အပိုင်း ၈–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
သင်သားများအား အဖွဲ့အစည်းသို့ ညွှန်ပြခြင်း
၁။ ပတ်စဉ်ကျမ်းစာသင်အံမှုကျင်းပတိုင်း ယေဟောဝါ၏အဖွဲ့အစည်းနှင့်စပ်လျဉ်းသည့် အချက်တစ်ချက်ကို ဝေမျှခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၁ ကျမ်းစာသင်အံမှုများကျင်းပရာတွင် ကျွန်ုပ်တို့၏ပန်းတိုင်မှာ အယူဝါဒပိုင်းဆိုင်ရာအချက်အလက်များကို သွန်သင်ပေးရန်သာမဟုတ်ဘဲ ခရစ်ယာန်အသင်းတော်သားတစ်ဦးဖြစ်လာရန် သင်သားများအား ကူညီပေးဖို့ဖြစ်၏။ (ဇာ. ၈:၂၃) ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသောဘရိုရှာက ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။ ကျမ်းစာသင်သားအသစ်များအား တစ်စောင်စီပေးထားပြီး ယင်းကို ဖတ်ရှုရန် အားပေးပါ။ ထို့ပြင် သင်အံမှုကျင်းပတိုင်း အချိန်အနည်းငယ်ယူပြီး ယေဟောဝါ၏အဖွဲ့အစည်းနှင့်စပ်လျဉ်းသည့် အချက်တစ်ချက်ကို ဝေမျှပါ။
၂။ အသင်းတော်အစည်းအဝေးများတက်ရောက်ရန် ကျမ်းစာသင်သားများကို သင် မည်သို့အားပေးနိုင်သနည်း။
၂ အသင်းတော်အစည်းအဝေးများ– ကျမ်းစာသင်သားများအား ဘုရားသခင်၏အဖွဲ့အစည်းကို ကျေးဇူးတင်လေးမြတ်လာစေသည့် အဓိကနည်းမှာ အသင်းတော်အစည်းအဝေးများတွင် ကျွန်ုပ်တို့နှင့်ပေါင်းသင်းခြင်းအားဖြင့်ဖြစ်၏။ (၁ ကော. ၁၄:၂၄၊ ၂၅) ထို့ကြောင့် သင်သည် သူတို့အား ပတ်စဉ်အစည်းအဝေးငါးခုကို တစ်ကြိမ်လျှင် တစ်ခုအကြောင်းပြောပြခြင်းဖြင့် ၎င်းတို့နှင့် စတင်အကျွမ်းဝင်လာစေနိုင်သည်။ နောက်အပတ် လူထုဟောပြောချက်ခေါင်းစဉ်ကို ပြောပြပါ။ ကင်းမျှော်စင် သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် သုံးသပ်မည့်အကြောင်းအရာကို သူတို့အား ပြောပြပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးအကြောင်းကို ပြောပြပါ။ ကျောင်းတွင် သင် တာဝန်တစ်ခုရသည့်အခါ သူတို့နှင့် ယင်းကို အစမ်းလေ့ကျင့်နိုင်သည်။ အစည်းအဝေးများတွင်တင်ဆက်ခဲ့သည့် ပေါ်လွင်သောအချက်များကို ဝေမျှပါ။ ဖြစ်ပျက်ရာများကို မြင်ယောင်နိုင်စေရန် ကျွန်ုပ်တို့၏စာပေများမှရုပ်ပုံများကို အသုံးပြုပါ။ ဦးဆုံးအကြိမ်သင်အံမှုမှစ၍ ထိုသို့ပြုလုပ်ပါ။
၃။ အဖွဲ့အစည်း၏ အဘယ်အင်္ဂါရပ်များကို ကျွန်ုပ်တို့ဆွေးနွေးနိုင်သနည်း။
