အငြိမ်းစားယူခြင်း—တိုးချဲ့လုပ်ဆောင်ရန်တံခါးတစ်ခု
၁ အလုပ်ကြိုးစားသူများစွာသည် အငြိမ်းစားယူခြင်းဖြင့် လောကီလုပ်ငန်း၏ပင်ပန်းမှုနှင့် ဖိစီးမှုများမှ လွတ်မြောက်မည့်အချိန်ကို တမ်းတကြသည်။ သို့သော် အများအားဖြင့် အငြိမ်းစားယူခြင်းက ဘာသိဘာသာနေခြင်း၊ ငြီးငွေ့ခြင်းနှင့် စောစောအိုစာခြင်းတို့ကိုဖြစ်စေသည်။ ရည်ရွယ်ချက်ပါပါလုပ်ဆောင်မှုမရှိခြင်းက မိမိကိုယ်ကိုနှင့်ပတ်သက်၍ စိုးရိမ်မှုများတွင် စိတ်ရောက်နေစေနိုင်သည်။ အငြိမ်းစားပြည်သူ့လုပ်သားများသည် ‘မကျေမနပ်ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ မရေရာခြင်း၊ လူပိုဟုခံစားနေရခြင်းမှ စိတ်ဓာတ်ကျခြင်း၊ ဘဝပျက်ပြီဟူသော ခံစားချက်များအထိ’ ညည်းညူကြသည်ဟု ဘရာဇီးသတင်းစာတစ်စောင်က ဖော်ပြသည်။
၂ ယင်းနှင့်ဆန့်ကျင်လျက် ခရစ်ယာန်များစွာသည် မိမိတို့၏ ဤဘဝအခြေအနေသစ်ကို ဝိညာဉ်ရေးတိုးချဲ့လုပ်ဆောင်ရန် တံခါးတစ်ခုအဖြစ်ရှုမြင်ကြသည်။ အသက် ၆၅ နှစ်ပြည့်ပြီးနောက် နှစ်ပတ်အကြာတွင် ရှေ့ဆောင်စလုပ်ခဲ့သောညီအစ်ကိုတစ်ဦးက “လွန်ခဲ့တဲ့ဆယ်နှစ်တာက ရှေ့ဆောင်လုပ်ငန်းမှာလို ကောင်းချီးတွေနဲ့ကြွယ်ဝလှတဲ့ ဘဝအသက်တာမျိုး ကျွန်တော်တစ်ခါမှ မကြုံတွေ့မခံစားခဲ့ဖူးဘူးလို့ ပြောရမှာပဲ” ဟုဆိုလေသည်။ မောင်နှံတစ်စုံက “ကျွန်တော်တို့ရဲ့ တကယ့်ပျော်ရွှင်ချမ်းမြေ့စရာ ရွှေနှစ်များဟာ ကျွန်တော်တို့ ရှေ့ဆောင်လုပ်တဲ့အချိန်ကစခဲ့တယ်” ဟုရေးသားခဲ့သည်။ မှန်ပါသည်၊ အများသူတို့အတွက် အငြိမ်းစားယူခြင်းက ဓမ္မအမှုကိုတိုးချဲ့ကာ ယေဟောဝါထံတော်မှ ကြွယ်ဝသောကောင်းချီးများခံစားရရန် အခွင့်ကောင်းရရှိစေသည်။
၃ အလုပ်များနေကာ အကျိုးဖြစ်ထွန်းစေပါ– ယခုအငြိမ်းစားယူထားသူများစွာသည် ယနေ့ အနှံ့အပြားတွေ့ရှိရသော သက်သာလွယ်ကူစေသည့် အသုံးအဆောင်များမရှိဘဲ ကြီးပြင်းလာကြကာ ငယ်စဉ်အချိန်မှစ၍ အလုပ်ကြိုးစားရမည်ကို သိခဲ့ကြသည်။ သူတို့သည် လူငယ့်အားမာန်မရှိတော့သော်လည်း အလွန်အကျိုးဖြစ်ထွန်းသောလုပ်သားများဖြစ်နေဆဲပင်။ ဌာနခွဲရပ်ကွက်တစ်ခုတွင် ရှေ့ဆောင်များ၏ ၂၂ ရာခိုင်နှုန်း—ညီအစ်ကိုညီအစ်မ ၂၀,၀၀၀ ခန့်—သည် အနည်းဆုံး အသက် ၆၀ ရှိသူများဖြစ်ကြသည်။ ဤသက်ကြီးရွယ်အိုများသည် ဟောပြောခြင်းလုပ်ငန်းတွင် အဓိကကျသောအခန်းကဏ္ဍမှ ပံ့ပိုးကူညီကြသည်။ သူတို့၏အတွေ့အကြုံနှင့် ဘုရားရေးရာအရည်အသွေးများက သူတို့အမှုဆောင်နေသည့်အသင်းတော်များကို တိုးတက်ကောင်းမွန်စေသည်။—ယာ. ၃:၁၇၊ ၁၈။
