အပိုင်း ၃–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
ကျမ်းချက်များကို ထိရောက်စွာအသုံးပြုခြင်း
၁။ ကျမ်းစာသင်အံမှုများ ကျင်းပသည့်အခါ ကျမ်းချက်များကို အဘယ်ကြောင့် အလေးထားသင့်သနည်း။
၁ ကျမ်းစာသင်အံမှုများကျင်းပရသည့် ရည်ရွယ်ချက်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်ချက်များကို နားလည်လက်ခံကာ အသက်တာတွင် လက်တွေ့ကျင့်သုံးဖို့ လူတို့အား ကူညီပေးခြင်းဖြင့် ‘တပည့်များဖြစ်စေ’ ရန်ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀; ၁ သက်. ၂:၁၃) ထို့ကြောင့် ကျမ်းစာကို အဓိကထား၍ သင်အံမှုကျင်းပသင့်သည်။ ဦးဆုံး၊ သူတို့၏ကိုယ်ပိုင်ကျမ်းစာအုပ်တွင် သတ်သတ်မှတ်မှတ် ကျမ်းချက်များရှာတွေ့နိုင်ပုံကို သင်သားအား ပြပေးခြင်းသည် အကူအညီဖြစ်စေနိုင်၏။ သို့သော် ထိုသို့သောသူများအား ဝိညာဉ်ရေးတွင်တိုးတက်လာရန် ကူညီပေးဖို့ ကျမ်းချက်များကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်သနည်း။
၂။ မည်သည့်ကျမ်းချက်များအား ဖတ်ရှုဆွေးနွေးမည်ကို ကျွန်ုပ်တို့ မည်သို့ဆုံးဖြတ်မည်နည်း။
၂ ဖတ်ရမည့်ကျမ်းချက်များကိုရွေးပါ– သင် ပြင်ဆင်သည့်အခါ သင်ခန်းစာတွင် ညွှန်းထားသည့် ကျမ်းချက်တစ်ခုစီသည် သုံးသပ်နေသောအချက်နှင့် မည်သို့သက်ဆိုင်ကြောင်း စိစစ်ကာ သင်အံမှုပြုစဉ် မည်သည့်ကျမ်းချက်ကို ဖွင့်ဖတ်၍ ဆွေးနွေးမည်ကို ဆုံးဖြတ်ပါ။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ချက်များအတွက် ကျမ်းစာအခြေခံအကြောင်းရင်းကို ဖော်ပြသည့် ကျမ်းချက်များကို ဖတ်ရှုသင့်သည်။ နောက်ခံအချက်အလက်များကို ဖော်ပြသည့် ကျမ်းချက်များကို ဖတ်ဖို့လိုမည်မဟုတ်ပေ။ သင်သားတစ်ဦးစီ၏ လိုအပ်ရာနှင့် အခြေအနေများကို ထည့်တွက်သင့်သည်။
၃။ မေးခွန်းများအသုံးပြုခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
၃ မေးခွန်းများကိုအသုံးပြုပါ– သင်သားအား ကျမ်းချက်များကို ရှင်းပြပေးမည့်အစား သူ့အား ရှင်းပြခိုင်းပါ။ သင်သည် မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့် ထိုသို့ပြုရန် သူ့အား လှုံ့ဆော်ပေးနိုင်သည်။ ကျမ်းချက်တစ်ချက်၏ သက်ဆိုင်ပုံသည် ရှင်းနေလျှင် အပိုဒ်တွင်ဖော်ပြထားသည့်အရာကို ကျမ်းချက်က မည်သို့ထောက်ခံကြောင်း မေးနိုင်သည်။ အချို့ကိစ္စများတွင် သင်သားအား မှန်ကန်စွာကောက်ချက်ချစေရန် လမ်းညွှန်ပေးဖို့ နောက်ထပ် သတ်သတ်မှတ်မှတ် မေးခွန်းတစ်ခု သို့မဟုတ် နောက်ဆက်တွဲမေးခွန်းများမေးဖို့လိုအပ်ပေမည်။ ထပ်ဆင့်ရှင်းပြဖို့ လိုအပ်လျှင် သင်သားဖြေပြီးနောက် ယင်းတို့ကို ရှင်းပြနိုင်သည်။
