အပိုင်း ၉–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
အလွတ်သဘောသက်သေခံရန် သင်သားများအား ပြင်ဆင်ပေးခြင်း
၁ ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်း အန္ဒြေနှင့် ဖိလိပ္ပုတို့ သဘောပေါက်သည့်အခါ စိတ်လှုပ်ရှားဖွယ်သတင်းကို အခြားသူများအား မပြောဘဲမနေနိုင်ခဲ့ချေ။ (ယော. ၁:၄၀-၄၅) အလားတူ ယနေ့လည်း ကျမ်းစာသင်သားများသည် သူတို့လေ့လာနေသောအရာကို ယုံကြည်ကြောင်း တင်ပြလာသည့်အခါ ၎င်းကိုပြောဆိုဖို့ လှုံ့ဆော်ခံရကြသည်။ (၂ ကော. ၄:၁၃) အလွတ်သဘောသက်သေခံရန် သူတို့ကို ကျွန်ုပ်တို့ မည်သို့အားပေးနိုင်ပြီး ယင်းကို ထိရောက်စွာလုပ်ဆောင်ရန် မည်သို့ပြင်ဆင်ပေးနိုင်သနည်း။
၂ ကျမ်းစာမှ သူလေ့လာခဲ့သည့်အရာကို အခြားသူများအား ပြောပြခဲ့ခြင်းရှိ၊ မရှိ သင်သားအား မေးနိုင်သည်။ သင်အံမှုတွင် အတူပါဝင်ရန် သူဖိတ်ခေါ်နိုင်သည့် မိတ်ဆွေများ၊ မိသားစုဝင်များရှိနိုင်သည်။ သူ၏အလုပ်ဖော်၊ ကျောင်းနေဖက် သို့မဟုတ် အခြားအသိအကျွမ်းများထဲမှ တစ်ဦးဦးသည် စိတ်ဝင်စားမှုပြခြင်းရှိ၊ မရှိမေးပါ။ ဤနည်းဖြင့် သူသည် စတင်သက်သေခံနိုင်သည်။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်းကို အခြားသူများအား ပြောဆိုသည့်အခါ ပိုင်းခြားသိမြင်မှုရှိဖို့နှင့် လေးစားမှု၊ ကြင်နာမှုရှိဖို့လိုကြောင်း သဘောပေါက်ရန် သူ့အား ကူညီပေးပါ။—ကော. ၄:၆; ၂ တိ. ၂:၂၄၊ ၂၅။
၃ သူတို့၏ယုံကြည်ချက်များကို ဝေမျှခြင်း– သူတို့၏ယုံကြည်ချက်များကို ဝေမျှသည့်အခါ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုရန် ကျမ်းစာသင်သားများအား လေ့ကျင့်ပေးဖို့ အလွန်အရေးကြီးသည်။ လေ့လာနေချိန်အတွင်း ရွေးချယ်ထားသောအချက်များတွင် သင်သားအား ဤသို့မေးပါ– “သင့်မိသားစုအား ဤအမှန်တရားကိုရှင်းပြရန် ကျမ်းစာကို သင် မည်သို့အသုံးပြုမည်နည်း” သို့မဟုတ် “မိတ်ဆွေတစ်ဦးအား ဤအချက်ကို သက်သေထူရန် မည်သည့်ကျမ်းချက်ကို သင် အသုံးပြုမည်နည်း။” သူ၏တုံ့ပြန်ပုံကို မှတ်ထားပြီး သူ၏သွန်သင်ချက်ကို ကျမ်းစာအပေါ် မည်သို့အခြေပြုနိုင်ကြောင်း သူ့အား ပြပေးပါ။ (၂ တိ. ၂:၁၅) ထိုသို့ပြုခြင်းဖြင့် သင်သည် အလွတ်သဘောဖြင့်သာမက အရည်အချင်းပြည့်မီသည့်အခါ အသင်းတော်နှင့်အတူ စည်းစနစ်တကျဟောပြောခြင်းလုပ်ငန်းတွင်ပါ သက်သေခံရန် သင်သားအား ပြင်ဆင်ပေးရာရောက်မည်။
၄ အတိုက်အခံကိုရင်ဆိုင်ရန် ကျမ်းစာသင်သားများအား ပြင်ဆင်ပေးခြင်းသည် ပညာရှိရာရောက်၏။ (မ. ၁၀:၃၆; လု. ၈:၁၃; ၂ တိ. ၃:၁၂) အခြားသူများက မေးခွန်းများမေးသည့်အခါ သို့မဟုတ် ယေဟောဝါသက်သေများအကြောင်း ပြောဆိုလာသည့်အခါ ယင်းက သက်သေခံရန် သင်သားအတွက် လမ်းပွင့်စေနိုင်သည်။ ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသောဘရိုရှာက ‘ပြန်ပြောခြင်းငှာ၊ အသင့်ရှိနေ’ ရန် သူတို့ကို ပြင်ဆင်ပေးနိုင်သည်။ (၁ ပေ. ၃:၁၅) ၎င်းတွင် စိတ်ရင်းကောင်းသောမိတ်ဆွေများနှင့် မိသားစုဝင်များအား ကျွန်ုပ်တို့၏ကျမ်းစာအခြေပြု ယုံကြည်ချက်များနှင့် လုပ်ဆောင်မှုများကို နားလည်လာရန် ကူညီပေးဖို့ လူသစ်များအသုံးပြုနိုင်သည့် တိကျမှန်ကန်သောအချက်အလက်များပါဝင်သည်။