သင့်ကိုယ်ကိုအကျိုးပြုနေသလော
၁ ယနေ့သန်းပေါင်းများစွာသောသူတို့သည် ပြဿနာများကို အောင်မြင်ကျော်လွှားကာ ပျော်ရွှင်သည့်အသက်တာမည်သို့ရရှိနိုင်ကြောင်း သိလိုကြသည်။ သူတို့၏ဘဝအသက်တာ သာ၍တိုးတက်ကောင်းမွန်စေနိုင်ပုံနှင့်စပ်လျဉ်း၍ အကြံဉာဏ်ရရန် လမ်းညွှန်စာအုပ်များဖတ်ကြသည် သို့မဟုတ် အသင်းအဖွဲ့များကို အားကိုးကြသည်။ အချို့သူတို့သည် သူတို့ရခဲ့သည့် အကျိုးကျေးဇူးအနည်းအကျဉ်းကို ထောက်ပြနိုင်ကြပေမည်။ သို့သော် ယနေ့ဘဝအရည်အသွေးကို အကဲဖြတ်ကြည့်သည့်အခါ လူတို့သည် ယေဘုယျအားဖြင့် လူ့သွန်သင်ပို့ချမှုအစီအစဉ်များမှတစ်ဆင့် ငြိမ်းချမ်းပြီး အလွန်ကျေနပ်ရောင့်ရဲသောအသက်တာများကို မွေ့လျော်ရန် သင်ယူခဲ့ကြပြီလော။ သင်ယူဖို့ဝေးစွ!—၁ ကော. ၃:၁၈-၂၀။
၂ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် နားထောင်မည့်သူအားလုံးအား အကူအညီအဖြစ်ဆုံးသောသွန်သင်ချက်ကို အခမဲ့ပေးတော်မူ၏။ ယေဟောဝါသည် မိမိ၏သွန်သင်ခြင်းမှ ယောက်တိုင်းအကျိုးခံစားရဖို့အလိုတော်ရှိ၏။ ကိုယ်တော်သည် လူသားများအား ဖြောင့်မှန်စွာလမ်းပြရန် မိမိ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကို ရက်ရောစွာစီစဉ်ပေးခဲ့ပြီး မိမိ၏နိုင်ငံတော်သတင်းကောင်းကို မြေတစ်ပြင်လုံးတွင်ကြေညာစေတော်မူခဲ့သည်။ (ဆာ. ၁၉:၇၊ ၈; မ. ၂၄:၁၄; ၂ တိ. ၃:၁၆) အမှန်ပျော်ရွှင်သောအသက်တာသည် ယေဟောဝါ၏ပညတ်တော်များကို ဂရုပြုစောင့်ရှောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။—ဟေရှာ. ၄၈:၁၇၊ ၁၈။
၃ ယေဟောဝါ၏လမ်းညွှန်မှုသည် လောက ကကမ်းလှမ်းသည့် မည်သည့်လမ်းညွှန်စာအုပ် သို့မဟုတ် ကိုယ်အားကိုယ်ကိုးစီမံကိန်းများထက်မဆို များစွာသာလွန်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နှုတ်ကပါဌ်တော်တွင်ဖော်ပြပြီး ကိုယ်တော့်အဖွဲ့အစည်းမှသွန်သင်ပေးသည့်အတိုင်း ကိုယ်တော့်ပြင်ဆင်ပေးမှုများကို အပြည့်အဝအသုံးချမည်ဆိုလျှင် စစ်မှန်သောအကူအညီနှင့် တည်မြဲသောအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။—၁ ပေ. ၃:၁၀-၁၂။
၄ အသင်းတော်အစည်းအဝေးများတွင် သင်ကိုယ်တိုင်အကျိုးခံစားပါ– ယနေ့ ယေဟောဝါသည် မိမိ၏နည်းလမ်းတော်များကို ကျွန်ုပ်တို့အားသင်ကြားပေးဖို့ အမှန်စိတ်ဝင်စားပြီး ကျွန်ုပ်တို့သည် ကိုယ်တော့်သွန်သင်ချက်ကို အာရုံစိုက်ခြင်းဖြင့် အကျိုးခံစားကြရသည်။ ကျွန်ုပ်တို့၏အပတ်စဉ်အစည်းအဝေးငါးခုက ယေဟောဝါ၏မေတ္တာပါသောအရေးစိုက်မှုကို သက်သေထူသည်။ အသင်းတော်အစည်းအဝေးများကို တက်သည့်အခါ ကျွန်ုပ်တို့၏ဘုရားသခင်အားသိကျွမ်းခြင်းပညာတိုးလာသည်။ ယေဟောဝါနှင့်နီးနီးကပ်ကပ်ရှိနေခြင်းဖြင့် ဆိုးညစ်မှုများမှ ကိုယ့်ကိုယ်ကိုမည်သို့ကာကွယ်ရမည်ကို ကျွန်ုပ်တို့သင်ယူသိရှိကြသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏စိတ်ဓာတ်မြှင့်တင်ခံရသည်။
