အချိန်တန် ဝိညာဉ်အစာ
၁။ ယေဇကျေလ ၃၆:၂၉ သည် ယနေ့ မည်သို့ပြည့်စုံလျက်ရှိသနည်း။
၁ “[ငါသည်] အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှာ ဆန်စပါးကိုမှာလိုက်၍ များပြားစေမည်” ဟုအချုပ်အခြာရှင် ယေဟောဝါမိန့်တော်မူ၏။ (ယေဇ. ၃၆:၂၉) ဤပရောဖက်ပြုချက်စကားများသည် ယနေ့ ဘုရားသခင့်လူမျိုးနှင့်သက်ဆိုင်၏။ ပုံဆောင်သဘောအရ ယေဟောဝါသည် မိမိလူမျိုးအတွက် အသက်ရှင်သန်စေသည့် စပါးကို အလျှံပယ်ပေါက်စေခဲ့ပြီ။ ခရိုင်စည်းဝေးကြီးများမှတစ်ဆင့် ပြင်ဆင်ပေးသည့် အချိန်တန်ဝိညာဉ်အစာက ဤအချက်ကို ကောင်းစွာဖော်ပြသည်။
၂။ ယေဟောဝါသည် အချိန်တန်ဝိညာဉ်အစာဖြန့်ဝေပေးရန် ခရိုင်စည်းဝေးကြီးများကို မည်သို့အသုံးပြုခဲ့ပြီနည်း။
၂ ၁၉၃၁ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့ တွင် ကျင်းပခဲ့သည့် စည်းဝေးကြီးတစ်ခု၌ ယေဟောဝါသည် မိမိကိုဝတ်ပြုသူများအား ယေဟောဝါသက်သေများဟူသော နာမည်သစ်ခံယူရန် ညွှန်ကြားခဲ့သည်။ (ဟေရှာ. ၄၃:၁၀-၁၂) ၁၉၃၅ ခုနှစ်တွင် ဗျာဒိတ် ၇:၉-၁၇ ပါလူအုပ်ကြီးကို မှန်ကန်စွာဖော်ထုတ်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ညီအစ်ကိုနောရ်သည် “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဟူသောဟောပြောချက်ကို ပေးခဲ့သည်။ ထိုဟောပြောချက်က ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို တွန်းအားပေးကာ ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းကို ဖွင့်လှစ်ရန် ဦးတည်ပေးခဲ့သည်။ စည်းဝေးကြီးအချို့သည် အထူးသဖြင့် မမေ့နိုင်စရာဖြစ်သော်လည်း စည်းဝေးကြီးတစ်ခုစီသည် အချိန်တန် တည်ခင်းကျွေးမွေးသည့် အာဟာရရှိဝိညာဉ်အစာ အလျှံပယ်ကျွေးမွေးသော စားပွဲတစ်ခုဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။—ဆာ. ၂၃:၅; မ. ၂၄:၄၅။
၃။ ခရိုင်စည်းဝေးကြီးတွင် ဝိညာဏစားပွဲကြီးမှအကျိုးရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၃ သင် မည်မျှကောင်းစွာစားသုံးနေသနည်း။ ကျွန်ုပ်တို့သည် အစားအစာအလျှံပယ်ရှိသော်လည်း လုံ့လစိုက်ထုတ် မစားသုံးလျှင် အာဟာရချို့တဲ့နိုင်သည်။ (သု. ၂၆:၁၅) ဝိညာဏသဘောအရလည်း ထိုသို့ပင်ဖြစ်၏။ စည်းဝေးကြီးအချို့တွင် များစွာသောသူတို့သည် အစီအစဉ်အတွင်း မလိုအပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေခြင်း၊ အခြားသူများနှင့် စကားပြောနေခြင်းတို့ကို သတိပြုမိခဲ့ပြီ။ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုသည် စည်းဝေးကြီး၏ အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သော်လည်း ထိုသို့ပြုရန်အချိန်သည် အစီအစဉ်တစ်ခုစီ မတိုင်မီနှင့် ပြီးသည့်အခါတွင်ဖြစ်၏။ (ဒေ. ၃:၁၊ ၇) အသေအချာ အာရုံစိုက်ရန် ကျွန်ုပ်တို့၏ထိုင်ခုံများတွင် မရှိပါက အရေးကြီးသည့်အချက်တစ်ချက် လွတ်သွားနိုင်သည်။ အခါအားလျော်စွာ စည်းဝေးကြီး ဌာနဆိုင်ရာကြီးကြပ်မှူးများနှင့် တာဝန်ကျသောညီအစ်ကိုများသည် အစီအစဉ်ကျင်းပနေချိန်တွင် စည်းဝေးကြီးကိစ္စရပ်များကို ဆွေးနွေးဖို့လိုပေမည်။ ထိုသို့မပြုသည့်အခါတွင် သူတို့သည် အစီအစဉ်အပေါ်အာရုံစိုက်ခြင်းဖြင့် ပုံသက်သေပြသင့်သည်။ ပြင်ဆင်ထားသည့် ဝိညာဏအစာတိုင်းကို ကျွန်ုပ်တို့တစ်ဦးမျှ လက်လွတ်မခံနိုင်ချေ။—၁ ကော. ၁၀:၁၂; ဖိ. ၂:၁၂။
၄။ ယေဟောဝါ ပြင်ဆင်ပေးသည့် ဝိညာဏအစာအလျှံပယ်အတွက် ကျေးဇူးတင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၄ အာဟာရမဖြစ်သည့် ခရစ်ယာန်ဘောင်၏ အယူဝါဒမှားများနှင့်နှိုင်းယှဉ်လျှင် ဝိညာဉ်ရေးသမ္မာတရားအလျှံပယ်ကို ယေဟောဝါပြင်ဆင်ပေးခြင်းကြောင့် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက်ကြသည်တကား! (ဟေရှာ. ၆၅:၁၃၊ ၁၄) “ကျေးဇူးတော်ကိုသိသောစိတ်” ပြနိုင်သည့် နည်းတစ်နည်းမှာ စည်းဝေးကြီးကို ယေဟောဝါ၏သွန်သင်မှုခံယူရသည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခြင်းအားဖြင့်ဖြစ်သည်။ (ကော. ၃:၁၅) ဟောပြောချက်ပေးသူကိုမဟုတ်ဘဲ သတင်းတရားကိုအာရုံစိုက်ကာ ၎င်းအား ကျွန်ုပ်တို့၏ “မဟာသွန်သင်ရှင်” ထံမှလာသောသတင်းတရားအဖြစ် ရှုမြင်ပါ။ (ဟေရှာ. ၃၀:၂၀၊ ၂၁၊ ကဘ; ဟေရှာ. ၅၄:၁၃) စိတ်ဝင်တစား အာရုံစူးစိုက်ပါ။ အဓိကသော့ချက်များကို မှတ်စုတိုများယူပါ။ ညနေတိုင်း အစီအစဉ်၏ပေါ်လွင်ချက်များကို ပြန်လည်သုံးသပ်ပါ။ သင် သိရှိရာကို လက်တွေ့ကျင့်သုံးပါ။
၅။ ခရိုင်စည်းဝေးကြီးများက အဘယ်ဝမ်းမြောက်စရာအကြောင်းများကို ဖြစ်စေသနည်း။
၅ ဒုက္ခသည်စခန်းတွင် ကျင်းပသည်ဖြစ်စေ၊ စစ်ဒဏ်ခံနေရသောနိုင်ငံတွင် သို့မဟုတ် ပိုမိုငြိမ်းချမ်းသောဝန်းကျင်တွင် ကျင်းပသည်ဖြစ်စေ အာမဂေဒုန်မတိုင်မီကျင်းပသော စည်းဝေးကြီးတိုင်းသည် စာတန်အပေါ် အောင်ပွဲခံမှုတစ်ရပ်ဖြစ်၏! စည်းလုံးသောညီအစ်ကိုအသင်းအပင်းတစ်ရပ်အနေနှင့် ကျွန်ုပ်တို့သည် ခရိုင်စည်းဝေးကြီးများတွင် အတူတကွစုရုံးရသည့် အခွင့်အရေးများကို မြတ်နိုးကြသည်။ (ယေဇ. ၃၆:၃၈) ယေဟောဝါသည် ‘အချိန်တန်အစားအစာ’ ကို မေတ္တာပါစွာ ထပ်မံပြင်ဆင်ပေးမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—လု. ၁၂:၄၂။
[စာမျက်နှာ ၄ ရှိလေးထောင့်ကွက်]
ယေဟောဝါ၏စားပွဲကို ကျေးဇူးတင်လေးမြတ်ကြောင်းပြပါ
◼ အသေအချာအာရုံစိုက်ပါ
◼ အဓိကသော့ချက်များကို မှတ်စုယူပါ
◼ ညနေတိုင်း အစီအစဉ်၏ပေါ်လွင်ချက်များကို ပြန်လည်သုံးသပ်ပါ
◼ သင် သိရှိရာကို လက်တွေ့ကျင့်သုံးပါ