သင့်အသင်းတော်တွင် ကြီးမားသောရပ်ကွက်တစ်ခုရှိသလော
၁ ယေရှုသည် ယုဒပြည်ရှိမြို့များမှ ဂါလိလဲပြည်၏ကျေးလက်ဒေသများအထိ ရှေးဣသရေလနိုင်ငံ၏ ကြီးမားသောရပ်ကွက်တစ်လျှောက် နှံ့နှံ့စပ်စပ်သက်သေခံခဲ့သည်။ (မာ. ၁:၃၈၊ ၃၉; လု. ၂၃:၅) ကျွန်ုပ်တို့လည်း လူများနိုင်သရွေ့များများကို သတင်းကောင်းဟောပြောကြရမည်။ (မာ. ၁၃:၁၀) သို့သော် ယင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ အဘယ်ကြောင့်နည်း။
၂ အမေရိကန်ပြည်ထောင်စုရှိ အသင်းတော်များစွာတွင် များသောအားဖြင့် ကျေးလက်ဒေသဖြစ်ကာ စတုရန်းမိုင်ရာချီကျယ်သော ရပ်ကွက်ရှိသည်။ နိုင်ငံခြားဘာသာစကားပြောအသင်းတော်များသည် ၎င်းတို့၏ဘာသာစကားကို ပြောဆိုသူများအားရှာဖွေရန် လူဦးရေထူထပ်သောမြို့ကြီးများတွင် အမှုဆောင်ရပေမည်။ ထိုသို့ကျယ်ဝန်းသောရပ်ကွက်များတွင် နေထိုင်သူများအား ယေဟောဝါ၊ ယေရှု၊ နိုင်ငံတော်တို့နှင့်ပတ်သက်သော သမ္မာတရားသိရှိရန်ကူညီပေးဖို့ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၃ သေသေချာချာစီစဉ်ပါ– လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် ရပ်ကွက်အမှုထမ်းသည် အသင်းတော်၏ကြိုးစားမှုများ အကျိုးအများဆုံးဖြစ်ထွန်းစေဖို့ ညှိနှိုင်းဆောင်ရွက်ရန်လိုသည်။ အများစုသည် တစ်နေကုန်အမှုဆောင်နိုင်လျှင် အထူးစနေနေ့များကို စီစဉ်နိုင်သည်။ ဝေးလံသောရပ်ကွက်များကို အမှုဆောင်သည့်အခါ ဖြစ်နိုင်လျှင် နေ့လယ်တွင်သုံးဆောင်ရန် နေ့လယ်စာကိုတစ်ပါတည်းယူသွားကာ လယ်ကွင်းလုပ်ငန်းတွင် ပို၍ကြာကြာအမှုဆောင်ရန် စီစဉ်ပါ။ သင်သည် ရပ်ကွက်သို့သွားရန်အချိန်ရဖို့ အမှုဆောင်အတွက် လူစုခြင်းကို ခါတိုင်းထက်စော၍ပြုလုပ်နိုင်သည် သို့မဟုတ် အမှုဆောင်မည့်နေရာအနီးအနားတွင် လယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံခြင်းကို ကျင်းပနိုင်သည်။ အားလုံး အလုပ်များနေစေရန် ကားအုပ်စုများကို ငယ်ငယ်ထားပါ။ ရာသီဥတုနှင့် လမ်းအခြေအနေကောင်းသည့် ရာသီများတွင် ကျေးလက်ဒေသများ၌ အမှုဆောင်ရန်စီစဉ်ပါ။