၅ ထိုထက်မကရှိပါသေးသည်။ ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများတွင် “ကျယ်ဝန်းသောစိတ်” ရှိနိုင်ပါသည်။ (၂ ကော. ၆:၁၃) ယင်းတွင် အသင်းတော်ရှိအခြားသူများကို သိကျွမ်းခြင်းပါဝင်သည်။ ရောမစာစောင်တွင် တမန်တော်ပေါလုရေးသားခဲ့သကဲ့သို့ အပြန်အလှန်အားပေးမှုမှ ကျွန်ုပ်တို့အကျိုးခံစားကြရသည်။ (ရော. ၁:၁၁၊ ၁၂) ဟေဗြဲသြဝါဒစာကိုရေးသည့်အခါ ခရစ်ယာန်ပေါင်းသင်းမှုကို ရှောင်လွှဲသည့်အလေ့အထရှိနိုင်သူများအား အပြင်းအထန်သတိပေးနှိုးဆော်ခဲ့သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၆ အသက်ရှင်ရာတွင် အားရကျေနပ်မှုခံစားရခြင်းသည် အခြားသူများ၏အကျိုးကို စိတ်ဝင်စားခြင်းနှင့် တိုက်ရိုက်ဆက်စပ်သည်။ ကျွန်ုပ်တို့သည် အခြားသူများကိုပျော်ရွှင်စေရန် နည်းလမ်းများရှာကြံဖို့ အားပေးခံရကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့၏အကျိုးနှင့် ကျွန်ုပ်တို့နှင့်အကျိုးရှိရှိပေါင်းသင်းမှုပြုနေသူများ၏ အကျိုးအတွက်ဖြစ်သည်မှာအမှန်ပင်။ ကျွန်ုပ်တို့ဘက်မှလိုအပ်သည့်အရာမှာ လှိုက်လှိုက်လှဲလှဲပါဝင်ခြင်းဖြစ်သည်။
၇ တိမောသေအားပေးသည့် တမန်တော်ပေါလု၏သွန်သင်ချက်တွင် အလားတူအချက်ကို သူဤသို့ရေးသားဖော်ပြခဲ့သည်– “ဘုရားဝတ်၌မွေ့လျော်တတ်ရန် မိမိကိုယ်ကိုလေ့ကျင့်ပေးလော့။” (၁ တိ. ၄:၇၊ သက) ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ငါ့ကိုယ်ငါလေ့ကျင့်ပေးနေသလား၊ အသင်းတော်အစည်းအဝေးတွေမှာ ကြားရတဲ့အရာတွေကနေ အကျိုးခံစားရဖို့ ငါ သင်ယူနေသလား။’ အစည်းအဝေးများတွင်ကြားရသည့်အရာများကို အာရုံစိုက်ပြီး သင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးဖို့ကြိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့၏အဖြေများသည် ဟုတ်ကဲ့ဟူ၍ဖြစ်ပါမည်။ ကျွန်ုပ်တို့သည် သွန်သင်နေသောညီအစ်ကိုများနောက်ဝယ် ယေဟောဝါသည် မိမိလူမျိုးတော်၏မဟာသွန်သင်ရှင်အဖြစ်ရှိနေသည်ကို ယုံကြည်ခြင်းမျက်စိဖြင့် ရှုမြင်နိုင်ရမည်ဖြစ်သည်။—ဟေရှာ. ၃၀:၂၀။