၄ ခရစ်ယာန်ဓမ္မအမှုတွင် အလုပ်များနေခြင်းက ကျန်းမာရေးပိုမိုကောင်းမွန်စေကာ ဘဝအရည်အသွေးကို တိုးတက်မြင့်မားစေ၏။ အငြိမ်းစားယူပြီး ရှေ့ဆောင်စလုပ်ခဲ့သော အသက် ၈၄ နှစ်ရှိသည့်ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာသင်အံမှုများစွာကျင်းပခြင်းက စိတ်ဓာတ်တက်ကြွနေဖို့ ကျွန်မကိုကူညီပေးတယ်။ ကျွန်မမှာ ကားမရှိတော့ လမ်းအများကြီးလျှောက်ရတယ်။ အဲဒါက ကျွန်မကို ကျန်းမာစေတယ်။” သက်ကြီးရွယ်အိုရှေ့ဆောင်မောင်နှံတစ်စုံက ဤသို့ပြောပြသည်– “လုပ်ငန်းတော်က ကျွန်တော်တို့ကို စိတ်ဓာတ်ရေးမှာကော ကာယရေးမှာပါ ကျန်းမာမှုရှိစေတယ်။ ကျွန်တော်တို့ဟာ အမြဲအတူတူရှိနေတတ်ပါတယ်။ အားပါးတရရယ်မောကြပြီး ဘဝအသက်တာမှာ ပျော်ပိုက်လျက်ရှိတုန်းပါပဲ။”
၅ လိုအပ်သောနေရာတွင် အမှုဆောင်ခြင်း– ငွေရေးကြေးရေးအခြေအနေကောင်းသည့် အငြိမ်းစားယူထားသောခရစ်ယာန်အချို့သည် နိုင်ငံတော်ဟောပြောသူများ သာ၍လိုအပ်သောနေရာတွင်အမှုဆောင်ရန် ပြောင်းရွှေ့ခဲ့ကြသည်။ အခြားသူများမူ နိုင်ငံခြားဘာသာစကားပြောလယ်ကွင်းတွင် အမှုဆောင်ရန် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့ခဲ့ကြသည်။ တမန်တော်ပေါလုနည်းတူ ဤထက်သန်သောကြေညာသူများသည် “သတင်းကောင်းကို အခြားသူများအား ဝေမျှသူဖြစ်ခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကိုပြု” ကြသည်။—၁ ကော. ၉:၂၃၊ ကဘ။
၆ ဇနီးမောင်နှံတစ်စုံသည် သူတို့၏သားနှစ်ယောက်ကို ပြုစုပျိုးထောင်ပြီးနောက် ရှေ့ဆောင်စလုပ်ကြသည်။ နှစ်အတန်ကြာရှေ့ဆောင်လုပ်ပြီးနောက် သူတို့သည် တရုတ်ဘာသာစကားကို စတင်သင်ယူခဲ့ကြသည်။ ယခုအသက် ၈၀ ပြည့်ခါနီး၌ သူတို့အမှုဆောင်ခဲ့သော တရုတ်ဘာသာစကားပြောအုပ်စုသည် မကြာသေးမီက အသင်းတော်တစ်ခုဖြစ်လာသည်ကို တွေ့မြင်ရ၍ သူတို့ပျော်ရွှင်မှုခံစားရသည်။ ဤကဲ့သို့သောမောင်နှံစုံများသည် ကောင်းချီးများခံစားကြရသည်တကား!
၇ ဓမ္မအမှုမှ အငြိမ်းစားယူခြင်းမရှိ– လူအများစုသည် နောက်ဆုံးတွင် မိမိတို့၏လောကီအလုပ်မှ အငြိမ်းစားယူကြသော်လည်း ခရစ်ယာန်တိုင်းအတွက် ဘုရားသခင့်လုပ်ငန်းမှ အငြိမ်းစားယူခြင်းမရှိပါ။ အားလုံးသည် “အဆုံးတိုင်အောင်” ဆက်၍သစ္စာရှိရမည်။ (မ. ၂၄:၁၃၊ ၁၄) မှန်ပါသည်၊ အသက်အရွယ်ထောက်လာသည့်အခါ အချို့သူတို့သည် ယေဟောဝါ၏လုပ်ငန်းတွင် ယခင်ကလောက် မလုပ်နိုင်တော့ပေ။ သို့သော် စိတ်နှလုံးအကြွင်းမဲ့ဖြင့် သူတို့တတ်နိုင်သလောက်လုပ်ဆောင်နေသည်ကို တွေ့မြင်ရခြင်းသည် မည်မျှအားရှိစရာပါတကား! ဘုရားသခင့်နှုတ်ကပါဌ်တော်က ယေဟောဝါသည် သူတို့၏လုပ်ဆောင်မှုနှင့် မိမိ၏နာမတော်အတွက် သူတို့ပြသောမေတ္တာတို့ကို မေ့လျော့မည်မဟုတ်ကြောင်း အာမခံထားသည်။—လု. ၂၁:၁-၄; ဟေဗြဲ ၆:၁၀။
၈ သင်သည် အငြိမ်းစားယူရတော့မည့် အသက်အရွယ်သို့နီးလာပြီဆိုလျှင် သင်၏ပြောင်းလဲသောအခြေအနေများကို မည်သို့အပြည့်အဝအသုံးချနိုင်ကြောင်း ဆုတောင်းသုံးသပ်ပါလေ။ ဘုရားသခင်၏အကူအညီဖြင့် သင်သည် အငြိမ်းစားယူခြင်းက ယေဟောဝါအား ချီးမွမ်းစရာဖြစ်စေပြီး ကောင်းချီးများစွာခံစားရစေသည့် တိုးချဲ့လုပ်ဆောင်မှုအတွက် တံခါးပွင့်စေကြောင်း တွေ့ရှိပေမည်။—ဆာ. ၁၄၈:၁၂၊ ၁၃။