ယေဟောဝါကို တစ်နေ့လုံး ကြောက်ရွံ့လော့
၁ “ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အစမူလဖြစ်၏။” (ဆာ. ၁၁၁:၁၀၊ ကဘ) ယင်းက ကျွန်ုပ်တို့အား ကောင်းမှုများပြုရန်လှုံ့ဆော်ပေးပြီး မကောင်းမှုကိုရှောင်ကြဉ်ရန်ကူညီပေး၏။ (သု. ၁၆:၆) ဤကြောက်ရွံ့မှုသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား အလွန်ကြည်ညိုလေးစားခြင်းဖြစ်ရာ ကိုယ်တော်မနှစ်သက်သည့်အရာနှင့် ကိုယ်တော်အားမနာခံခြင်းတို့ကိုရှောင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ၎င်းကို ကျွန်ုပ်တို့ ပြုစုပျိုးထောင်ရန်လိုအပ်ကာ တစ်နေ့လုံးပြသရန်ဖြစ်၏။—သု. ၈:၁၃။
၂ စာတန့်လောက၏စိတ်ဓာတ်က ၎င်း၏ဆိုးညစ်သောလမ်းစဉ်များနှင့်အညီပြုမူရန် ကျွန်ုပ်တို့ကို နေ့စဉ်နေ့တိုင်း အပြင်းအထန်ဖိအားပေးသည်။ (ဧ. ၆:၁၁၊ ၁၂) ကျွန်ုပ်တို့၏မစုံလင်သောအသွေးအသားသည် အပြစ်ပြုလိုသည့်သဘောရှိပြီး ပင်ကိုအားဖြင့် မကောင်းမှုဘက်တိမ်းညွှတ်တတ်၏။ (ဂလ. ၅:၁၇) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ပညတ်တော်များကိုနာခံရန်၊ ပျော်ရွှင်မှုနှင့် အသက်ရရှိရန် ကိုယ်တော်အား တစ်နေ့လုံးကြောက်ရွံ့ရမည်။—တရား. ၁၀:၁၂၊ ၁၃။
၃ ကျွန်ုပ်တို့အသက်ရှင်နေသည့် ဤအခါသမယအတွင်း တစ်ဦးကိုတစ်ဦး “သာ၍ကြိုးစား” အားပေးနိုင်ရန် အတူတကွစုဝေးကြဖို့ ဟေဗြဲ ၁၀:၂၄၊ ၂၅ တွင် ကျွန်ုပ်တို့ကို သတိပေးဆုံးမထားသည်။ ဤနောက်ဆုံးနေ့ရက်များကို ကျွန်ုပ်တို့ကပ်ကျော်လိုလျှင် အစည်းအဝေးမှန်မှန်တက်ရန် အရေးကြီးသည်။ ဘုရားသခင်မနှစ်သက်မည်ကို ကြောက်ရွံ့ခြင်းက အစည်းအဝေးများကိုတက်ရန်နှင့် ၎င်းတို့၏ရည်ရွယ်ချက်ကို အလွန်တန်ဖိုးထားရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ဘုရားသခင်ကိုကြောက်ရွံ့သူများသည် ခရစ်ယာန်အစည်းအဝေးများတွင်ပါဝင်ရခြင်းကို မြင့်မြတ်သောအခွင့်အရေးတစ်ခုအဖြစ် ယူမှတ်ကြသည်။
၄ နိုင်ငံတော်သတင်းကောင်းဟောပြောရမည်ဟူသော အမိန့်တော်ကိုနာခံခြင်းသည် ဘုရားသခင်အား ကျွန်ုပ်တို့ကြောက်ရွံ့ကြောင်းတင်ပြသည့် နောက်တစ်နည်းဖြစ်၏။ (မ. ၂၈:၁၉၊ ၂၀; တ. ၁၀:၄၂) ဟောပြောခြင်းလုပ်ငန်း၏အဓိကပန်းတိုင်မှာ အခြားသူတို့ ယေဟောဝါအားကြောက်ရွံ့စိတ်မွေးမြူကာ ကိုယ်တော့်အလိုတော်ကို ကျိုးနွံနာခံရန် ကူညီပေးဖို့ဖြစ်သည်။ ပြန်လည်ပတ်မှုများလုပ်ခြင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုများစရန်ကြိုးစားခြင်းနှင့် ဘုရားသခင့်ပညတ်အလုံးစုံကို အခြားသူတို့အား သင်ကြားပေးခြင်းဖြင့် ယင်းကိုကျွန်ုပ်တို့အထမြောက်စေကြသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါကိုကြောက်ရွံ့ကြောင်း၊ ကျွန်ုပ်တို့၏အိမ်နီးချင်းကို ချစ်မြတ်နိုးကြောင်း တင်ပြကြသည်။—မ. ၂၂:၃၇-၃၉။
၅ ဘုရားသခင်ကိုမကြောက်ရွံ့သူများသည် ဝိညာဏရေးရာများအပေါ် ကျေးဇူးတင်လေးမြတ်စိတ်ပြုစုပျိုးထောင်ရန် ပျက်ကွက်ကြပြီး လောက၏သေစေနိုင်သောလေ သို့မဟုတ် စိတ်နေသဘောထားကို လက်မြှောက်အရှုံးပေးကြသည်။ (ဧ. ၂:၁၊ ၂) ကျွန်ုပ်တို့သည် “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြု” မည်ဟု ခိုင်မာသောသန္နိဋ္ဌာန်ချနိုင်ကြပါစေ။ (ဟေဗြဲ ၁၂:၂၈) ဤသို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါကို တစ်နေ့လုံး ကြောက်ရွံ့သူများရရှိမည့်ကောင်းချီးများကို ခံစားရပါလိမ့်မည်။