၈ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေး– ဤအစည်းအဝေးနှစ်ခုသည် ခရစ်ယာန်ဓမ္မအမှုတွင် ထိရောက်မှုရှိရန် ကျွန်ုပ်တို့ကိုကူညီပေးဖို့ရည်ရွယ်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း—သွန်သင်ချက်ကို ကျောင်းသားများမှန်မှန်ရရှိသည့်ကျောင်း—သည် ထိုအတိုင်းလုပ်ဆောင်ပေးနေ၏။ သင်သည် လူအများရှေ့ဟောပြောသူတစ်ဦးအဖြစ်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုသွန်သင်သူတစ်ဦးအဖြစ် သင်၏တိုးတက်မှုကို ထင်ရှားပြသခွင့်ရရှိထားသည်။ သို့သော် ကျောင်းမှအကျိုးအများဆုံးရရှိရန် စာရင်းသွင်း၍ တက်ရောက်ပြီး မှန်မှန်ပါဝင်ကာ သင်ရရှိသည့်တာဝန်များကို စိတ်ပါလက်ပါလုပ်ဆောင်ရမည်ဖြစ်သည်။ ပေးလာသည့်သွန်သင်ချက်ကို လက်ခံကျင့်သုံးခြင်းက သင့်အား တိုးတက်စေပါလိမ့်မည်။
၉ လုပ်ငန်းတော်စည်းဝေးက ကျွန်ုပ်တို့အား ခရစ်ယာန်ဓမ္မအမှု၏အရေးကြီးမှုကို သင်ပေးပြီး တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မည်သို့ပါဝင်နိုင်ပုံကို တင်ပြသည်။ သင်နှင့် သင့်မိသားစုသည် ဤအစည်းအဝေးနှစ်ခုတွင်တင်ဆက်သည့်အရာများမှ အကျိုးအပြည့်အဝရရှိနေပါသလော။ ခရစ်ယာန်မောင်နှံတစ်စုံက “မိသားစုလိုက်နေ့စဉ်ကျမ်းချက်သုံးသပ်သင့်ကြောင်း လုပ်ငန်းတော်စည်းဝေးတစ်ခုမှာ ကျွန်တော်တို့ကြားခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့မလုပ်ခဲ့ကြပေမဲ့ အခုတော့ လုပ်နေပါပြီ” ဟုဆိုသည်။ သူတို့မည်သို့အကျိုးခံစားခဲ့ရသနည်း။ သူတို့ဤသို့ဝန်ခံသည်– “ထမင်းစားပွဲဝိုင်းမှာ စကားလက်ဆုံပြောရတာ ပိုပြီးပျော်စရာဖြစ်လာတာကိုတွေ့ရတယ်။ ညစာစားချိန်မှာ အငြင်းအခုံလုပ်တာမရှိတော့ဘူး။” ကလေးငယ်များပင် အစည်းအဝေးများမှ အကျိုးခံစားရသလော။ ခံစားရပါသည်။ မိခင်ဖြစ်သူတစ်ဦးက ဤသို့ဆိုသည်– “အစည်းအဝေးတွေဟာ ကျွန်မတို့ရဲ့ကလေးတွေအပေါ် အလွန်အကျိုးသက်ရောက်မှုရှိတာထင်ရှားတယ်။ တစ်ခုသောရက်သတ္တပတ်မှာ ကျွန်မတို့ရဲ့ခြောက်နှစ်သားလေး လိမ်ညာပြောနေတာကို ကျွန်မတို့ကြားရတယ်။ ဒါပေမဲ့ အဲဒီအပတ်အစည်းအဝေးမှာ ဟောပြောချက်က မုသားပြောတာနဲ့ပတ်သက်နေတယ်။ ကျွန်မတို့ရဲ့သားလေးဟာ မလုံမလဲနဲ့ ဖခင်မျက်နှာကိုကြည့်ပြီး သူ့ရဲ့ထိုင်ခုံမှာ ခေါင်းငိုက်စိုက်နဲ့ထိုင်နေတယ်။ သူသဘောပေါက်သွားပြီး အဲဒီနောက် ဘာပြဿနာမှမရှိတော့ဘူး။”
၁၀ ရှေ့ဆောင်ညီအစ်မတစ်ဦးက လုပ်ငန်းတော်စည်းဝေးတွင် ကျွန်ုပ်တို့၏ဓမ္မအမှုကိုတိုးတက်စေရန် အကြံပြုချက်များပေးသည့်အတွက် သူဝမ်းမြောက်သည်ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ သူဤသို့ရှင်းပြသည်– “ကျွန်မဟာ လုပ်ရိုးလုပ်စဉ်အတိုင်းအမှုဆောင်တယ်။ တစ်ခါတလေ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာ အကြံပြုထားတာတွေဟာ အထမြောက်မှာမဟုတ်ဘူးလို့ ကျွန်မစဉ်းစားမိတယ်။ ဒါပေမဲ့ လုပ်ငန်းတော်စည်းဝေးမှာ အကြံပြုချက်တွေကိုစမ်းကြည့်သင့်တယ်လို့ ကျွန်မကြားရတဲ့အခါ လက်တွေ့အသုံးချဖို့ အားတက်လာတယ်။ အမှုဆောင်ရတာ ပျော်စရာဖြစ်လာတယ်!” သူသည် ဦးဆုံးလည်ပတ်ချိန်တွင် ကျမ်းစာသင်အံမှုစရန် ကြိုးစားကြည့်ပါဟူသောအကြံပြုချက်ကို သီတင်းပတ်အတန်ကြာအသုံးချပြီးနောက် အကူအညီအတွက်ဆုတောင်းနေသည့် အမျိုးသမီးတစ်ဦးနှင့် ဦးဆုံးလည်ပတ်ချိန်တွင် သင်အံမှုစခဲ့ရသည်။
၁၁ သင်ပြုရမည့်ကိုယ်ပိုင်ရွေးချယ်မှုများနှင့်ဆိုင်သည့် ကျမ်းစာအကြံပြုချက်ပါဝင်သော ဟောပြောချက်တစ်ခုကို ကြားရသည့်အခါ သင့်ကို ယေဟောဝါတိုက်ရိုက်စကားပြောနေသည်ဟု ခံစားရသလော။ ညီအစ်ကိုတစ်ဦး ထိုသို့ခံစားခဲ့ရသည်။ သူဤသို့ဆိုသည်– “မကြာသေးမီက အစည်းအဝေးတစ်ခုမှာ ညီအစ်ကိုတစ်ဦးက ခရစ်ယာန်တွေအတွက် ဘယ်လိုမျိုးဖျော်ဖြေမှုက သင့်လျော်ပြီး ဘယ်လိုမျိုးဖျော်ဖြေမှုက မသင့်လျော်ကြောင်း ဟောပြောချက်ထဲမှာ ဆွေးနွေးသွားတယ်။ ရုပ်မြင်သံကြားကလွှင့်တဲ့ လက်ဝှေ့ပွဲကြည့်တာ ကျွန်တော်ဝါသနာပါတယ်။ ဒါပေမဲ့ အဲဒီစည်းဝေးပြီးတဲ့နောက် ဒီအားကစားဟာ ခရစ်ယာန်တွေအတွက် မသင့်လျော်တဲ့ဖျော်ဖြေမှုမျိုးဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် အဲဒါကို ဘယ်တော့မှမကြည့်တော့ဘူး။” မှန်ပါသည်၊ ဤညီအစ်ကိုသည် အကြမ်းဖက်သည့်အရာကို နှစ်သက်မြတ်နိုးခဲ့သော်လည်း ယေဟောဝါ၏လမ်းပြမှုကို နှိမ့်ချစွာတုံ့ပြန်ခဲ့သည်။—ဆာ. ၁၁:၅။
၁၂ လူထုအစည်းအဝေး၊ ကင်းမျှော်စင်သင်တန်းနှင့် စာအုပ်ကြီးသင်တန်း– အပတ်တိုင်းကျွန်ုပ်တို့ကြားရသည့် လူထုဟောပြောချက်များသည် ကျမ်းစာအကြောင်းအရာအမျိုးမျိုးကို ခြုံငုံမိသည်။ ဤဟောပြောချက်များမှ သင် ဘာရရှိသနည်း။ ခရစ်ယာန်လင်သားတစ်ဦးက သူရရှိခဲ့သည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လူထုဟောပြောချက်တစ်ခုက ဝိညာဉ်အသီးအားလုံးကို ပေါ်လွင်စေခဲ့တယ်။ ဟောပြောသူက သူဟာ ဒီအသီးတွေကိုသီးနိုင်ဖို့ သူကိုယ်တိုင်အရည်အသွေးတစ်ခုကိုရွေးပြီး အဲဒါကိုတစ်ပတ်ကြိုးစားတယ်ဆိုပြီး ပြောပါတယ်။ တစ်ပတ်ကုန်တဲ့အခါ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အဲဒီအသီးကိုသီးဖို့ သူဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ ပြန်သုံးသပ်တယ်။ အဲဒီနောက် နောက်တစ်ပတ်မှာ နောက်အရည်အသွေးတစ်ခုကိုကြိုးစားတယ်။ အဲဒီအယူအဆကို ကျွန်တော်သဘောကျပြီး ကျွန်တော်ကိုယ်တိုင် အဲလိုလုပ်ခဲ့တယ်။” သင်ယူသိရှိခဲ့ရာကို ကောင်းစွာကျင့်သုံးခြင်းပါတကား!
