“ဖတဆိုးများ” ကို မေတ္တာပါသောစိတ်ဝင်စားမှုပြပါ
၁ ယေဟောဝါသည် “ဖတဆိုးများ၏အဘ” ဖြစ်တော်မူ၏။ (ဆာ. ၆၈:၅၊ ကဘ) ရှေးဣသရေလလူမျိုးကိုပေးခဲ့သည့် ဤပညတ်တွင် ဖတဆိုးများ၏ကောင်းကျိုးကို ကိုယ်တော်အလေးထားကြောင်း ထင်ဟပ်လျက်ရှိသည်– “မိဘမရှိသောသူငယ် [“ဖတဆိုး၊” ကဘ] နှင့် မုဆိုးမကို သင်တို့သည် မနှောင့်ယှက်ရ။ နှောင့်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင် ငါသည် ထိုအသံကို အမှန်ကြား[မည်]။” (ထွ. ၂၂:၂၂၊ ၂၃) ဘုရားသခင့်ပညတ်တော်တွင် ထိုသို့သောသူများအား ရုပ်ပစ္စည်းလိုအပ်ရာများကို အကူအညီပေးသည့်အစီအစဉ်လည်း ပါဝင်ခဲ့သည်။ (တရား. ၂၄:၁၉-၂၁) ခရစ်ယာန်အစီအစဉ်အောက်တွင် “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစု” ရန် စစ်မှန်သောဝတ်ပြုသူများ တိုက်တွန်းခံရကြသည်။ (ယာ. ၁:၂၇) မိဘတစ်ဦးတည်းရှိသော သို့မဟုတ် ဘာသာရေးအရ ကွဲပြားသောမိသားစုများတွင် ကြီးပြင်းလာသူများနှင့်ပတ်သက်၍ ယေဟောဝါ၏မေတ္တာပါသော စိတ်ဝင်စားမှုကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၂ ဝိညာဏလေ့ကျင့်မှု– သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်လျှင် သို့မဟုတ် သင်၌ မယုံကြည်သောအိမ်ထောင်ဖက်ရှိလျှင် သင့်သားသမီးများနှင့် အိမ်တွင်းကျမ်းစာသင်အံမှု မှန်မှန်ကျင်းပခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်။ သို့သော် သူတို့သည် ဟန်ချက်ညီပြီး ရင့်ကျက်သောလူကြီးများအဖြစ်ကြီးထွားဖို့ဆိုလျှင် ပုံမှန်နှင့် အဓိပ္ပာယ်ရှိသောကျမ်းစာသင်အံမှုတစ်ခု မရှိမဖြစ်လိုအပ်သည်။ (သု. ၂၂:၆) ဝိညာဉ်ရေးရာများကို သူတို့နှင့် နေ့စဉ်ပြောဆိုခြင်းသည်လည်း အရေးပါ၏။ (တရား. ၆:၆-၉) သင်သည် တစ်ခါတစ်ရံ စိတ်ဓာတ်ကျမည်ဖြစ်သော်လည်း လက်လျှော့အရှုံးမပေးပါနှင့်။ “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ [သင်၏သားသမီး] တို့ကိုမွေးမြူကြ” စဉ် ခွန်အားနှင့် လမ်းညွှန်မှုအတွက် ယေဟောဝါကိုမျှော်ကိုးပါ။—ဧ. ၆:၄၊ ကဘ။
၃ သင်၏ဝိညာဏတာဝန်များထမ်းဆောင်ရာတွင် အကူအညီအချို့လိုပါက သင်၏လိုအပ်ရာများကို အကြီးအကဲများအား သိရှိစေပါ။ သူတို့သည် သင့်အိမ်ထောင်အတွက် ဝိညာဏလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုပြုလုပ်ရာတွင် သင့်အား လက်တွေ့ကျအကြံပြုချက်များ သို့မဟုတ် အကူအညီပေးနိုင်ပေမည်။
