ကျွန်ုပ်တို့သည် သတင်း ကောင်း ကိုဟောပြောကြ
၁ “ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်း [“သတင်းကောင်း၊” ကဘ]” ကိုသယ်ဆောင်သူများဖြစ်ရခြင်းသည် အလွန်ထူးမြတ်သည့်အခွင့်အရေးပါတကား! (ရော. ၁၀:၁၅) ဗယောက်ဗယက်နှင့် စိတ်ပျက်ဖွယ်အခြေအနေများ ဝန်းရံနေသည့်လူတို့ကိုဝေငှရန် လန်းဆန်းမှုပေးသည့်သတင်းတရားကို ကျွန်ုပ်တို့ရရှိထားကြသည်။ “သာ၍ကောင်းသောအရာ၏သတင်း ကောင်း” ကိုကျွန်ုပ်တို့ဝေငှနေကြောင်း သူတို့အသိအမှတ်ပြုရန် ကျွန်ုပ်တို့မည်သို့ကူညီနိုင်သနည်း။—ဟေရှာ. ၅၂:၇၊ ကဘ။
၂ အပြုသဘောဆောင်သောသတင်းတစ်ခုကိုပြင်ဆင်ပါ– တည်ဆောက်မှုဖြစ်စေသောအရာများအပေါ် အာရုံစိုက်မည်ဆိုလျှင် ဓမ္မအမှုတွင် ကျွန်ုပ်တို့ပြောဆိုသည့်စကားများသည် ကောင်းကျိုးသက်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တင်ဆက်မှုကို ပြင်ဆင်သောအခါနှင့် ကျွန်ုပ်တို့ဝေငှမည့်စာပေကိုသုံးသပ်သောအခါ သတင်းတရား၏ အပြုသဘောဆောင်သောအသွင်များကို ပေါ်လွင်စေဖို့လိုသည်။ (သု. ၁၅:၂၈က) ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို ယုံကြည်စိတ်ချမှုနှင့် စိတ်ထက်သန်မှုတို့ဖြင့် ဝေငှခြင်းအားဖြင့် အားရှိစရာအကျိုးရလဒ်များကို ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။—သု. ၂၅:၁၁။
၃ ပိုမိုဆိုးရွားလာသောကမ္ဘာ့အခြေအနေများသည် သူတို့ကိုမည်သို့ထိခိုက်နေကြောင်း လူတို့ဖွင့်ဟပြောပြကြသည့်အခါ ကျွန်ုပ်တို့စာနာထောက်ထားကြသော်လည်း လူ့ပြဿနာများ၏စစ်မှန်သောဖြေရှင်းနည်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကို သူတို့အား ကျွန်ုပ်တို့ညွှန်ပြသင့်သည်။ ကျွန်ုပ်တို့သည် လာမည့်ယေဟောဝါ၏ “လက်စားချေရာနေ့” အကြောင်းကို ဆွေးနွေးသည့်အခါ၌ပင် ယင်းသည် မည်သို့အားဖြင့် “စိတ်နှိမ့်ချသောသူတို့အတွက်သတင်းကောင်း” အမှန်တကယ်ဖြစ်ကြောင်းကို တင်ပြလိုကြသည်။ (ဟေရှာ. ၆၁:၁၊ ၂၊ ကဘ) ယေဟောဝါလုပ်ဆောင်လေသမျှသည် အဆုံးတွင် အကြီးမားဆုံးသောပျော်ရွှင်မှုနှင့် အကောင်းဆုံးအကျိုးရလဒ်ကို ရရှိစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏နားထောင်သူများကို စိတ်ချစေနိုင်သည်။
၄ တကယ့်ရွှင်လန်းမှုဖြင့် သမ္မာတရားကိုတင်ဆက်ပါ– လူတို့သည် ကျွန်ုပ်တို့၏ရွှင်လန်းသောမျက်နှာထားနှင့် ယုံကြည်စိတ်ချမှုရှိသောအသံနေအသံထားကို သတိပြုမိသည့်အခါ ပို၍နားထောင်လိုပေမည်။ (နေဟမိ ၂:၂ နှိုင်းယှဉ်။) အကောင်းမြင်သဘောထားကို ထင်ရှားပေါ်လွင်စေမည်ဆိုလျှင် ကျွန်ုပ်တို့သည် “မျှော်လင့်ခြင်း၌ဝမ်းမြောက်” ကြောင်း ကျွန်ုပ်တို့၏နားထောင်သူများ သတိထားမိမည်ဖြစ်သည်။ သူတို့သည် သတင်းကောင်းကိုတုံ့ပြန်လိုစိတ် ပိုရှိလာပေမည်။ (ရော. ၁၂:၁၂၊ ကဘ) ကျွန်ုပ်တို့ဓမ္မအမှု၏အသွင်တိုင်းတွင် အပြုသဘောဆောင်သော၊ ရွှင်လန်းသောသဘောထားကို အစဉ်တင်ပြရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိသည်မှာအမှန်ပင်။
၅ သတင်းကောင်း၏ဓမ္မအမှုဆောင်များအနေဖြင့် ကျွန်ုပ်တို့သည် သတင်းပေးပြောကြားခြင်းထက်မက လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းသည် ယခုသာမက အနာဂတ်တွင်ပါ သေချာသည့် သာ၍ကောင်းသောအသက်တာမျှော်လင့်ချက်ကိုပေးသည်။ (၁ တိ. ၄:၈) လူတစ်ဦးစီကိုချဉ်းကပ်စဉ် အပြုသဘောဆောင်သည့်စိတ်ထားသည် ကျွန်ုပ်တို့ပြောသည့်စကားတွင် ထင်ရှားပေါ်လွင်မည်ဖြစ်ပြီး ယင်းက သတင်းကောင်းကိုလက်ခံရန် လူတို့ကိုကူညီပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့ပြောဆိုသည့်စကားနှင့် ကျွန်ုပ်တို့ပြောဆိုပုံတို့ကို ဂရုစိုက်ခြင်းဖြင့် ကျွန်ုပ်တို့ဟောပြောသည့် စိတ်လှုပ်ရှားဖွယ်သတင်း ကောင်း ကိုလက်ခံရန် နှလုံးရိုးဖြောင့်သူများအား လှုံ့ဆော်ပေးကြစို့!