၁၃ ကင်းမျှော်စင် သင်တန်းသည် ဘဝအခြေအနေအမျိုးမျိုးတွင် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးရန် ကျွန်ုပ်တို့ကိုသွန်သင်ပေးသည်။ ယင်းက ဘဝ၏စိုးရိမ်ပူပန်မှုများရှိလင့်ကစား စိတ်နှလုံးငြိမ်သက်မှုရှိစေရန် ကူညီပေးသည်။ ကင်းမျှော်စင် သင်တန်းသည် အဆင့်ဆင့်တိုးတက်နေသောသမ္မာတရားကိုလည်း လိုက်မီစေသည်။ ဥပမာ၊ မေ ၁၊ ၁၉၉၉ ကင်းမျှော်စင် ဆောင်းပါးများဖြစ်သည့် “ထိုအမှုအရာများသည် ဖြစ်ရမည်၊” “ဖတ်ရှုသူသည် ပိုင်းခြားသိမြင်မှုကိုသုံးပါလေ” နှင့် “သတိဝီရိယရှိလော့!” တို့ကိုလေ့လာရာမှ ကျွန်ုပ်တို့အကျိုးခံစားခဲ့ရသည်မဟုတ်လော။ ဤလေ့လာမှုများက သင်ကိုယ်တိုင်အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။ အနာဂတ်နှင့်ပတ်သက်၍ ယေရှု၏သတိပေးချက်ကိုနှလုံးသွင်းကြောင်း သင့်အပြုအမူများဖြင့်တင်ပြသလော။ “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်” နေသည်ကို မြင်ရသည့်အခါ ရှေ့တွင်ကြုံရမည့် စုံစမ်းမှုများအတွက် အသင်ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားသလော။ (မ. ၂၄:၁၅-၂၂) ရုပ်ပစ္စည်းများစုဆောင်းခြင်းမဟုတ်ဘဲ ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းသည် သင့်အတွက် အရေးကြီးဆုံးအရာဖြစ်ကြောင်း သင့်ပန်းတိုင်များနှင့် ဘဝလမ်းစဉ်က တင်ပြသလော။ ကင်းမျှော်စင် သင်တန်းတွင် ယခုပင် ကျွန်ုပ်တို့ကိုယ်တိုင်အကျိုးခံစားရဖို့ သင်ယူနေကြသည်မဟုတ်လော။
၁၄ အပတ်စဉ်အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ကျွန်ုပ်တို့မည်မျှသင်ယူသိရှိရသည်ကို စဉ်းစားကြည့်ပါ။ ယခု ဗျာဒိတ်ကျမ်းကို ကျွန်ုပ်တို့လေ့လာနေကြသည်။ ထိုကျမ်းစောင်ကိုလေ့လာခဲ့သည့် လေးလတာအတွင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အပတ်စဉ်တိုးပွားလာသည်ကို တွေ့ခဲ့ရပြီမဟုတ်လော။ ကျွန်ုပ်တို့သည် ယေရှုချစ်မြတ်နိုးသောတမန်တော်ယောဟန်ကဲ့သို့ ကြံ့ကြံ့ခံနိုင်ရန် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကြသည်။
၁၅ ယေဟောဝါသည် ရွှင်လန်းစွာအသက်ရှင်ရန် ကျွန်ုပ်တို့ကိုသင်ပေး– ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်များကို ဂရုပြုစောင့်ရှောက်လျှင် အလွန်နှလုံးနာကျင်မှုကို ရှောင်နိုင်ကြသည်။ ထို့အပြင် ရွှင်လန်းစွာအသက်ရှင်ခြင်းသည် ဘာကိုဆိုလိုသည်ကို တွေ့ ကြုံသိရှိရသည်။ ယေဟောဝါ၏လမ်းပြမှုကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်လုပ်ငန်းတွင် ရှုမြင်သူမျှသာမဟုတ်ဘဲ ပါဝင်လုပ်ဆောင်သူများဖြစ်လာသည်။ ထို့အပြင် ဘုရားသခင့်အမှုတော်ကိုဆောင်ရွက်သူများသည် ပျော်ရွှင်သူများဖြစ်ကြသည်။—၁ ကော. ၃:၉; ယာ. ၁:၂၅။
၁၆ အသင်းတော်အစည်းအဝေးများတွင် ကြားနာရသည့်အရာများအား သင်မည်သို့ကျင့်သုံးမည်ကို နိုးကြားစွာစဉ်းစားပါ။ (ယော. ၁၃:၁၇) ဘုရားသခင့်အမှုတော်ကို သင့်နှလုံးအကြွင်းမဲ့နှင့် အားတက်သရောဆောင်ရွက်ပါ။ သင် အကြီးအကျယ်ရွှင်လန်းရပါလိမ့်မည်။ သင့်အသက်တာသည် တိုးတက်ကောင်းမွန်ပြီး ပို၍အဓိပ္ပာယ်ရှိလာမည်ဖြစ်သည်။ မှန်ပါသည်၊ သင်ကိုယ်တိုင် အကျိုးခံစားရပါလိမ့်မည်။