။ ထိုသို့အွန်လိုင်းဖြင့် ဆက်သွယ်ခြင်းသည် နှစ်ကိုယ်ကြားဖြစ်ပြီး မိမိတို့ပြောဆိုသမျှကို မိဘ သို့မဟုတ် အကြီးအကဲစသောအခြားသူများ မသိနိုင်ဟု ယူဆကြပေမည်။ ဝမ်းနည်းစရာမှာ ခရစ်ယာန်လူငယ်များစွာသည် ညစ်ညမ်းသောအပြောအဆိုထောင်ချောက်တွင် ကျော့မိခဲ့ကြသည်။ (ဧ. ၅:၃၊ ၄; ကော. ၃:၈) အခြားသူတို့သည် လိင်စိတ်နိုးကြွစေသည့် မိမိတို့ကိုယ်တိုင်၏ဓာတ်ပုံများ၊ ညစ်ညမ်းသောစိတ်ကူးစိတ်သန်းများ ပေါ်ပေါက်စေသည့် နာမည်ပြောင်များ သို့မဟုတ် လိင်အကြောင်း ကွက်ကွက်ကွင်းကွင်းဖော်ပြထားသော ဗီဒီယိုသီချင်းများကို မိမိတို့၏ကွန်ပျူတာကိုယ်ရေးမှတ်တမ်းတွင် ထည့်သွင်းထားကြသည်။
ထို့ကြောင့် မိဘများသည် ကွန်ပျူတာကို သားသမီးများ မည်သို့အသုံးပြုနေကြောင်း စိစစ်ကြပ်မတ်ပေးသင့်သည်။ (သု. ၂၉:၁၅) သူစိမ်းတစ်ဦးကို မိမိတို့အိမ်သို့ ဖိတ်ခေါ်ခြင်း သို့မဟုတ် သူ့ကို မိမိတို့သားသမီးများနှင့်အတူရှိနေစေခြင်းသည် အလွန်အန္တရာယ်ရှိပေမည်။ ထိုနည်းတူ ယေဟောဝါသက်သေများဟုပင်ဆိုမည့် သူစိမ်းများနှင့် အင်တာနက်တွင် မိတ်ဆွေဖွဲ့ခြင်းသည် ကျွန်ုပ်တို့အတွက်ကော၊ သားသမီးများအတွက်ပါ အန္တရာယ်ရှိပါသည်။—သု. ၂၂:၃။