၄ အခြားသူများ ကူညီပေးနိုင်ပုံ– ပထမရာစုတွင် တိမောသေသည် ဘာသာရေးကွဲပြားသော အိမ်ထောင်တွင်ကြီးပြင်းလာသော်လည်း ယေဟောဝါ၏ ထက်သန်သောကျေးကျွန်တစ်ဦးဖြစ်လာသည်။ ငယ်ရွယ်ချိန်တွင် သူ့အား ကျမ်းစာသင်ပေးရန် မိခင်နှင့်အဘွား၏ ဝီရိယရှိရှိကြိုးစားမှုများသည် အရေးကြီးကဏ္ဍမှပါဝင်မည်မှာ သေချာသည်။ (တ. ၁၆:၁၊ ၂; ၂ တိ. ၁:၅; ၃:၁၅) သို့သော် “သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား” ဟု သူ့အား ရည်ညွှန်းခေါ်ဆိုခဲ့သည့် တမန်တော်ပေါလုအပါအဝင် အခြားခရစ်ယာန်များနှင့်ပေါင်းသင်းခြင်းမှလည်း သူအကျိုးခံစားခဲ့ရသည်။—၁ ကော. ၄:၇။
၅ အလားတူ ယနေ့လည်း ဝိညာဉ်ရေးရင့်ကျက်သော ညီအစ်ကိုညီအစ်မများက အသင်းတော်ရှိ ဖတဆိုးလေးများကို မေတ္တာပါပါစိတ်ဝင်စားသောအခါ မည်မျှအကျိုးရှိပါသည်တကား! သင်သည် တစ်ဦးစီကို နာမည်ဖြင့်သိပါသလော။ သင်သည် ခရစ်ယာန်အစည်းအဝေးများနှင့် တခြားအချိန်များတွင် သူတို့နှင့်စကားပြောပါသလော။ လယ်ကွင်းဓမ္မအမှုတွင် သင်နှင့်အတူပါဝင်ရန် သူတို့ကိုဖိတ်ခေါ်ပါ။ အခါအားလျော်စွာ သင်၏မိသားစုသင်အံမှုတွင် သို့မဟုတ် အကျိုးရှိသောအပန်းဖြေမှုအစီအစဉ်များတွင် ၎င်းတို့၏ ကြင်ဖော်မဲ့ သို့မဟုတ် ယုံကြည်သူမိဘနှင့်အတူ သူတို့ကိုပါဝင်စေနိုင်သည်။ ဤငယ်ရွယ်သူများသည် သင့်အား သူတို့၏မိတ်ဆွေအဖြစ် သဘောထားသောအခါ သူတို့သည် သင်၏ပုံသက်သေနှင့် အားပေးမှုကို ပို၍နှလုံးသွင်းစရာအကြောင်းရှိသည်။—ဖိ. ၂:၄။
၆ ယေဟောဝါသည် ဖတဆိုးလေးများကို အလွန်စိတ်ဝင်စားတော်မူကာ၊ သမ္မာတရားကို သူတို့ကိုယ်ပိုင်ဖြစ်လာစေရန်ကူညီပေးဖို့ ကျွန်ုပ်တို့၏မေတ္တာပါသောကြိုးစားမှုများအား ကိုယ်တော်ကောင်းချီးပေးနေပါသည်။ မိဘတစ်ဦးတည်းရှိသော သို့မဟုတ် ကွဲပြားနေသောအိမ်ထောင်များတွင် ကြီးပြင်းလာသူများစွာသည် ထိုသို့သောအားပေးမှုရခဲ့ကြကာ ယခု ရှေ့ဆောင်များ၊ ဓမ္မအမှုထမ်းများ၊ အကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ သာသနာပြုများ သို့မဟုတ် ဗေသလမိသားစုဝင်များအဖြစ် သစ္စာရှိရှိအမှုတော်ထမ်းဆောင်နေကြသည်။ ကျွန်ုပ်တို့အားလုံး ကောင်းကင်ခမည်းတော်ကို တုပသည့်အနေဖြင့် ဖတဆိုးများအား ချစ်ခင်စုံမက်ရာတွင် “ကျယ်ဝန်းသောစိတ်ရှိ” ရန် နည်းလမ်းများရှာကြံကြပါစို့။—၂ ကော. ၆:၁၁-၁၃။