အပိုင်း ၁—ယေဟောဝါ၏မေတ္တာကို ကျေးဇူးတင်ကြောင်းပြခြင်းမှ ရရှိသည့်ကောင်းချီးများ၁
၁ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “[ယေဟောဝါ] သည်ငါတို့ကို ရှေ့ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်ချစ်ကြ၏။” (၁ ယော. ၄:၁၉၊ သမ္မာ) ကျွန်ုပ်တို့သည် မိမိတို့အတွက် ယေဟောဝါပေးထားရာအားလုံးကို စဉ်းစားသည့်အခါ အလွန်ကျေးဇူးတင်ကြောင်း ဖော်ပြရန်လှုံ့ဆော်ခံရကြသည်။ ယေရှုသည် ဘုရားသခင့်နာမတော်နှင့် နိုင်ငံတော်အကြောင်းကို နာခံမှုရှိရှိသက်သေခံခြင်းဖြင့် ယင်းကိုလုပ်ဆောင်ရာတွင် ပုံသက်သေချမှတ်ခဲ့သည်။ (ယော. ၁၄:၃၁) ကျွန်ုပ်တို့သည် ယေဟောဝါ၏မေတ္တာနှင့် ရရှိသည့်ကောင်းချီးများအတွက် ကျေးဇူးတင်ကြောင်းပြနိုင်သည့် နည်းလမ်းအချို့ကို သုံးသပ်သင့်သည်။
၂ တစ်အိမ်မှတစ်အိမ်သွားခြင်း– ယေရှုသည် မိမိ၏တပည့်တော်များအား နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်ရမည်ကို သင်ပေးခဲ့သည်။ သူတို့သည် တစ်အိမ်မှတစ်အိမ်သွားကာ သတင်းကောင်းကို ဖြန့်ဝေခဲ့ကြကြောင်း ကိုယ်တော့်ညွှန်ကြားချက်များက ရှင်းလင်းစွာဖော်ပြသည်။ (လု. ၉:၁-၆; ၁၀:၁-၇) လျစ်လျူရှုမှုနှင့် အတိုက်အခံပြုမှုကြုံရသောအခါ တစ်အိမ်မှတစ်အိမ်ဆက်၍သွားနေရန် ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်ဖို့လိုသည်။ သို့သော် ဤသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းပို၍ခိုင်မြဲလာခြင်း၊ ခံယူချက်ပို၍ခိုင်မာလာခြင်းနှင့် မျှော်လင့်ချက်ပို၍တောက်ပလာခြင်းတို့ကြောင့် ကျွန်ုပ်တို့တစ်ဦးချင်းစီ အကျိုးခံစားကြရသည်။
၃ ကျွန်ုပ်တို့သည် ကောင်းကင်တမန်များညွှန်ကြားမှုအောက်တွင် လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားဆာငတ်မွတ်သိပ်သူများစွာကို တွေ့ရှိခဲ့ရကြပြီ။ (ဗျာ. ၁၄:၆) အိမ်ရှင်များက သက်သေခံတစ်ဦး ၎င်းတို့၏အိမ်သို့ရောက်လာချိန်တွင် အကူအညီအတွက် မိမိတို့ဆုတောင်းနေကြကြောင်း ပြောခဲ့ကြပြီ။ သက်သေခံနှစ်ဦးနှင့် ကလေးငယ်တစ်ဦးသည် ကာရစ်ဘီယံကျွန်းတစ်ကျွန်းပေါ် တစ်အိမ်မှတစ်အိမ်သွားနေကြသည်။ လူကြီးများက ရပ်တန့်ရန်ဆုံးဖြတ်ချိန်တွင် သူငယ်မူကား နောက်တစ်အိမ်သို့ တစ်ယောက်တည်းဆက်သွားပြီး တံခါးကိုခေါက်သည်။ အမျိုးသမီးငယ်တစ်ဦးက တံခါးဖွင့်ပေး၏။ ယင်းကို လူကြီးများကတွေ့သည့်အခါ အမျိုးသမီးငယ်ထံသွား၍ စကားပြောဆိုကြရသည်။ အမျိုးသမီးက အိမ်ထဲဝင်ကြပါဟု ခေါ်ဖိတ်ပြီးနောက် မိမိသည် ကျမ်းစာသင်ပေးမည့် သက်သေခံများကိုစေလွှတ်ပေးဖို့ ဘုရားသခင်ထံ အခုလေးတင်ဆုတောင်းနေကြောင်း ရှင်းပြသည်!
