မေးခွန်းသေတ္တာ
◼ ကျွန်ုပ်တို့နေထိုင်သောရပ်ကွက်ရှိအသင်းတော်တွင် စည်းဝေးတက်ရောက်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
ကျွန်ုပ်တို့သည် ‘မေတ္တာစိတ်ရှိရန်နှင့် ကောင်းသောအကျင့်ကိုကျင့်ရန် တိုက်တွန်းနှိုးဆော်” သည့်အားပေးမှုကို အသင်းတော်အစီအစဉ်အားဖြင့် ရရှိကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့သည် အသင်းတော်မှတစ်ဆင့် သမ္မာတရားသင်ယူသိရှိကာ တပည့်ဖြစ်စေခြင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် ပြင်ဆင်ပေးခြင်းခံရသည်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် စုံစမ်းမှုများကို သစ္စာရှိရှိခံရပ်နိုင်ရန် ခွန်အားရရှိကာ တိုးများလာသည့်ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုများကို အောင်မြင်စွာကိုင်တွယ်နိုင်ရန်ကူညီပေးသည့် မေတ္တာပြည့်ဝသော ကြီးကြပ်မှူးများရရှိထားကြသည်။ အသင်းတော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရှင်သန်မှုအတွက် အရေးပါသည်မှာရှင်းနေသည်။ သို့သော် ကျွန်ုပ်တို့နေထိုင်သောရပ်ကွက်ရှိအသင်းတော်တွင် စည်းဝေးတက်ရောက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများရှိသလော။
တစ်ဦးစီ၏အခြေအနေသည် ကွာခြားကာ လောကီအလုပ်၊ မယုံကြည်သောအိမ်ထောင်ဖက်၊ သယ်ယူပို့ဆောင်ရေးကဲ့သို့သောအရာများသည် ဤကိစ္စတွင် လူတစ်ဦး၏အပြီးသတ်ဆုံးဖြတ်ချက်ကို ထိခိုက်နိုင်သည်။ သို့သော် လူတစ်ဦးသည် မိမိနေထိုင်သောရပ်ကွက်ရှိအသင်းတော်နှင့် ပေါင်းသင်းသည့်အခါ ဝိညာဉ်ရေးအရရော အခြားနည်းဖြင့်ပါ တိကျရေရာသော အကျိုးကျေးဇူးများရရှိသည်။ အရေးအကြောင်းပေါ်လာလျှင် အကြီးအကဲများသည် ကြေညာသူအားလုံးနှင့် ပို၍လျင်မြန်စွာဆက်သွယ်နိုင်သည်။ ယခင်က မေးခွန်းသေတ္တာများသည် အခြားအကျိုးကျေးဇူးများစွာကို ပေါ်လွင်စေခဲ့ပြီဖြစ်သည်။—မေ ၁၉၉၁၊ မတ် ၁၉၇၆ (လိပ်) နှင့် ဇန်နဝါရီ ၁၉၆၇ (လိပ်)။
ယေဘုယျအားဖြင့် အနီးအနားရှိအစည်းအဝေးများကို တက်ရောက်ခြင်းသည် ပိုအဆင်ပြေကာ အခြားသူများနှင့်စကားပြောရန်၊ လိုအပ်ရာများလုပ်ဆောင်ရန်၊ အဖွင့်သီချင်းနှင့် ဆုတောင်းချက်တွင်ပါဝင်ရန် စောစောရောက်ရှိနိုင်စေသည်။ စိတ်ဝင်စားသူလူသစ်များသည် ကျွန်ုပ်တို့၏အနီးအနားတွင်နေထိုင်သောအခါ သူတို့နှင့်ဆက်သွယ်ရန်၊ သူတို့နှင့် ကျမ်းစာသင်အံမှုများ ကျင်းပရန်၊ သူတို့အတွက် အဆင်အပြေဆုံးအစည်းအဝေးများကို လမ်းညွှန်ပေးရန် ကျွန်ုပ်တို့အား လွယ်ကူစေသည်။
အိမ်ထောင်ဦးစီးများသည် ဤကိစ္စကို ဆုတောင်းသုံးသပ်ကာ မိမိတို့မိသားစု၏ဝိညာဉ်ရေးနှင့် ကာယရေးအကျိုးအတွက် အကောင်းဆုံးအရာကိုဆုံးဖြတ်ရာတွင် ပါဝင်ပတ်သက်သည့်အရာအားလုံးကို အသေအချာသုံးသပ်ကြမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။—၁ တိ. ၅:၈။