“ကျွန်ုပ်ပြောင်းရွှေ့သင့်သလော”
၁ ‘သွား၍ လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ကြလော့ဟူသော ယေရှု၏အမိန့်တော်ကိုတုံ့ပြန်ရာတွင် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များစွာသည် သာ၍လိုအပ်သည့်နေရာများတွင်အမှုဆောင်ရန် ပြောင်းရွှေ့ခဲ့ကြသည်။ (မ. ၂၈:၁၉) သူတို့သည် “မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကိုမစပါ” ဟူသောဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့သည့်ပေါလုကို တုပနေကြခြင်းဖြစ်သည်။ (တ. ၁၆:၉) လက်တွေ့ကျသောနည်းဖြင့် ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။
၂ တစ်လှမ်းချင်းတက်လှမ်းပါ– သင့်အသင်းတော်တွင် ရံဖန်ရံခါသာအမှုဆောင်သည့်ရပ်ကွက် ရှိသလော။ ရှိလျှင် ထိုဒေသများကို သင် ကြိုးစား၍ အာရုံစိုက်ပေမည်။ တစ်နေရာရာသို့သွားရန်မဆုံးဖြတ်မီ သင်သည် ပြောင်းရွှေ့ရန်အသင့်ဖြစ်နေသည်ဟု အကြီးအကဲများယူမှတ်သည်၊ မယူမှတ်သည်ကိုသိရန် ၎င်းတို့နှင့်တိုင်ပင်ပါ။ သင့်ဓမ္မအမှုကိုတိုးချဲ့နိုင်သည့် အနီးအနားအသင်းတော်တစ်ခုကိုသိသလောဟု သင့်တိုက်နယ်ကြီးကြပ်မှူးကိုလည်း မေးမြန်းနိုင်သည်။ အခြားတစ်ဖက်တွင်မူ ကုန်ကျစရိတ်ကို သေသေချာချာတွက်ချက်ပြီးနောက် နိုင်ငံအတွင်းတစ်နေရာရာတွင် သို့မဟုတ် အခြားတိုင်းပြည်တစ်ခုတွင် ကူညီပေးခြင်းကို သင် သုံးသပ်လိုပေမည်။ သင်သည် ထိုသို့ပြုရန်ဆန္ဒရှိနေလျှင် သင့်သီအိုကရက်တစ်နောက်ခံကို တင်ပြလျက် သင့်အကြီးအကဲများအဖွဲ့နှင့်အတူ သင်အမှုဆောင်လိုသောနေရာရှိဌာနခွဲရုံးသို့ စာရေးသင့်သည်။ အတည်ပြောင်းရွှေ့မည်၊ မပြောင်းရွှေ့မည်ကိုမဆုံးဖြတ်မီ ထိုဒေသသို့ သွားရောက်လည်ပတ်ခြင်းသည် ပညာရှိရာရောက်ပေမည်။
၃ တိုင်းတစ်ပါးသို့ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ သတိရှိပါ– သာ၍ကောင်းသောလူနေမှုအဆင့်အတန်း သို့မဟုတ် ဖိနှိပ်ချုပ်ချယ်မှုမှသက်သာရာရဖို့ကြိုးစားနေကြသောကြောင့် အခြားတိုင်းပြည်များသို့ပြောင်းရွှေ့ကြသော ကျွန်ုပ်တို့၏ညီအစ်ကိုများအရေအတွက် တိုးများနေသည်။ ဤအတောအတွင်း အချို့သည် တိုင်းပြည်သစ်တွင်အခြေချရန် ကူညီပေးမည်ဟု ကတိပေးသော်လည်း ငွေကိုသာယူပြီးနောက် သူတို့ကိုစွန့်ခွာသွားကြသည့် မသမာသူများ၏သားကောင်ဖြစ်ခဲ့ကြရသည်။ အဖြစ်အပျက်အချို့တွင် ဤသူများသည် တိုင်းတစ်ပါးမှဝင်လာသူများအား အကျင့်ပျက်ကျေးကျွန်ဘဝရောက်အောင် အတင်းအကျပ်ပြုဖို့ ကြိုးစားကြသည့်အထိပင်ဖြစ်သည်။ ငြင်းဆိုသည့်အခါ သူတို့ဝင်ရောက်ခဲ့သည့်နိုင်ငံ၏ပြုသမျှကို ခံရကြသည်။ ဤသို့ဖြင့် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့သူများ၏အခြေအနေသည် မိမိတို့၏မွေးရပ်ဌာနေတွင်ထက် ပိုဆိုးလာသည်။ သူတို့သည် မိမိတို့အတွက် နေရာထိုင်ခင်းစီစဉ်ပေးဖို့ တစ်နည်းနည်းဖြင့်ကူညီရန် ညီအစ်ကိုများအား တောင်းဆိုဖို့ပင် လိုကောင်းလိုမည်ဖြစ်ကာ ကိုယ့်ပြဿနာများ၊ ကိုယ့်အခက်အခဲများနှင့် ရင်ဆိုင်ရုန်းကန်နေကြရသည့် အခြားခရစ်ယာန်မိသားစုများအတွက် ဝန်ထုပ်ဖြစ်စေသည်။ အချို့သောအိမ်ထောင်စုမှ မိသားစုဝင်များသည် ကာယရေးအရ တစ်ဦးနှင့်တစ်ဦးခွဲနေကြရပြီး ထိုသို့မဆင်မခြင်ပြောင်းရွှေ့မှုကြောင့် မိသားစုများ ဝိညာဉ်ရေးအားနည်းလာသည်။—၁ တိ. ၆:၈-၁၁။
၄ သင်သည် ကိုယ်ကျိုးအတွက် ပြောင်းရွှေ့လိုပါက မည်သည့်နေရာတွင်နေရပါစေ ရင်ဆိုင်ရမည့်ပြဿနာများရှိမည်ကို စိတ်ထဲစွဲမှတ်ထားပါ။ အကျွမ်းတဝင်မရှိသည့် ဝန်းကျင်များတွင် အသစ်တစ်ဖန်စတင်ခြင်းထက် သင်သိပြီးသားဘာသာစကားနှင့် ယဉ်ကျေးမှုရှိသည့်နေရာတွင် ပြဿနာများကိုအောင်မြင်နိုင်ရန် ပိုလွယ်ကူပါသည်။