မဆုတ်မနစ်ဟောပြောလော့
၁ ယခုကာလသည် ခဲယဉ်းသောကာလဖြစ်၏။ ပြည်တွင်းပဋိပက္ခ၊ လူမျိုးရေးစစ်ပွဲ၊ သဘာဝဘေးဒဏ်များနှင့် အခြားသောထိတ်လန့်ဖွယ်ဖြစ်ရပ်များသည် အဆန်းမဟုတ်တော့ချေ။ ယခု လူ့မိသားစုသည် သတင်းကောင်းကို ခါတိုင်းထက်ပို၍လိုအပ်နေသည်။ သို့သော် ဝိညာဉ်ရေးရာများကို စိတ်မဝင်စားမှုသည် ပျံ့နှံ့နေ၏။ ဒေသအချို့တွင် အိမ်၌ လူတို့ကိုတွေ့ရဖို့ ခက်ခဲရုံသာမက ကျွန်ုပ်တို့၏သတင်းစကားကို နားထောင်မည့်သူ သို့မဟုတ် ကျမ်းစာလေ့လာလိုသူများကိုတွေ့ရဖို့ ပို၍ပင်ခက်ခဲပေမည်။ သို့သော်လည်း ဘုရားသခင်၏ တည်ထောင်ပြီးသောနိုင်ငံတော်သတင်းကောင်းကို မဆုတ်မနစ်ဟောပြောရန် အရေးကြီးသည်။—မ. ၂၄:၁၄။
၂ လူတို့ကိုချစ်ပါ– ကျွန်ုပ်တို့၏ဟောပြောခြင်းက လူတို့ကိုချစ်သည့် ယေဟောဝါ၏မေတ္တာတော်ကို ထင်ရှားစေ၏။ ကိုယ်တော်သည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ (၂ ပေ. ၃:၉; ယေဇ. ၃၃:၁၁) ထို့ကြောင့် ကိုယ်တော်သည် “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်” ဟု ယေရှုမိန့်မှာခဲ့သည့်အတိုင်း အမိန့်ချမှတ်ခဲ့သည်။ (မာ. ၁၃:၁၀) ဘုရားသခင်ထံပြန်လှည့်လာကာ စာတန့်လောကအပေါ် ကျရောက်တော့မည့်တရားစီရင်ခြင်းမှ တိမ်းရှောင်ရန် လူတို့ကို ကိုယ်တော် မေတ္တာရပ်ခံတော်မူ၏။ (ယောလ ၂:၂၈၊ ၂၉၊ ၃၂; ဇေ. ၂:၂၊ ၃) ယေဟောဝါသည် ကျွန်ုပ်တို့အား ထိုအခွင့်အရေးကမ်းလှမ်းထားသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးမတင်ကြပေလော။—၁ တိ. ၁:၁၂၊ ၁၃။
၃ ကမ္ဘာတစ်ဝန်းမှတ်တမ်းက ၂၀၀၄ လုပ်ငန်းတော်နှစ်အတွင်း လစဉ်ပျမ်းမျှကျမ်းစာသင်အံမှု ၆,၀၈၅,၃၈၇ ခုကျင်းပပြီး ပတ်စဉ် ပျမ်းမျှ တပည့်သစ် ၅,၀၀၀ ခန့် နှစ်ခြင်းခံခဲ့ကြောင်း ဖော်ပြသည်! ဤဆက်ကပ်အပ်နှံထားသောလူသစ်များထဲမှအချို့သည် မိမိတို့၏ခန့်အပ်ခံရပ်ကွက်များရှိ လူတိုင်းကိုဟောပြောရန် လုံ့လစိုက်ထုတ်ခဲ့ကြသည့် ကြေညာသူများ၏ မဆုတ်မနစ်ကြိုးပမ်းမှုများအပေါ် ယေဟောဝါကောင်းချီးပေးသည့်ရလဒ်တစ်ခုဖြစ်၏။ ယင်းက အသင်းတော်များတွင် အလွန်ပျော်ရွှင်မှုဖြစ်စေပြီး အသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် ဘုရားသခင်နှင့်အတူ လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်ရခြင်းသည် တကယ့်အခွင့်ထူးဖြစ်၏!—၁ ကော. ၃:၅၊ ၆၊ ၉။
၄ ဘုရားသခင်၏နာမတော်ကိုချီးမွမ်းခြင်း– ကျွန်ုပ်တို့သည် ယေဟောဝါအား လူအများရှေ့ချီးမွမ်းရန်နှင့် ကိုယ်တော်၏နာမတော်ကို လူသားအားလုံးရှေ့တွင် သန့်ရှင်းမြင့်မြတ်စေရန် မဆုတ်မနစ်ဟောပြောကြသည်။ (ဟေဗြဲ ၁၃:၁၅) စာတန်က ဘုရားသခင်သည် လူ့ပြဿနာများကိုဖြေရှင်းပေးရန် တန်ခိုးမရှိကြောင်း၊ ကိုယ်တော်သည် လူသားတို့၏ဆင်းရဲဒုက္ခကို စိတ်မဝင်စားကြောင်း သို့မဟုတ် ဘုရားဟူသည် ရှိပင်မရှိကြောင်း ယုံကြည်လာစေရန် “လူနေထိုင်ရာမြေတစ်ပြင်လုံး” တွင် လှည့်ဖြားခဲ့ပြီ။ (ဗျာ. ၁၂:၉၊ ကဘ) ကျွန်ုပ်တို့သည် ဟောပြောခြင်းအားဖြင့် ဘုန်းအသရေကြီးမားသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့်စပ်လျဉ်းသည့် အမှန်တရားကို ခုခံကာကွယ်ကြသည်။ ကိုယ်တော်၏နာမတော်ကို—ယခုနှင့် ထာဝစဉ်—ဆက်လက်ချီးမွမ်းနိုင်ကြပါစေ။—ဆာ. ၁၄၅:၁၊ ၂။