၃ အောက်မေ့ရာပွဲ၊ စည်းဝေးပွဲများနှင့် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်နီးလာသောအခါ အချိန်အနည်းငယ်ယူ၍ ထိုအစီအစဉ်များကို ရှင်းပြကာ စိတ်အားထက်သန်မှုကို တိုးပွားစေပါ။ ဤကဲ့သို့သောမေးခွန်းများကို အဆင့်ဆင့်ဖြေဆိုပေးပါ– ကျွန်ုပ်တို့ကို ယေဟောဝါသက်သေများဟု အဘယ်ကြောင့်ခေါ်ကြသနည်း၊ ကျွန်ုပ်တို့၏စည်းဝေးကျင်းပရာနေရာများကို နိုင်ငံတော်ခန်းမဟု အဘယ်ကြောင့်ခေါ်သနည်း။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ၏ တာဝန်များကား အဘယ်နည်း။ ဟောပြောခြင်းလုပ်ငန်းနှင့် ရပ်ကွက်တို့ကို မည်သို့စီစဉ်ဖွဲ့စည်းသနည်း။ ကျွန်ုပ်တို့၏စာပေများကို မည်သို့ပုံနှိပ်ထုတ်ဝေသနည်း။ အဖွဲ့အစည်းကို မည်သို့ ငွေကြေးထောက်ပံ့သနည်း။ လုပ်ငန်းကိုကြီးကြပ်ရာတွင် ဌာနခွဲရုံးနှင့် အုပ်ချုပ်ရေးအဖွဲ့တို့၏ အခန်းကဏ္ဍများကား အဘယ်နည်း။
၄၊ ၅။ ကျွန်ုပ်တို့၏ဗီဒီယိုခွေများက အဖွဲ့အစည်းအပေါ် သဘောပေါက်လေးမြတ်မှုကို မည်သို့တိုးပွားစေနိုင်သနည်း။
၄ ပညာပေးဗီဒီယိုခွေများ– ယေဟောဝါ၏အလွန်ကောင်းသောအဖွဲ့အစည်းကို ကျမ်းစာသင်သားများသိမြင်နိုင်သည့် နောက်တစ်နည်းမှာ ကျွန်ုပ်တို့၏ဗီဒီယိုခွေများအားဖြင့်ဖြစ်၏။ ယင်းတို့က သူတို့အား မြေကြီးစွန်းတိုင်အောင် ပို့ဆောင်ပေးနိုင်ပြီး ကျွန်ုပ်တို့၏ညီအစ်ကို အသင်းအပင်းတစ်ရပ်လုံး နှင့် အကျွမ်းတဝင်ရှိစေနိုင်ကာ ကျွန်ုပ်တို့အား မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် စည်းလုံးမှု ရှိနေစေပုံတို့ကို ဖော်ပြပေးနိုင်သည်။ ငါးနှစ်တိုင်တိုင် ကျွန်ုပ်တို့၏မဂ္ဂဇင်းများနှင့် အခြားစာပေများကို လက်ခံယူခဲ့သောအမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများ—အမည်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကိုကြည့်ပြီး မျက်ရည်ကျခဲ့သည်။ သူသည် မိမိထံလည်ပတ်သည့် သက်သေခံများကို ယုံကြည်စိတ်ချမှုရှိခဲ့သော်လည်း ဗီဒီယိုခွေကိုကြည့်ပြီးနောက်တွင်မူ အဖွဲ့အစည်းကိုလည်း ယုံကြည်စိတ်ချနိုင်သည်ဟု ခံစားခဲ့ရသည်။ သူနှင့် စနစ်တကျသင်အံမှုစတင်လိုက်ရာ နောက်အပတ်တွင် နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများကို တက်ရောက်လေ၏။
၅ ကျွန်ုပ်တို့၏သင်သားများနှင့် ပတ်စဉ် အချိန်အနည်းငယ်ယူပြီး ပြင်ဆင်ပေးထားသောကိရိယာများကို အသုံးပြုခြင်းဖြင့် ကျမ်းစာသင်သားများအား ယနေ့ ယေဟောဝါအသုံးပြုနေသည့်အဖွဲ့အစည်းသို့ အဆင့်ဆင့်ညွှန်ပြပေးနိုင်ပါသည်။