တိုက်နယ်စည်းဝေးအစီအစဉ်သစ်
ကြောက်ရွံ့ ခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “အထူးသဖြင့် ဘုရားသခင်ကို အလွန်ကြည်ညိုလေးစားပြီး စိုးရွံ့ခြင်း” ဟူ၍ဖြစ်သည်။ ယင်းက “ပညာ၏အစမူလ” အဖြစ် ကျမ်းစာတွင်ရည်ညွှန်းထားသည့် အကျိုးဖြစ်ထွန်းသောကြောက်ရွံ့မှုကို ဖော်ပြသည်။ (ဆာ. ၁၁၁:၁၀၊ ကဘ) ယင်းနှင့်ခြားနားလျက် အခြားသောကြောက်ရွံ့မှုတစ်မျိုးက ကျွန်ုပ်တို့ကိုဝန်းရံထားသည့် စာတန့်လောကကိုစိုးမိုးထားသည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား ကြည်ညိုလေးစားသောကြောက်ရွံ့မှုကို မွေးမြူနေစဉ် ထိုအကျိုးမဖြစ်ထွန်းသောခံစားချက်ကို မည်သို့ရှောင်ရှားနိုင်သနည်း။ ၂၀၀၂ ခုနှစ်လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးအစီအစဉ်သစ်က ယင်းမေးခွန်းကို ဦးတည်ဟောပြောပါမည်။ အဓိကအချက်မှာ ‘ဘုရားသခင်ကိုကြောက်ရွံ့၍ ဘုန်းတော်ကိုချီးမွမ်းကြလော့’ ဟူ၍ဖြစ်သည်။ (ဗျာ. ၁၄:၇) ယေဟောဝါကိုကြောက်ရွံ့ ခြင်းက တစ်ဦးချင်းစီအနေနှင့်ကော အဖွဲ့အစည်းတစ်ရပ်အနေနှင့်ပါ ကျွန်ုပ်တို့ကိုအကျိုးပြုသည့် နည်းများစွာကို ကျွန်ုပ်တို့အား နားလည်စေပါလိမ့်မည်။
ကြောက်ရွံ့ခြင်းဟူသည် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် သတ္တိမရှိခြင်းနှင့် ခက်ခဲသောအခြေအနေများကို ရင်မဆိုင်လိုခြင်းဟူသောသဘောသက်ရောက်သော်လည်း သမ္မာကျမ်းစာက “ယေဟောဝါကိုကြောက်ရွံ့ . . . သူတိုင်းပျော်ရွှင်၏” ဟုဖော်ပြသည်။ (ဆာ. ၁၂၈:၁၊ ကဘ) အစည်းအဝေးအစီအစဉ်က စစ်မှန်သောဝတ်ပြုရေးဆိုင်ရာ စိန်ခေါ်ချက်များကို ကျွန်ုပ်တို့ မည်သို့အောင်မြင်စွာရင်ဆိုင်နိုင်ကြောင်း ဖော်ပြပါလိမ့်မည်။ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်လိုစိတ်ရှိရန် အမှန်တကယ်လှုံ့ဆော်ပေးမည့် အဆိုပါအကျိုးဖြစ်ထွန်းသော ဘုရားသခင်အားကြောက်ရွံ့မှုကို ပြုစုပျိုးထောင်ရန် လူသစ်များအား မည်သို့ကူညီပေးရမည်ကို ကျွန်ုပ်တို့တွေ့ရပါလိမ့်မည်။ (မာ. ၁၂:၃၀) ပထမနေ့သည် “သင်ချစ်မြတ်နိုးရသူများနှင့် သာ၍နီးနီးကပ်ကပ်ရှိလော့” ဟူသော ခရိုင်ကြီးကြပ်မှူး၏ဟောပြောချက်ဖြင့်နိဂုံးချုပ်မည်။ သူသည် ယေဟောဝါ၊ ကျွန်ုပ်တို့၏မိသားစုနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများထံမှ ကျွန်ုပ်တို့ဝေးလွင့်သွားစေရန်ဟူသော မာရ်နတ်၏ကြိုးစားမှုကို မည်သို့ ကျွန်ုပ်တို့နိုးနိုးကြားကြားရှိနိုင်ကြောင်း ရှင်းပြပါလိမ့်မည်။
ဒုတိယနေ့တွင် အပိုင်းလေးပိုင်းပါသည့်အခန်းဆက်ဟောပြောချက်၏ အဓိကအချက်မှာ “လူကိုမဟုတ်၊ ယေဟောဝါကိုကြောက်ရွံ့လော့” ဟူ၍ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့၏ဓမ္မအမှုကိုအပြည့်အဝပြီးမြောက်စေခြင်း သို့မဟုတ် ကျောင်းနှင့်အလုပ်ခွင်တွင် ကျွန်ုပ်တို့၏သစ္စာတည်ကြည်မှုနှင့် ကြည်လင်သောသြတ္တပ္ပစိတ်ထိန်းသိမ်းထားခြင်းတို့ကို အတားအဆီးဖြစ်စေသည့် မည်သည့်ကြောက်ရွံ့မှုကိုမဆို အဘယ်ကြောင့်နှင့် မည်သို့အောင်နိုင်ရမည်ကို ရှင်းပြပေးပါလိမ့်မည်။ “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟူသောလူထုဟောပြောချက်သည် ဗျာဒိတ်အခန်းကြီး ၁၄ တွင်ဖော်ပြထားသည့် ကွင်းဆက်ဖြစ်စဉ်များအပေါ် အခြေခံထားသည်။ တိုက်နယ်စည်းဝေးသည် “ယေဟောဝါကိုကြောက်ရွံ့ခြင်းတွင် ဆက်၍လျှောက်လှမ်းနေလော့” ဟူသော အားရှိစရာညွှန်ကြားချက်ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ စံပြလုပ်ငန်းတော်စည်းဝေး၊ နှစ်ခြင်းဟောပြောချက်နှင့် ကင်းမျှော်စင် သင်တန်းအကျဉ်းချုပ်တို့သည် သင်လွတ်သွားလိုမည်မဟုတ်သည့် အစီအစဉ်၏ ထပ်ဆင့်ပေါ်လွင်ချက်များဖြစ်ကြသည်။ သင်နှင့်အတူတက်ရောက်ဖို့ သင့်ကျမ်းစာသင်သားများကို ဖိတ်ခေါ်ပါ။ နှစ်ခြင်းခံလိုသူမည်သူမဆိုသည် ဖြစ်နိုင်လျှင်ဖြစ်နိုင်ခြင်း ဦးစီးကြီးကြပ်မှူးကို ပြောပြသင့်သည်။ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါအား အကျိုးဖြစ်ထွန်းသောကြောက်ရွံ့မှုကိုပြသကာ ဤအထူးကောင်းမွန်သောအစီအစဉ်၏ မည်သည့်အပိုင်းကိုမျှ မလွတ်စေခြင်းဖြင့် ကိုယ်တော်အား ဂုဏ်တင်လိုကြမည်ဖြစ်သည်!