‘ယေဟောဝါသည် သင်၏အပေါ်မှာ အလင်းထွန်းလင်းတော်မူမည်’
၁ “ကြည့်လော့၊ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ ထူထပ်သောမှောင်မိုက်သည် လူမျိုးတို့ကိုလည်းကောင်း ဖုံးအုပ်သော်လည်း သင်၏အပေါ်မှာ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်ထွန်းလင်းတော်မူ၍ ဘုန်းတော်သည် ထင်ရှားလျက်ရှိ၏။” (ဟေရှာ. ၆၀:၂၊ သမ္မာ) တစ်လောကလုံးမှောင်မိုက်နေချိန်တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အလင်းတော်၌ရှိမည်ဟု ယေဟောဝါမိန့်တော်မူ၏! ကိုယ်တော်သည် မိမိ၏ကတိတော်ကို ကြီးမြတ်ထည်ဝါသောနည်းဖြင့် ပြည့်စုံစေနေသည်။ ကိုယ်တော်သည် သစ္စာရှိပြီး သစ္စာစောင့်သိတော်မူ၏။ ကိုယ်တော်က “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏” ဟုမိန့်တော်မူသည်။ (ဟေရှာ. ၄၈:၁၇ခ) ယနေ့ ယေဟောဝါ၏လူမျိုးသည် ဝိညာဉ်ရေးအရ အလျှံပယ်ကျွေးမွေးခံနေရသည်။
၂ ဤမျက်မှောက်ခေတ်တွင် ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့သွန်သင်ကျွေးမွေးတော်မူသနည်း။ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းအားဖြင့်ဖြစ်သည်။ ကိုယ်တော်သည် ကျမ်းစာအခြေပြုစာပေများအားဖြင့် ကျွန်ုပ်တို့ကိုကျွေးမွေးတော်မူ၏။ ကိုယ်တော်သည် အပတ်စဉ်စည်းဝေးများ၊ နှစ်ပတ်လည်စည်းဝေးကြီးများနှင့် အစည်းအဝေးများကို စီစဉ်ပေးထားသည်။ ကင်းမျှော်စင်၊ နိုးလော့! နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု လထုတ်တိုင်းတွင် ယေဟောဝါထံမှ ညွှန်ကြားချက်၊ သွန်သင်ချက်နှင့် အကြောင်းအရာများအပြည့်ပါရှိသည်။ ယေဟောဝါသည် နံနက်ဝတ်ပြုမှုတွင်အသုံးပြုသည့် နေ့စဉ်ကျမ်းချက်အားဖြင့် ကျွန်ုပ်တို့ကိုနေ့စဉ်ကျွေးမွေးတော်မူ၏။ ကိုယ်တော်သည် ရက်အနည်းငယ်စီခြား၍ လူထုဟောပြောချက်နှင့် ကင်းမျှော်စင် သင်တန်း၊ အသင်းတော်စာအုပ်ကြီးသင်တန်း၊ လုပ်ငန်းတော်စည်းဝေးနှင့် သီအိုကရက်တစ်ကျောင်းများအားဖြင့် ကျွန်ုပ်တို့ကိုသွန်သင်တော်မူသည်။ လအနည်းငယ်စီခြား၍ စည်းဝေးကြီး၊ တိုက်နယ်စည်းဝေးနှင့် အထူးနေ့စည်းဝေးများအားဖြင့် သွန်သင်တော်မူသည်။ ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်ကိုလက်မခံသူများအား “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်” ဟုမိန့်တော်၏။—ဟေရှာ. ၆၅:၁၃။
၃ ဘုရားသခင်၏ပညာရှိသားသမီးများအနေနှင့် ကျွန်ုပ်တို့သည် ‘အာရုံစိုက်၊’ ‘စွဲလမ်း၊’ ‘သိနားလည်ခြင်းကိုဟစ်ခေါ်’ လျက် ဘုရားသခင်၏ဉာဏ်ပညာနှင့်အသိပညာကို ‘ရှာဖွေ’ ၍ ‘စူးစမ်း’ သင့်သည်။ ယင်းသို့ ကျွန်ုပ်တို့ပြုမည်ဆိုလျှင် “သင်သည် ယေဟောဝါအား ကြောက်ရွံ့ ခြင်းကို သိနားလည်၍ ဘုရားသခင်၏ အသိပညာကိုယ်နှိုက်ကို တွေ့ရှိလိမ့်မည်” ဟုယေဟောဝါမိန့်တော်မူသည်။ (သု. ၂:၂-၅၊ ကဘ) ယင်းကို ကျွန်ုပ်တို့မည်သို့ပြုကြမည်နည်း။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုကာ ဖတ်ရှုနေသည့်အရာကို တွေးတောဆင်ခြင်သင့်သည်။ မှန်မှန်ကိုယ်ပိုင်လေ့လာမှု များများလုပ်ပါ။ အစည်းအဝေးအားလုံးအတွက် ကောင်းစွာကြိုတင်ပြင်ဆင်ပါ။ အစည်းအဝေးကျင်းပနေချိန်တွင် ပြင်ဆင်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။ အစည်းအဝေးများတွင် သေသေချာချာအာရုံစူးစိုက်ပါ။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ကျမ်းစာအသိပညာနှင့် ကျမ်းစာမူများကို အသုံးပြုရန်ကြိုးစားပါ။ ကျွန်ုပ်တို့သည် ဤအရာအားလုံးကို မပြုလုပ်မီ ဘုရားသခင်ထံ အမြဲဆုတောင်းသင့်သည်။ ဆာလံဆရာကဲ့သို့ ယေဟောဝါထံ ကျွန်ုပ်တို့ဤသို့ဆုတောင်းသင့်သည်– “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။”—ဆာ. ၂၅:၄၊ ၅။
၄ ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဆည်းပူးခြင်းသည် အလွန်အရေးပါလှသည်တကား! ယင်းသည် ကျွန်ုပ်တို့ကို ထာဝရအသက်ရရှိစေ၏။ (ယော. ၁၇:၃) ဘုရားသခင်သည် ကမ္ဘာသစ်အတွက် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးနေပါသည်။ ကမ္ဘာသစ်တွင် ယေဟောဝါသည် ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်ရန် ဆက်၍သွန်သင်ပေးမည်ဖြစ်သည်။ (ဟဗ. ၂:၁၄; ဟေရှာ. ၁၁:၉) ဖြောင့်မတ်သူများသည် ကမ္ဘာသစ်ကိုအမွေခံရမည်ဟု ကျမ်းစာကဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ကျမ်းဆိုင်ရာအသိပညာကိုဆည်းပူးကာ ကိုယ်တော်၏မြင့်မားသောစံနှုန်းကို လက်ခံခြင်းအားဖြင့်သာ ဖြောင့်မတ်နိုင်ပါသည်။ (ဆာ. ၃၇:၂၉; ၂ ပေ. ၃:၁၃) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ငြင်းပယ်လျှင် ကျွန်ုပ်တို့ကိုလည်း ကိုယ်တော်ငြင်းပယ်မည်ဟု ယေဟောဝါမိန့်တော်မူ၏။ (ဟော. ၄:၆) ထိုသို့ ကျွန်ုပ်တို့ဘယ်တော့မျှမဖြစ်ပါစေနှင့်။ ကျွန်ုပ်တို့အပေါ်၌ ယေဟောဝါ၏အဖိုးတန်အလင်း ဆက်၍ထွန်းလင်းပါစေ။