‘ပျော်ရွှင်သောဘုရား’ ယေဟောဝါကို တုပလော့
၁ ယေဟောဝါသည် လူတို့ကို အမှန် ပျော်ရွှင်စေလိုတော်မူသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်က လူသားများရရှိမည့် အံ့ချီးဖွယ်ကောင်းချီးများကို မျှော်လင့်နေစေသည်။ (ဟေရှာ. ၆၅:၂၁-၂၅) ‘ပျော်ရွှင်တော်မူသောဘုရားသခင်၏ ဘုန်းကြီးသောဧဝံဂေလိတရား’ ကိုဝေမျှစဉ် ကျွန်ုပ်တို့ပျော်ရွှင်ကြကြောင်း အခြားသူတို့ အထင်အရှားတွေ့မြင်သင့်သည်။ (၁ တိ. ၁:၁၁၊ ကဘ) နိုင်ငံတော်သတင်းတရားကို ကျွန်ုပ်တို့တင်ဆက်ပုံက အမှန်တရားကိုမြတ်နိုးကြောင်း၊ ကျွန်ုပ်တို့ဟောပြောနေသူတို့ကို အမှန်စိတ်ဝင်စားကြောင်း ပေါ်လွင်စေသင့်သည်။—ရော. ၁:၁၄-၁၆။
၂ အမြဲတမ်းပျော်ရွှင်ဖို့ မလွယ်ကူသည်မှာ မှန်ပါသည်။ အချို့ရပ်ကွက်များတွင် နိုင်ငံတော်သတင်းတရားကိုတုံ့ပြန်သူ အလွန်နည်းပေမည်။ ကျွန်ုပ်တို့ကိုယ်တိုင်၏ ခက်ခဲသောအခြေအနေများကို ရင်ဆိုင်ဖြေရှင်းနေရချိန်များလည်း ရှိပေမည်။ သို့သော် ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့သည် နိုင်ငံတော်သတင်းကောင်းကြားရန်နှင့် ယင်း၏အဓိပ္ပာယ်ကို နားလည်ရန် အရေးတကြီးလိုအပ်နေကြောင်းကိုသာ အာရုံစိုက်ထားမည်ဆိုလျှင် ပျော်ရွှင်နေနိုင်မည်ဖြစ်သည်။ (ရော. ၁၀:၁၃၊ ၁၄၊ ၁၇) ယင်းအချက်ကို တွေးတောဆင်ခြင်ခြင်းက ကယ်တင်ခြင်းအတွက် ယေဟောဝါ၏ကရုဏာပါ ပြင်ဆင်ပေးချက်များကို ဟောပြောစဉ် ကျွန်ုပ်တို့ကို ပျော်ရွှင်နေစေမည်။
၃ သတင်းကောင်းကိုသာ အာရုံစိုက်ပါ– ကျွန်ုပ်တို့ပြောဆိုသည့်အရာကို အာရုံစိုက်ဖို့လည်းလိုသည်။ လူတို့စိတ်ဝင်စားနေသည့် ပြဿနာတစ်ခုခု၊ သတင်းတစ်ခုခုဖြင့် စဟောမည်ဖြစ်သော်လည်း ထိုသတင်းဆိုးများကိုသာ မလိုအပ်ဘဲပြောနေခြင်းမျိုးကို ရှောင်ရမည်။ ကျွန်ုပ်တို့၏တာဝန်မှာ “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကိုကြားပြော” ရန်ဖြစ်သည်။ (ဟေရှာ. ၅၂:၇; ရော. ၁၀:၁၅) ထိုသတင်းကောင်းသည် တောက်ပသောအနာဂတ်နှင့်ပတ်သက်သည့် ဘုရားသခင့်ကတိတော်များအပေါ် အခြေခံသည်။ (၂ ပေ. ၃:၁၃) ယင်းကိုစိတ်စွဲမှတ်လျက် “နှလုံးကြေကွဲသောသူတို့၏အနာကိုစည်း” ပေးရန် ကျမ်းစာကို အသုံးပြုပါ။ (ဟေရှာ. ၆၁:၁၊ ၂) ယင်းက ကျွန်ုပ်တို့တစ်ဦးစီကို ရွှင်လန်းနေစေပြီး အပြုသဘောပါပါ ပြုမူပြောဆိုစေမည်။
၄ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်စဉ် ကျွန်ုပ်တို့၏ပျော်ရွှင်မှုကို လူတို့ မလွဲမသွေ သတိပြုမိပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့ကို နိုင်ငံတော်သတင်းကောင်း ဝေမျှစဉ် ‘ပျော်ရွှင်သောဘုရား’ ယေဟောဝါအား အမြဲတုပ ကြပါစို့။