၄ လမ်းများပေါ်သက်သေခံခြင်း– ဒေသအချို့တွင် အိမ်၌လူတို့ကိုတွေ့ရန် အလွန်ခက်သောကြောင့် အလွတ်သဘောသက်သေခံခြင်းသည် ၎င်းတို့ကိုသက်သေခံရန် ထိရောက်သောနည်းတစ်ခုဖြစ်၏။ ထို့ပြင် လူများစွာသည် ကျွန်ုပ်တို့တစ်အိမ်မှတစ်အိမ်မသွားနိုင်သည့် လုံခြုံရေးဂိတ်များရှိသောရပ်ကွက်များ သို့မဟုတ် အဆင့်မြင့်လုံခြုံရေးရှိသောအဆောက်အဦများတွင် နေထိုင်ကြသည်။ သို့သော် ယေဟောဝါ၏မေတ္တာကို ကျေးဇူးတင်သည့်စိတ်က အလွတ်သဘောသက်သေခံခြင်းအပါအဝင် နိုင်ငံတော်သတင်းတရားဖြင့် လူတို့ကိုတွေ့ဆုံရန် ဖြစ်နိုင်သည့်နည်းလမ်းတိုင်းကိုအသုံးချဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။—သု. ၁:၂၀၊ ၂၁။
၅ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း– ကျွန်ုပ်တို့သည် “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြု” သူများကိုရှာဖွေနေကြသောကြောင့် ထိုလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန် အတတ်နိုင်ဆုံးလုပ်ဆောင်လိုကြသည်။ (မ. ၅:၃၊ ကဘ) ထိုသို့ဖြစ်စေရန် ကျွန်ုပ်တို့စိုက်ခဲ့သည့် သမ္မာတရားမျိုးစေ့များကို ရေပြန်လောင်းပေးဖို့လိုသည်။ (၁ ကော. ၃:၆-၈) ဩစတြေးလျနိုင်ငံရှိညီအစ်မတစ်ဦးသည် စိတ်ဝင်စားမှုသိပ်ရှိပုံမရသည့် အမျိုးသမီးတစ်ဦးကို ဝေစာတစ်စောင်ဝေငှခဲ့သည်။ သို့သော် ညီအစ်မသည် သူ့အား အိမ်တွင်နောက်တစ်ဖန်တွေ့ရန် ဆက်၍ကြိုးစားသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့၏ညီအစ်မသည် ထိုအမျိုးသမီးနှင့်တွေ့သောအခါ သူသည် မိမိဦးဆုံးအကြိမ်လည်ပတ်ပြီးနောက် တန်ဖိုးကြီးသည့်ကျမ်းစာတစ်အုပ်ကို ဝယ်ထားကြာင်း တွေ့ရှိခဲ့ရသည်။ ညီအစ်မသည် သူနှင့်သင်အံမှုစလိုက်သည်!
၆ ကျမ်းစာသင်အံမှုများကျင်းပခြင်း– ယင်းသည် ကျွန်ုပ်တို့ဓမ္မအမှု၏ ပျော်ရွှင်မှုနှင့် ဆုကျေးဇူးအများဆုံးရရှိသည့်ကဏ္ဍဖြစ်နိုင်သည်။ ယေဟောဝါအကြောင်းသိရှိရန် လူတို့ကိုကူညီပေးရခြင်း၊ ကိုယ်တော့်နှစ်သက်မှုရရှိရန် သူတို့၏အသက်တာတွင် ပြောင်းလဲမှုများပြုသည်ကို တွေ့ မြင်ရခြင်းနှင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် ခရစ်ယာန်နှစ်ခြင်းခံခြင်းတို့ကို တွေ့ မြင်ရခြင်းသည် ကောင်းချီးတစ်ရပ်ပါတကား!—၁ သက်. ၂:၂၀; ၃ ယော. ၄။
၇ နောက်လထုတ်တွင် ယေဟောဝါ၏မေတ္တာကို ကျေးဇူးတင်ကြောင်းပြသည့်အတွက် ကျွန်ုပ်တို့ကောင်းချီးခံစားရသည့် နောက်ထပ်နည်းလမ်းများကို သုံးသပ်မည်ဖြစ်သည်။