၄ နိုင်ငံခြားဘာသာစကားပြောရပ်ကွက်များတွင် အမှုဆောင်နေသူတို့သည် နာမည်များ၊ လိပ်စာများနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက်စာရင်းတစ်ခုနှင့် လက်ရှိမြေပုံတစ်ခုရှိထားခြင်းဖြင့် တန်ဖိုးရှိသောအချိန်ကို သက်သာစေနိုင်သည်။ လုပ်ငန်းတော်အုပ်စုတစ်စုသည် ဒေသတစ်ခုရှိလိပ်စာအားလုံးထံ သွားရောက်လည်ပတ်နိုင်ရန် ရပ်ကွက်များကို စီစဉ်ဖွဲ့စည်းပါ။
၅ စာပေများအလုံအလောက်ယူသွားရန် သေချာစေပါ။ ရပ်ကွက်ကို တစ်ခါတစ်ရံသာအမှုဆောင်လျှင် လူမတွေ့သည့်အိမ်များတွင် ဝေစာ သို့မဟုတ် မဂ္ဂဇင်းဟောင်းတစ်စောင်ထားခဲ့လျှင် သင့်လျော်ပေမည်။ သင့်ဘာသာစကားဖြင့် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာရနိုင်လျှင် ယင်းကို သင်နှင့်တွေ့ဆုံသူတိုင်းအားဝေငှကာ လူမတွေ့သည့်အိမ်များတွင် တစ်စောင်စီထားခဲ့ပါ။
၆ အပြည့်အဝပူးပေါင်းလုပ်ဆောင်ပါ– ကြီးမားသည့်ရပ်ကွက်တစ်ခုကိုအမှုဆောင်ရန် အသင်းတော်၌ရှိသူအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့လိုသည်။ ခရီးဝေးဝေးကားမောင်းဖို့လိုသည့်အခါ အတူသွားသူများသည် ဓာတ်ဆီဖိုးမျှခံနိုင်သည်။ သင်သည် စကားပြောရန်လိုလိုလားလားရှိသော အိမ်ရှင်များကိုတွေ့သည့်အခါ ကောင်းစွာချင့်ချိန်သင့်သည်။ ရပ်ကွက်၌ရှိသူအားလုံးထံ ရောက်ရှိရန်လိုအပ်ကြောင်း အစဉ်သတိရပါ၊ သင်၏ကားအုပ်စုတွင် စောင့်နေသူများကို ထောက်ထားစာနာပါ။ စိတ်ဝင်စားသူတစ်ဦးနှင့် စကားကြာကြာဆက်ပြောလိုလျှင် အုပ်စုရှိအခြားသူများ စောင့်ဆိုင်းမနေစေရန် အစီအစဉ်များပြုလုပ်နိုင်မည်လော။
၇ စိတ်ဝင်စားသူများထံပြန်သွားရန် တိကျသည့်အစီအစဉ်များပြုလုပ်ပါ။ လိပ်စာအပြင် အဆက်အသွယ်လုပ်၍ တယ်လီဖုန်းဖြင့် နောက်ထပ်သက်သေခံနိုင်ရန် စိတ်ဝင်စားသူ၏ဖုန်းနံပါတ်ကိုရရှိဖို့ ကြိုးစားပါ။ ကျေးလက်တောရွာလမ်းများသည် အမည်မရှိလျှင် သို့မဟုတ် အိမ်နံပါတ်မရှိလျှင် ပြန်လည်ပတ်သည့်အခါ စိတ်ဝင်စားသူအားရှာတွေ့နိုင်ရန် သေသေချာချာ မြေပုံတစ်ခုဆွဲပါ သို့မဟုတ် ရုပ်လုံးပေါ်အောင်ရေးမှတ်ထားပါ။
၈ ‘မည်သည့်မြို့ရွာကိုမဆိုဝင်သော် မည်သူထိုက်တန်ကြောင်း စူးစမ်းရှာဖွေကြလော့’ ဟူသော ယေရှု၏ညွှန်ကြားချက်ကို လုပ်ဆောင်ရခြင်းသည် အခွင့်ထူးပါတကား! (မ. ၁၀:၁၁၊ သမ) အကျိုးအဖြစ်ထွန်းဆုံး ဤလုပ်ငန်းတွင် သင့်ကိုယ်ကို လိုလိုလားလားပေးဆက်သည်နှင့်အမျှ ယေဟောဝါသည် သင့်ကြိုးစားမှုများကို ကောင်းချီးပေးမည်မှာသေချာသည်!