၂၀၀၂ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း
၁ လူအများစုက စကားပြောဆိုနိုင်စွမ်းကို ပေါ့ပေါ့တန်တန်သဘောထားကြသည်။ သို့သော် စကားပြောဆိုနိုင်စွမ်းသည် ယေဟောဝါထံတော်မှ ဆုကျေးဇူးတစ်ခုဖြစ်၏။ ယင်းက အခြားသူများနှင့်ဆက်သွယ်ရန်၊ ကျွန်ုပ်တို့၏သဘောထားနှင့် ခံစားချက်များကို ဖော်ပြရန် အခွင့်ရစေသည်။ အရေးကြီးဆုံးကား ၎င်းအားဖြင့် ဘုရားသခင်ကိုချီးမွမ်းနိုင်ခြင်းဖြစ်သည်။—ဆာ. ၂၂:၂၂; ၁ ကော. ၁:၄-၇။
၂ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများသည် ယေဟောဝါ၏နာမတော်ကိုကြေညာရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် လေ့ကျင့်ခံရကြသည်။ (ဆာ. ၁၄၈:၁၂၊ ၁၃) ၂၀၀၂ ခုနှစ်အတွက် ကျောင်းအစီအစဉ်သည် ကျွန်ုပ်တို့တစ်ဦးစီအကျိုးခံစားနိုင်ပြီး ဓမ္မအမှုတွင်အသုံးပြုနိုင်သည့် ကျမ်းစာအကြောင်းအရာများစွာကို သုံးသပ်ထားသည်။ ကျောင်းအတွက် ကြိုတင်ပြင်ဆင်ကာ ပါဝင်ခြင်းဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့၏အသိပညာနှင့် စွမ်းရည်များကို တိုးတက်စေနိုင်သည်။—ဆာ. ၄၅:၁။
၃ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ– အများအားဖြင့် ကျွန်ုပ်တို့၏အနီးအနားတွင် ကျမ်းစာတစ်အုပ်ရှိထားမည်ဆိုလျှင် ၎င်းကိုဖတ်ဖို့ ကျွန်ုပ်တို့၌ရှိသည့် မည်သည့်အားလပ်ချိန်ကိုမဆို အခွင့်အရေးယူသုံးစွဲနိုင်သည်။ ကျွန်ုပ်တို့အများစုတွင် နေ့ဘက်၌ ယင်းကဲ့သို့ကျမ်းစာဖတ်ဖို့ မိနစ်အနည်းငယ် အားလပ်ကြ၏။ ကျောင်းအစီအစဉ်တွင်ဖော်ပြထားသည့် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အမီလိုက်ရန် အနည်းဆုံး နေ့စဉ်တစ်မျက်နှာဖတ်ရှုဖို့လိုကာ ယင်းသို့ပြုခြင်းသည် အလွန်အကျိုးရှိပါသည်!—ဆာ. ၁:၁-၃။
၄ ကျမ်းစာကိုကောင်းစွာဖတ်ရှုနိုင်သောစွမ်းရည်သည် နားထောင်သူများအား နှလုံးထိမိစေကာ ယေဟောဝါကိုချီးမွမ်းရန် လှုံ့ဆော်ခံရစေနိုင်သည်။ ကျောင်းတွင် တာဝန်နံပါတ် ၂ ရသောညီအစ်ကိုများသည် မိမိ၏တာဝန်ကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြီး အကြိမ်ကြိမ်လေ့ကျင့်သင့်သည်။ ကျောင်းကြီးကြပ်မှူးသည် ချီးမွမ်းပေးကာ စာဖတ်တိုးတက်ရန် အကြံပြုချက်များပေးမည်ဖြစ်သည်။
၅ ကျိုးကြောင်းဆင်ခြင်စာအုပ် ကိုအသုံးပြုပါ– တာဝန်နံပါတ် ၃ နှင့် ၄ သည် ကျိုးကြောင်းဆင်ခြင် စာအုပ်ကို အခြေခံထားသည်။ ကျွန်ုပ်တို့အများစုသည် လယ်ကွင်းဓမ္မအမှုတွင် ဤလက်တွေ့ကျအကူအညီကို များများအသုံးပြုသင့်သည်။ ညီအစ်မများသည် ရပ်ကွက်အတွက်လက်တွေ့ကျသည့် ဇာတ်အိမ်များကိုရွေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သူတို့၏သွန်သင်ပုံနှင့် ကျမ်းချက်များအသုံးပြုပုံတို့ကို အထူးအာရုံစိုက်သင့်သည်။
၆ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် သတင်းကောင်းကိုကြေညာရန်နှင့် ကြီးမြတ်သောဘုရားသခင်ယေဟောဝါအားချီးမွမ်းရန် ဘုရားပေးသည့် စကားပြောဆိုနိုင်စွမ်းဆုကျေးဇူးကို ဆက်အသုံးပြုနေဖို့ ကျွန်ုပ်တို့အားလုံးကို ကူညီပေးနိုင်ပါစေ။—ဆာ. ၃၄:၁; ဧ. ၆:၁၉၊ ၂၀။