၄။ ကျွန်ုပ်တို့ဖတ်သည့် ကျမ်းချက်များကို မည်မျှအထိ ရှင်းပြဖို့လိုသနည်း။
၄ ရိုးရိုးကလေးပြောပါ– ကျွမ်းကျင်သောလေးသမားတစ်ဦးသည် ပစ်မှတ်ကိုထိမှန်ရန် မြားတစ်စင်းသာ လိုအပ်လေ့ရှိ၏။ အလားတူစွာ၊ ကျွမ်းကျင်သောသွန်သင်သူတစ်ဦးသည် အချက်တစ်ချက်ကို ပေါ်လွင်စေရန် စကားလုံးများစွာမလိုပေ။ သူသည် အချက်အလက်များကို ရိုးရိုး၊ ရှင်းရှင်းနှင့် တိကျမှန်ကန်စွာ ပြောပြနိုင်ပါသည်။ တစ်ခါတစ်ရံ သင်သည် ကျမ်းချက်တစ်ချက်ကို နားလည်ထားပြီး မှန်ကန်စွာရှင်းပြနိုင်ရန် ခရစ်ယာန်စာပေများတွင် သုတေသနပြုဖို့ လိုပေမည်။ (၂ တိ. ၂:၁၅) သို့သော် သင်အံမှုတွင် ကျမ်းချက်တစ်ချက်စီ၏ ရှုထောင့်တိုင်းကို ရှင်းပြဖို့ မကြိုးစားပါနှင့်။ သုံးသပ်နေသောအချက်ကို ပေါ်လွင်စေရန် လိုအပ်သည့်အချက်ကိုသာ ရှင်းပြပါ။
၅၊ ၆။ အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လက်တွေ့ကျင့်သုံးရန် သင်သားများအား မည်သို့ကူညီနိုင်သနည်း၊ သို့သော် အဘယ်အရာကို ကျွန်ုပ်တို့ရှောင်သင့်သနည်း။
၅ လက်တွေ့ကျသက်ဆိုင်ပုံကို ပြောပြပါ– သင့်လျော်သည့်အခါ ကျမ်းချက်သည် သူကိုယ်တိုင်နှင့် မည်သို့သက်ဆိုင်ကြောင်းသိရှိရန် သင်သားအား ကူညီပေးပါ။ ဥပမာ၊ သင်သည် ခရစ်ယာန်အစည်းအဝေးများကို မတက်ရောက်သေးသည့် သင်သားတစ်ဦးနှင့် ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုသုံးသပ်သည့်အခါ အစည်းအဝေးများထဲမှ တစ်ခုအကြောင်းကို ဆွေးနွေးကာ ယင်းကိုတက်ရောက်ရန် သူ့အား ဖိတ်ခေါ်နိုင်သည်။ သို့သော် သူ့ကို အတင်းအဓမ္မ မဖိတ်ခေါ်ပါနှင့်။ ယေဟောဝါ၏နှစ်သက်မှုရရှိရန် လိုအပ်ရာများလုပ်ဆောင်ဖို့ သူ့အား လှုံ့ဆော်ပေးရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခွင့်ပေးပါ။—ဟေဗြဲ ၄:၁၂။
၆ တပည့်ဖြစ်စေခြင်းတာဝန်ကို ထမ်းဆောင်စဉ် ကျမ်းချက်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် “ယုံကြည်ခြင်းဖြင့် နာခံမှုကိုမြှင့်တင်” နိုင်ကြပါစေ။—ရော. ၁၆:၂၆၊ ကဘ။